စစ်ကောင်စီတပ်ရင်းတစ်ရင်းလုံး MNDAA ထံ လက်နက်ချအဖမ်းခံ

မန်လော်မြို့မှာအခြေစိုက်တဲ့ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ - ၁၂၉ တပ်ရင်းတစ်ရင်းလုံးဟာ ကိုးကန့်တပ်မတော် MNDAA ထံ လက်နက်ချအဖမ်းခံခဲ့ပါတယ်။

စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ - ၁၂၉ တပ်ရင်းတစ်ရင်းလုံးနှင့် မိသားစုဝင်များ ကိုးကန့်တပ်မတော်ထံ လက်နက်ချအဖမ်းခံခဲ့တာကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။ Three Brotherhood Alliance

Updated: 11:50 PM (Nov 14, 2023)

ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်အထူးဒေသ ရှီးရှမ်းခရိုင်၊ မန်လော်မြို့မှာအခြေစိုက်တဲ့ စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ-၁၂၉) တပ်ရင်းတစ်ရင်းလုံးဟာ ကိုးကန့်တပ်မတော် (MNDAA) ထံ လက်နက်ချအဖမ်းခံခဲ့တယ်လို့ MNDAA ပြောခွင့်ရှိသူက RFA ကို ဒီနေ့ အတည်ပြုပြောပါတယ်။

ခမရ (၁၂၉) ရဲ့တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင်အပါအဝင် တပ်ဖွဲ့ဝင် ၁၂၇ ယောက်၊ တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင် ၁၃၄ ယောက်စုစုပေါင်း ၂၆၁ ယောက်ဟာ နိုဝင်ဘာလ ၁၂ ရက်နေ့က MNDAA ကို ဆက်သွယ်ပြီး လက်နက်ချအလင်းဝင်လာတာလို့ MNDAA ပြောခွင့်ရှိသူ လီကျားဝင်းက ပြောပါတယ်။

"အလင်းဝင်လာတဲ့သူတွေကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ စောင့်ရှောက်ထားပါတယ်။ ဒဏ်ရာရတဲ့သူတွေကိုလည်း ဆေးကုသပေးထားပါတယ်။ အလင်းဝင်လာသူတွေကို သူတို့ဆန္ဒအလျှောက် သွားလိုတဲ့နေရာတွေကိုရောက်အောင် ကျွန်တော်တို့ အန္တရာယ်ကင်းကင်းနဲ့ ပို့ပေးခဲ့ပါတယ်"

အလင်းဝင်လာတဲ့ တပ်သားတစ်ယောက်ကို ဆယ်သိန်း၊ မိသားစုဝင်တစ်ယောက်ကို တစ်သိန်းနှုန်း ထောက်ပံ့ငွေ ချီးမြှင့်ခဲ့တယ်လို့လည်း ပြောပါတယ်။

ခမရ (၁၂၉) တပ်ရင်းတစ်ရင်းလုံး လက်နက်ချသွားတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကိုမေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

အလင်းဝင်လာတဲ့ တပ်သားတွေ၊ မိသားစုဝင်တွေကိုလည်း RFA က ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။

ခမရ (၁၂၉) တပ်ရင်းဟာ လောက်ကိုင်မှာအခြေစိုက်တဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) လက်အောက်ခံအဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

ဒီလိုတပ်ရင်းတစ်ခုလုံး လက်နက်ချလာတာဟာ စစ်ကောင်စီတပ်ပြိုကွဲနေတာကို ပြနေတယ်လို့ စစ်ရေးနိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

"လောက်ကိုင်ကို ဘယ်ကမှ စစ်ရေးအကူအညီမရဘူး။ လေကြောင်းလည်းမရဘူး၊ ကြည်းကြောင်းလည်း မရဘူး။ သူတို့တွေမှာလည်း မိသားစုတွေနဲ့အတူနေကြတော့ လူနှစ်ရာကျော်အသက်ကိုပေးဖို့ဆိုတာ ထိုက်တန်တယ်လို့ သူတို့မစဉ်းစားတော့ဘူး။ ကူရာမဲ့ကယ်ရာမဲ့ ဖြစ်နေချိန်မှာ နောက်ဆုံးရွေးတဲ့လမ်းပဲ၊ စစ်ကောင်စီတပ်တွေရဲ့ ပြိုကွဲမှုအစပဲ၊ နောင် ငွေရောင်ပိတ်ကားပေါ်မှာ မြင်ရဦးမှာပဲ"

စစ်တပ်ကနေ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်လာတဲ့ ဗိုလ်ကြီးလင်းထက်အောင်ကတော့ စစ်ကောင်စီစစ်သားတွေဟာ သူတို့ခေါင်းဆောင်ကို အသက်ပေးကာကွယ်ဖို့ ထိုက်တန်သေးလားဆိုတာ စဉ်းစားလာနေကြပြီလို့ ပြောပါတယ်။

စစ်တပ်မှာ ဒီလိုတပ်ရင်းမှူးများစွာရှိသင့်တယ်။ စစ်တပ်က စစ်သားတွေအတွက် တာဝန်ယူမှုတာဝန်ခံမှု စစ်ခေါင်းဆောင်တွေခေါင်းထဲမှာ မရှိဘူး။

"တပ်ရင်းတစ်ရင်းလုံး မိသားစုတစ်တွေပါခေါပြီး ပူးပေါင်းတဲ့လုပ်ရပ်ကမှန်တယ်လို့ ကျွန်တော်ထင်တယ်။ စစ်တပ်မှာ ဒီလိုတပ်ရင်းမှူးများစွာရှိသင့်တယ်။ အခုတိုက်ပွဲတွေမှာ စစ်တပ်က ဘယ်လောက်အလဲအကွဲ ရှုံးနိမ့်နေလဲ၊ ရှုံးနိမ့်နေတဲ့ စစ်သားတွေ၊ ဖမ်းဆီးခံရတဲ့ စစ်သားတွေအတွက် စစ်တပ်က အားပေးစကားတောင်ပြောရဲ့လား၊ ထုတ်ပြန်ချက်လေးတစ်ခုတောင် ထုတ်လားဆိုတာမျိုးရှိတယ်။ စစ်တပ်က စစ်သားတွေအတွက် တာဝန်ယူမှုတာဝန်ခံမှု စစ်ခေါင်းဆောင်တွေခေါင်းထဲမှာ မရှိဘူး။ ဒီလိုခေါင်းဆောင်တွေကို အသက်ပေးကာကွယ်ရတာ တန်လား မတန်ဘူးလားဆိုတာမျိုး စစ်တပ်ထဲမှာ ပိုမြင်လာမယ်လို့ ထင်တယ်"

ရှမ်းပြည်မြောက်ပိုင်းကစတဲ့ ၁ဝ ၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများနေပြီး တိုင်းရင်းသားမဟာမိတ်လက်နက်ကိုင်တွေဘက်က မြို့တွေသိမ်းနိုင်တဲ့အထိ အောင်မြင်နေတယ်လို့ ပြည်တွင်း၊ ပြည်ပသတင်းတွေက ဖော်ပြပါတယ်။

ကိုးကန့်တပ်မတော် (MNDAA) ထံ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ - ၁၂၉ တပ်ရင်းတစ်ရင်းလုံးနှင့် မိသားစုဝင်များ လက်နက်ချအဖမ်းခံခဲ့သည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။(Photo : The Kokang)

အဲဒီရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းက တပ်ဖွဲ့ဝင်တွေဟာ စစ်ဆက်မတိုက်တော့ဘဲ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေထံ လက်နက်ချအလင်းဝင်တာတွေလည်း များလာနေပေမဲ့ အရေအတွက် တိတိကျကျကိုတော့ မပြောနိုင်သေးဘူးလို့ MNDAA က ပြောပါတယ်။

ဒါတင်မက ချင်းပြည်နယ်က တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်သားတွေ အရေးနိမ့်ပြီး စစ်ကောင်စီတပ်သား အယောက်လေးဆယ်ကျော် တစ်ဖက်အိန္ဒိယနိုင်ငံထဲ ထွက်ပြေးခဲ့ကြပါတယ်။

မွန်ပြည်နယ် ကျိုက်မရောဘက်မှာလည်း PDF နဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မ ၂၂ တပ်ရင်းတစ်ခုလုံး အသိမ်းခံရပြီး မသေဆုံးဘဲကျန်တဲ့ အရာရှိတစ်ဦးအပါအဝင် တပ်သား ၂၃ ဦး လက်နက်ချအဖမ်းခံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ ဦးမောင်မောင်ဆွေက ရှေ့ဆက်တပ်ရင်းလိုက် အလင်းဝင်လာတာတွေရှိဦးမယ်လို့ ပြောပါတယ်။

"အကြမ်းဖက်စစ်တပ်ရဲ့ လက်အောက်ခံ ခါးပိုက်ဆောင်တပ်တွေအနေနဲ့ အခြေအနေအမှန်ကို သိနေပြီ၊ စိတ်ဓာတ်ရေးရာမှာရော တိုက်လိုခိုက်လိုစိတ် လုံးဝမရှိတော့ဘူး။ သူတို့ခေါင်းဆောင်အပေါ်မှာလည်း ယုံကြည်မှုလုံးဝမရှိတော့ဘူး။ စစ်ပွဲရှုံးတော့မယ်ဆိုတာကို သူတို့ကိုယ်တိုင်ခံစားနေရတယ်။ အဲဒါကြောင့် အခုလို တပ်ရင်းလိုက်ကြီး အလင်းဝင်တာတွေရှိလာတယ်။ နောက်လည်းရှေ့ဆက်ထပ်ဝင်လာမှာတွေရှိသေးတယ်။ ကျွန်တော်တို့နဲ့လည်း ချိတ်ဆက်လုပ်ကိုင်နေတယ်ဆိုတာ ပြောချင်ပါတယ်"

လက်ရှိ NUG အစိုးရရယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရယ်ဆီ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားအရေအတွက်ဟာ တစ်နေ့တစ်ခြားတိုးလာနေတာကြောင့် စာရင်းအတိအကျ မကောက်နိုင်တော့ဘူးလို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီး ပြောခွင့်ရှိသူက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org