မြန်မာစစ်တပ်ကို ဆားဘီယား လက်နက်တွေ တင်ပို့
ပဋိပက္ခဇုန်နယ်မြေတွေမှာ ဥရောပ အရှေ့တောင်ဘက်ပိုင်းက ကုန်းတွင်းပိတ်နိုင်ငံ ဆားဘီးယားကထုတ်လုပ်တဲ့ လက်နက်တွေ မကြာခင်နှစ်ပိုင်းတွေမှာတွေ့ရပြီး မြန်မာနိုင်ငံကိုလည်း စစ်အာဏာမသိမ်းခင်ကနဲ့ သိမ်းပြီး ရက်ပိုင်းအတွင်း ဒုံးကျည်တွေ တင်ပို့ပါတယ်။
- 2022-03-19
-
-
-
ပဋိပက္ခဇုန်နယ်မြေတွေမှာ ဥရောပ အရှေ့တောင်ဘက်ပိုင်းက ကုန်းတွင်းပိတ်နိုင်ငံ ဆားဘီးယားက ထုတ်လုပ်တဲ့ လက်နက်တွေ မကြာခင်နှစ်ပိုင်းတွေမှာတွေ့ရပြီး မြန်မာနိုင်ငံကိုလည်း စစ်အာဏာမသိမ်းခင်ကနဲ့ သိမ်းပြီး ရက်ပိုင်းအတွင်း ဒုံးကျည်တွေ တင်ပို့ပါတယ်။ ဒီအကြောင်း ဥရောပ အရှေ့ပိုင်းနဲ့ တောင်ပိုင်းက သတင်းတွေတင်ပြတဲ့ BIRN- BalkanInsight သတင်းက ဖော်ပြလိုက်တာပါ။
စစ်အာဏာသိမ်းပြီး သီတင်းတစ်ပတ်အလွန် ၂၀၂၁ ဖေဖော်ဝါရီ ၉ ရက် သန်းခေါင်ယံ အလွန်မိနစ်ပိုင်းမှာ ဘဲဂရိတ် လေဆိပ်ကနေ ထွက်ခွာသွားတဲ့ ဆားဘီးယား Rada ပုဂ္ဂလိက လေကြောင်းလိုင်းပိုင် လေယာဉ်ပေါ်မှာ ဆာဘီးယားနိုင်ငံလုပ် မမ ၈၀ ဒုံးကျည်တွေ ရာနဲ့ချီတင်ဆောင်သွားတယ်လို့ ပြောပါတယ်။
အီဂျစ်မှာ လေယာဉ်တစ်ထောက်နားပြီးတဲ့နောက် မြန်မာနိုင်ငံမှာ ဆိုက်ကပ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေနဲ့ စာရွက်စာတမ်းတွေကို အခြေခံပြီး Myanmar Witness နဲ့ ပူးပေါင်းလို့ Balkan Investigative Reporting Network ဘော်ဂန် သတင်းအချက် အလက် စုံစမ်းရေးကွန်ရက်၊ BIRN- BalkanInsight သတင်းဌာန၊ ဆားဘီးယား သတင်းစူးစမ်းစုံစမ်းရေးဌာန၊ CINS and Lighthouse Report တို့ကနေ ဆားဘီးယား ဒုံးကျည်တွေ မြန်မာနိုင်ငံကို တင်ပို့တာကို ဖော်ထုတ်တာပါ။
ပဲ့ထိန်းမဲ့ မမ ၈၀ ဒုံးကျည် ၂၅၂၄ စင်းကို ၂၀၂၁ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမှာ ဆားဘီးယား ကနေ မြန်မာနိုင်ငံကို နှစ်သုတ်တင်ပို့တယ်လို့ ဆားဘီးယား ကုန်သွယ်ရေးဝန်ကြီးဌာန စာရင်းအရ သိရတယ်လို့လည်း ဆိုပါတယ်။ အမေရိကန်ဒေါ်လာ ၅. ၂ သန်းကျော်ဖိုးနဲ့ ညီမျှတဲ့ ယူရို ၄.၇၅ သန်းဖိုးရှိတဲ့ ဒုံးကျည်တွေကို ဆာဘီးယားအစိုးရပိုင် သွင်းကုန်-ထုတ်ကုန်ကုမ္ပဏီက တင်ပို့တာလို့ ပြောပါတယ်။
စစ်အာဏာမသိမ်းခင် ဇန်နဝါရီ ၂၃ ရက်မှာ ဒုံးကျည်အစင်း ၈၈၀ ပထမတစ်သုတ်တင်ပို့ပြီး ဒုတိယအသုတ်မှာ ဒုံးကျည် ၁၆၄၄ စင်း တင်ပို့ပါတယ်။
၂၀၁၅ မှာ ဆားဘီးယားနဲ့ မြန်မာကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးကြပါတယ်။ ၂၀၁၈ က ၂၀၂၁ အတွင်း ဆားဘီးယား ကနေ မြန်မာစစ်တပ်ကို ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂၃ သန်းခွဲဖိုးရှိတဲ့ လက်နက်တွေ တင်ပို့တယ်လို့ UN Comtrade database ကုလသမဂ္ဂနိုင်ငံတကာ ကုန်သွယ်ရေး စာရင်းအင်း မှတ်တမ်းက ဖော်ပြပါတယ်။
ဆားဘီးယားကနေ မြန်မာစစ်တပ်ကို ဗုံးတွေ၊ သင်္ဘောဖျက် တော်ပီဒိုတွေ ၊ ဒုံးကျည်တွေ၊ ကျည်ဖူးတွေ၊ လက်နက်ခဲယမ်းမီးကျောက် အမျိုးမျိုးနဲ့ လေယာဉ်တွေ တင်ပို့တယ်လို့ ကုန်သွယ်ရေးဝန်ကြီးဌာန စာရွက်စာတမ်းတွေအရ သိရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ နိုင်ငံတိုင်းလက်နက်ရောင်းနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်တွင်းလုပ် လက်နက်ခဲယမ်းတွေကို အများအားဖြင့် သုံးတယ်လို့ ပြောပါတယ်။
“စက်လက်နက်ပစ္စည်း ရောင်းဝယ်မှု ဆိုတာကတော့ နိုင်ငံတိုင်းက ရောင်းနေတာပဲ။ ကမ္ဘာပေါ်မှာ စက်လက်နက်ပစ္စည်း အရောင်းချဆုံးနိုင်ငံကလည်း အမေရိကန်ပဲလေ။ တရုတ်တို့၊ ရုရှားတို့ဆိုတာ နောက်မှလိုက်လာတာပဲဖြစ်ပါတယ်။ စက်လက်နက်ပစ္စည်း ရောင်းချခြင်း၊ မရောင်းချခြင်းနဲ့ ပတ်သက်ပြီးတော့ ပြောမယ်ဆိုရင် မြန်မာနိုင်ငံအတွင်းမှာ မိမိနိုင်ငံ ကာကွယ်ရေးအတွက် လုပ်ဆောင်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကိုင်ဆောင် နေတဲ့ လက်နက်တွေဟာ အများအားဖြင့်တော့ ကျွန်တော်တို့ နိုင်ငံကလုပ်တဲ့ လက်နက် ခဲယမ်းတွေပဲ ဖြစ်ပါတယ်”
ဆားဘီးယားလက်နက်တွေကို စစ်ကောင်စီက သုံးသလားဆိုတာ BIRN, Myanmar Witness, Lighthouse Report နဲ့ CINS တို့က အတည်မပြုနိုင်ပေမဲ့ ဒီနှစ်ဇန်နဝါရီတုန်းက ကယားပြည်နယ် လွိုင်ကော်မြို့တော်က အရပ်သားတွေ နေထိုင်တဲ့နေရာတွေကို လေကြောင်းကတိုက်ခိုက်ချိန်မှာ ဆားဘီးယားလုပ် ပဲ့ထိန်းမဲ့ဒုံးကျည်တွေနဲ့ တပုံစံတည်း တူတဲ့ လက်နက်တွေနဲ့ တိုက်ခိုက်တယ်လို့ BalkanInsight သတင်းက ဖော်ပြပါတယ်။
မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်သူတွေကို ဆက်စပ်ဖော်ထုတ် သုတေသနလုပ်တဲ့ Justice for Myanmar ကလည်း ဆားဘီးယားနဲ့ မြန်မာစစ်တပ်ကြား လက်နက်ပွဲစားလုပ်သူဟာ MCM - Myanmar Chemical & Machinery Co. မြန်မာဓာတုနဲ့ စက်ပစ္စည်းကုမ္ပဏီ လိမိတက်ထူထောင်တဲ့ ဦးအောင်လှိုင်ဦး ဖြစ်တယ်လို့ မနှစ်က စက်တင်ဘာ ၈ ရက်က ဖော်ပြဖူးပါတယ်။
မြန်မာလေတပ်ကို ၂၀၁၉ က တင်သွင်းတဲ့ ဆားဘီးယားနိုင်ငံထုတ် စစ်လက်နက်ပစ္စည်း အဆိုပြုလွှာစာရင်းမှာ လေယာဉ်မှာတပ်ဆင်နိုင်တဲ့ ဒုံးပစ်လောင်ချာတွေ၊ ဒုံးကျည်တွေ၊ free-fall bombs တွေ မျက်နှာပြင်ကျယ်ကို တိုက်တဲ့အခါသုံးတဲ့ အတွဲလိုက် လောင်ချာ ဗုံးတွေ ပါဝင်တယ်လို့ ပြောပါတယ်။