အခက်ခဲတွေကြားမှာ ပညာသင်နေရတဲ့ မြန်မာလူငယ်များ
စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ တင်းမာတဲ့ နိုင်ငံရေးပဋိပက္ခတွေအကြားမှာ စာသင်ကျောင်းတွေကို စစ်ကောင်စီက ပြီးခဲ့တဲ့လ မှာ ပြန်ဖွင့်ခဲ့ပါတယ်။ ဒီလိုအချိန်မှာပဲ COVID 19 ကမ္ဘာ့ကပ်ရောဂါရဲ့ ပိုပြင်းထန်တဲ့ တတိယလှိုင်းက မြန်မာပြည်သူ တရပ်လုံးကို ခြိမ်းခြောက်လာနေပါတယ်။ စာသင်ကျောင်းတွေမှာလည်း ကပ်ရောဂါ ကူးစက်မှုတွေ ရှိလာနေလို့ ပြည်သူတွေအကြား စိုးရိမ်မှုတွေ တိုးနေပါတယ်။
- 2021-07-06
-
-
-
မြန်မာနိုင်ငံမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းမတက်ရတဲ့ခုနှစ်တွေတော်တော်များများရှိခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ 2020 ခုနှစ်က ကိုဗစ်ဖြစ်ပွားမှုအန္တရာယ်ကြောင့် ကျောင်းတွေပိတ်ခဲ့ရတာကလွဲရင် ကျန်တဲ့ခုနှစ်တွေဟာ စစ်တပ်ကအာဏာသိမ်းမှုနဲ့ အာဏာရှင်စနစ် အုပ်ချုပ်မှုကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့ လူထုအုံကြွမှုတွေ၊ အရေးအခင်းတွေကြောင့် အများဆုံးဖြစ်ပါတယ်။ တနိုင်ငံလုံးက ကျောင်းတွေ ဖွင့်သည့်တိုင်အောင် ပြည်တွင်းစစ်ပွဲ မငြိမ်မသက်မှုတွေကြောင့် မကြာခဏကျောင်းပိတ်ထားရတဲ့ ဒေသတွေလည်းရှိခဲ့ပါတယ်။
တစ်နှစ်တစ်တန်း ကျောင်းတက်ပြီး အတန်းအောင်လက်မှတ်တွေရနေမှ ပညာတတ်ဖြစ်မယ်လို့ အရိုးစွဲနေကြသူတွေ မြန်မာနိုင်ငံမှာ တော်တော်များများ ရှိပါတယ်။ စစ်ကောင်စီက ကလေးတွေပညာရေးကို လက်လွတ်စပယ်လုပ်မှာ မဟုတ်ဘူးလို့ ယုံကြည်နေတဲ့ မိဘတစ်ဦးကတော့ ကျောင်းမတက်ရင် စာမတတ်မှာ စိုးရိမ်လို့ ပညာတတ်ဖြစ်စေချင်တာကြောင့် ကလေးကို ကျောင်းပို့တာလို့ ပြောပါတယ်။
"ပြီးခဲ့တဲ့နှစ်ကလည်း COVID-19 ရောဂါဖြစ်ပွားတဲ့အတွက် ကျောင်းတွေက မဖွင့်ဘူး။ မဖွင့်တဲ့အတွက် ကလေးတွေကပညာရေးတွေ နောက်ကျကုန်တယ်။ ကလေးတွေက အသက်တွေက ကြီးလာပြီးတော့ ပညာမတတ်တွေ ဖြစ်ကုန်မှာပေါ့။ အခုဆိုရင် စစ်သားတွေ စောင့်ပေးနေတယ်။ လုံခြုံရေးတွေလည်း လုပ်ပေးနေတော့ ဘာမှပူစရာတော့ မရှိပါဘူး"
စစ်ကောင်စီ လက်နက်ကိုင်တွေရဲ့ ပစ်ခတ် ဖမ်းဆီးမှုတွေက နေ့တိုင်းရှိနေပါတယ်။ မြန်မာပြည်အနှံ့ဗုံးပေါက်ကွဲမှုတွေ၊ တိုက်ပွဲတွေ ရှိနေသလို ကိုဗစ်-၁၉ တတိယလှိုင်း ပြန့်ပွားမှုကလည်း အရှိန်အဟုန် မြင့်လာနေပါတယ်။ ဒါပေမယ့် မြို့နယ်တချို့က စာသင်ကျောင်းတွေက လွဲရင် တနိုင်ငံလုံးက ကျောင်းတွေကတော့ ဖွင့်ထားနေတုန်းပါပဲ။ ဒီလုပ်ရပ်ဟာ အန္တရာယ်များလွန်းတာကြောင့် ကလေးတွေအတွက် စိတ်ပူတဲ့အကြောင်း အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဝါရင့်ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။
"အခြေအနေအရပ်ရပ်ကို သုံးသပ်ရင် အခုအချိန်မှာတော့ ကျောင်းဖွင့်တဲ့ဟာ မဖွင့်သင့်သေးဘူးလို့ ထင်တာပေါ့နော်။ ကိုဗစ်-၁၉ အခြေအနေနဲ့ နိုင်ငံရေးအခြေအနေ ကြည့်လိုက်ပြန်လည်း ကလေးတွေအပေါ်မှာ အများကြီး အန္တရာယ်ရှိနိုင်တယ်။ မူလတန်း ကလေးတွေအနေနဲ့ အိမ်ကနေ ကျောင်းကို ထွက်လာတဲ့အချိန်မှာ အန္တရာယ် အများကြီးရှိနိုင်တယ်၊ အဲ့ဒီလိုအခြေအနေမျိုးမှာ မလုပ်သင့်သေးဘူးလို့ မြင်တယ်"
ပြီးခဲ့တဲ့၂၀၂၀ ခုနှစ်က ကိုဗစ်ကူးစက်မှုကြောင့် ကျောင်းတွေပိတ်ထားရတဲ့အတွက် ကျောင်းသား ကျောင်းသူ ၁၂ သန်း ပညာသင်ကြားရေး အဟန့်အတားဖြစ်စေခဲ့သလို ကိုဗစ် မတိုင်မီကတည်းက ကလေးပေါင်း ၂ သန်းကျော် ကျောင်းဆက် မတက်နိုင်ခဲ့ဘူးလို့ Save the Children မြန်မာအဖွဲ့က ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်ပရဝုဏ်တွေမှာ စစ်တပ်နဲ့ ရဲတွေ ရှိနေတာကြောင့် သူတို့ကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ၊ ပေါက်ကွဲမှုတွေ ရှိနေတာဟာ ကလေးတွေနဲ့ ဆရာ၊ ဆရာမတွေအတွက် အန္တရာယ်ကြီးမားပြီး ပညာရေးဆိုင်ရာ အဆောက်အအုံတွေလည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကိုဗစ်ကူးမှာကြောက်ရတာ၊ မတော်တဆ လက်နက်ထိမှာ ပူရတာတွေကြောင့် ဒီပညာသင်နှစ်မှာ ကလေးကို ကျောင်းမတက်ခိုင်းတော့ဘူးလို့ ကျောင်းသားမိဘ တချို့က ပြောပါတယ်။
"စစ်ကျွန်ကပေးတဲ့ စစ်ကျွန်ပညာရေးကိုဘယ်လောက်ကောင်းကောင်း ကလေးတွေကို ပေးမသင်ချင်တာပေါ့နော် အဓိကတော့၊ ရန်ကုန်မှာက ကျောင်းတွေမှာ ဗုံးကွဲ၊ ကိုဗစ်ရောဂါတွေကဖြစ် ကလေးတွေ တစ်ခုခုဖြစ်သွားရင် ဘယ်သူက တာဝန်ယူပေးမှာလဲပေါ့နော် ကလေးတွေ တစ်ခုခုဖြစ်သွားလို့ရှိရင် ကျွန်မတို့ပဲ ထိခိုက်ရမှာလေ"လို့ ရန်ကုန်က ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
ပဲခူးက ကျောင်းသားမိဘတစ်ဦးကလည်း ...."လက်ရှိအာဏာသိမ်းသွားတဲ့ စစ်ကောင်စီ အကြမ်းဖက်အုပ်စုကို မကြိုက်နှစ်သက်တာလဲ ပါတာပေါ့နော်။ ကလေးကိုယ်တိုင်ကလည်း သူ့အသိဉာဏ်က မအေကို ဘာပြောလဲဆိုတော့ ဒီကောင်တွေနဲ့ သူကိုယ်တိုင် ကျောင်းမတက်ဘူးဆိုတဲ့ကြောင်း သူဖွင့်ပြောတယ်လေ၊ ကျောင်းမတက်ရတဲ့ ခလေးတိုင်း လမ်းဘေးရောက်တယ်ဆိုတာ မရှိပါဘူး၊ အဲ့ဒါက မိဘရဲ့သွန်သင်မှုနဲ့ပဲ သက်ဆိုင်ပါတယ်"လို့ ဆိုပါတယ်။
ကျောင်းတွေ စတက်ရတဲ့ ပြီးခဲ့တဲ့ဇွန်လအအတွင်းမှာပဲ စာသင်ကျောင်းတွေကနေ ကိုဗစ်ကူးစက်မှုတွေလည်း တော်တော်များများ ရှိခဲ့ပါတယ်။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့က အထက ၂ မှာ ဇွန်လနောက်ဆုံးပတ်က ကျောင်းသားတစ်ဦး ပိုးတွေ့ရှိတာကြောင့် ဇူလိုင်လ ၁ ရက် နေ့ကနေ ၁၂ ရက်နေ့အထိ ယာယီ ကျောင်းပိတ်ထားပါတယ်။ ဇွန်လအတွင်းမှာ လှည်းကူးမြို့မှာရှိတဲ့ မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ကျောင်းသားနဲ့ဆရာတွေ အစုလိုက်အပြုံလိုက် ကိုဗစ်ကူးစက်ခံခဲ့ရပါတယ်။ ကမာရွတ် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း TTC, မော်လမြိုင် အ.ထ.က ၉ နဲ့ လှည်းကူး အမှတ် ၃၃၇ စစ်တပ်အတွင်းက မူလတန်းကျောင်းတွေ အပါအဝင် စာသင်ကျောင်းတချို့မှာ ကျောင်းသားတွေနဲ့ ဆရာ ဆရာမတွေမှာ ပိုးတွေ့ရှိပြီး ပျံ့နှံ့ကူးစက်မှုတွေလည်း ရှိနေတယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
နှာခေါင်းစည်းတပ်ပြီး သင်ကြားကြဖို့၊ ကျောင်းမပိတ်ဖို့နဲ့ ကလေးတွေကျောင်း ဆက်တက်ဖို့ စစ်ကောင်စီက ညွှန်ကြားချက်တွေ ရှိနေတယ်လို့လည်း ကျောင်းသားမိဘတွေက ပြောပါတယ်။
" ဒီအခြေအနေနဲ့ကတော့ ခုချိန်မှာ ဗုံးပေါက်တာတွေလည်းဖြစ် ဘာတွေလည်းဖြစ်ဆိုတော့ သူတို့အပေါ်ကို ယုံကြည်ကြည် မယုံကြည်ကြည် ကိုယ့်သားသမီး ဒီနုနုနယ်နယ် ဒီကလေးလေးတွေကို သွားကို မထားသင့်ဘူးလို့ မြင်တယ်။ ဘာလို့လဲဆိုတော့ အရေးရယ် အကြောင်းရယ် တစ်ခုခုဖြစ်ရင် ဒီနုနုနယ်နယ်ကလေးလေးတွေက ဘယ်လို သူတို့ရင်ဆိုင်မလဲ။ ဒီဆရာမတွေကကော ဒီကလေးတွေကို သူတို့လုံခြုံမှု ဘယ်လောက်ပေးနိုင်မှာမို့လဲ။ အဲ့လိုလေးတော့ မေးခွန်းထုတ်ချင်တာပေါ့နော်"
ကျောင်းတက်နေတဲ့ ကလေးတွေနဲ့ ကျောင်းအပို့အကြိုလုပ်ရတဲ့ မိဘတွေအတွက် မမြင်ရတဲ့ အန္တရာယ်တွေဟာ ဘယ်အထိ ဆိုးရွားလာနိုင်မလဲဆိုတာ မခန့်မှန်းနိုင်ပါဘူး။ နိုင်ငံရေးပဋိပက္ခတွေ၊ ကပ်ရောဂါရဲ့ ခြိမ်းခြောက်မှုတွေ၊ စစ်ပွဲတွေရဲ့ ရိုက်ခတ်မှုတွေကြောင့် အေးအေးချမ်းချမ်း စာမသင်ရတဲ့အခါ ပညာရေးရဲ့အောင်မြင်မှုကလည်း အပြည့်အဝ ရှိနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဒီလိုအခက်အခဲတွေ အမျိုးမျိုးကြားမှာပဲ မြန်မာလူငယ်က သူတို့ရဲ့ ပညာရေးခရီးကို ရှေ့ဆက်နေကြပါတယ်။