လူပေါင်းထောင်ချီ ခိုင်းစားနေတဲ့ ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်း

သက်ဆိုင်ရာအာဏာပိုင်တွေက ဒီလူတွေ လွတ်မြောက်ရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်တာ မရှိဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

လူကုန်ကူးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသည့် လာအိုလူငယ်များ။ Photo provided to RFA

အာရှနဲ့အာဖရိကနိုင်ငံ တချို့ကနေ လူကုန်ကူးခံခဲ့ရသူ ထောင်ပေါင်းများစွာဟာ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် အင်တာနက်ငွေလိမ်ဂိုဏ်းရဲ့ ကာစီနိုရုံတစ်ခုမှာ ပိတ်လှောင်ခိုင်းစေခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလူတွေကို ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မိုင် ၂၀ လောက်အကွာမှာရှိတဲ့ ကျောက်ခက်ရွာက ခြံဝင်းကြီးတစ်ခုထဲမှာ အစောင့်အကြပ်တွေနဲ့ ပိတ်လှောင်ထားတယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေကို ကာစီနိုလုပ်ငန်းမှာ အလုပ်ရမယ်လို့ ကြော်ငြာတွေနဲ့လိမ်လည်ခေါ်ယူပြီး တကယ်တမ်းမှာတော့ အင်တာနက်အွန်လိုင်းပေါ်ကနေ လူတွေကို ချစ်သူရည်းစားဖြစ်အောင် ဟန်ဆောင်စည်းရုံးပြီး ငွေလိမ်တဲ့အလုပ်ကို အတင်းအကြပ် ခိုင်းစေနေတဲ့အကြောင်း RFA က ဧပြီလ အစောပိုင်းမှာ သတင်းတင်ပြခဲ့ပြီး ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတချို့ကို မိသားစုတွေက ငွေအများကြီးပေးပြီး ပြန်ရွေးနိုင်တဲ့အတွက် လွတ်လာကြပါတယ်။ လူတွေဆီက ငွေလိမ်မပေးနိုင်ရင် ညှဉ်းပန်းနှိပ်စက်ခံရတယ်လို့ ပြန်လွတ်လာသူတွေက RFA လာအိုဌာနကို ပြောပြကြပါတယ်။

အဲဒီ ထိုင်း-မြန်မာနယ်စပ်မှာ လူတစ်ထောင်ကျော် ဆက်ပြီး ချုပ်နှောင်ခံနေရဆဲပဲလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံသုံးဦးက RFA ကို ပြောပါတယ်။

“ကျွန်တော် သိသလောက်တော့ ဒီလူတွေကို အပြင်ထွက်ခွင့် မပေးဘူး။ မဖြစ်မနေ ဆေးရုံဆေးခန်းပြဖို့ လိုမှပဲ ပေးထွက်တယ်” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

“ရေသန့်ပုံးကြီးတွေ ထမ်းခိုင်းပြီး မတ်တပ်ရပ်နေရတာ၊ လှည့်ပတ်လမ်းလျှောက်ခိုင်းတာ၊ နေပူထဲမှာ မတ်တပ်ရပ်ခိုင်းပြီး နေလှန်းထားတာတွေ ရှိတယ်”

ရိုက်နှက်ခံရပြီး ခြေလက်ရောင်ကိုင်းနေသူတွေ၊ ကျဉ်စက်နဲ့ အတို့ခံထားရတဲ့ဒဏ်ရာတွေနဲ့ လူတွေကို ကရင်တိုင်းရင်းသား လက်နက်ကိုင် အစောင့်အကြပ်တွေနဲ့ ခြံဝင်းကြီးထဲကနေ ခေါ်ထုတ်သွားတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တစ်ခါတလေမှာ ရေသန့်ပုံးကြီးတွေ ထမ်းခိုင်းပြီး မတ်တပ်ရပ်နေရတာ၊ လှည့်ပတ်လမ်းလျှောက်ခိုင်းတာ၊ နေပူထဲမှာ မတ်တပ်ရပ်ခိုင်းပြီး နေလှန်းထားတာတွေ ရှိတယ်လို့ ဆိုပါတယ်။

“သတိလစ်မေ့လဲကျတာ၊ သတိလစ်ပြီးဆေးရုံပို့ရတာရှိတယ်၊ ကျွန်တော့်အမြင်တော့ တစ်ယောက်သေသွားတာတွေ့ဖူးတယ်”

အဲဒီလို အပြစ်ပေးခံရတဲ့အတွက် သတိလစ် မေ့လဲသွားလို့ ဆေးရုံပို့ရတာတွေ ရှိပြီး အဲဒီထဲက တစ်ယောက်သေဆုံးသွားတာ တွေ့ဖူးတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

အဲဒီခြံဝင်းကြီးကို ကရင်အမျိုးသားအစည်းအရုံး (KNU) ကနေခွဲထွက်လာတဲ့ ကရင်လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA) က ဗိုလ်မှူးချုပ်စိုင်းကျော်လှက ထိန်းချုပ်ထားတာလို့ ဒေသခံတွေက ပြောကြောင်း ဧပြီလ အစောပိုင်းက RFA သတင်းဆောင်းပါးမှာ ဖော်ပြခဲ့ပါတယ်။

DKBA အဖွဲ့က လူကုန်ကူးမှုတွေမှာ သူတို့ ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုပေမဲ့ အဲဒီငွေလိမ်ဂိုဏ်းခြံဝင်းကြီးကို DKBA အဖွဲ့ကပဲ တံတိုင်းခတ်ပေးပြီး သူတို့ကပဲ လုံခြုံရေးပေးနေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပြပါတယ်။

‘ဘာမှ အကြောင်းမထူး’

“ကိုစိုင်းကာစီနို” လို့ သူတို့ခေါ်တဲ့ အဲဒီခြံဝင်းကြီးထဲမှာ ဖြစ်ပျက်နေတာတွေအကြောင်း ‌ဒေသခံတွေရဲ့ ပြောကြားချက်တွေနဲ့ အဲဒီနေရာကနေ ပြန်လွတ်လာသူတွေ ကြုံခဲ့ရတဲ့ ဒုက္ခသုက္ခတွေအကြောင်း RFA ကို ပြန်ပြောပြချက်တွေ ကိုက်ညီနေတာ တွေ့ရပါတယ်။

လာအိုနိုင်ငံ၊ လွမ်နမ်သာခရိုင်က ဆယ်ကျော်သက်အရွယ် လူငယ်အတော်များများဟာ ဖိလစ်ပိုင်၊ တရုတ်နဲ့ အာဖရိကနိုင်ငံတချို့က လူငယ်တွေနဲ့အတူ အဲဒီနေရာကို လူကုန်ကူးခံလာရတာလို့ ဒေသတွင်း သတင်းရင်းမြစ်တွေက RFA ကို ပြောပါတယ်။ သူတို့ကို တစ်ရက် ၁၆ နာရီအထိ အဓမ္မ အလုပ်လုပ်ခိုင်းတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဘက်ခြမ်းကို ထိုင်းနိုင်ငံနယ်စပ်တစ်နေရာမှ တွေ့ရစဉ်။ (Photo: RFA)

လာအိုအာဏာပိုင်တွေကတော့ အဲဒီနေရာမှာ တိုက်ပွဲတွေပြင်းထန်‌နေလို့ သွားရလာရခက်တဲ့အတွက် လာအိုလူငယ်တွေကို ကယ်တင်ဖို့ကြိုးပမ်းမှုတွေ နှောင့်နှေးနေတယ်လို့ ပြောပါတယ်။ ကရင်ပြည်နယ်ထဲမှာ စစ်ကောင်စီလိုလားတဲ့ အင်အားစုတွေနဲ့ စစ်ကောင်စီကို ဆန့်ကျင်တဲ့ အင်အားစုတွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။

ကိုစိုင်းကာစီနိုမှာ ချုပ်နှောင်ခံနေရပြီး အခုသီတင်းပတ်ထဲမှာ RFA လာအိုဌာနကို တယ်လီဖုန်းကနေ မက်ဆေ့ချ် ပို့ခဲ့သူတစ်ယောက်က အဲဒီနေရာမှာ အရင်ကထက် စစ်သားတွေ ပိုများလာကြောင်းနဲ့ အဲဒီလောက် စစ်သားအများကြီးကို အရင်ကမတွေ့ဖူးဘူးလို့ ပြောပါတယ်။

ဒီကိစ္စကို အာဏာပိုင်တွေ ထိထိရောက်ရောက်အရေးမယူတဲ့ အဓိကအကြောင်းရင်းကတော့ အာဏာပိုင်တွေနဲ့ လူကုန်ကူးသူတွေ ပူးပေါင်းလုပ်နေကြတာကြောင့်လို့ လေ့လာသူတွေနဲ့ လူကုန်ကူးခံရသူတွေက ပြောပါတယ်။

“အထက်အရာရှိကြီးတွေလည်း အတူတူပဲ။ ဘာမှ အကူအညီမရဘူး”

ကာစီနိုမှာ ဖမ်းချုပ်ခံထားရတဲ့သားဖြစ်သူ ပြန်လွတ်အောင်ဆောင်ရွက်ပေးဖို့ အာဏာပိုင်တွေကို အကူအညီတောင်းခဲ့ပေမဲ့ ဘာမှ အကြောင်းမထူးဘူးလို့ လာအိုမိခင်တစ်ယောက်က RFA ကို ပြောပြပါတယ်။

“အမှုနဲ့ ပတ်သက်ပြီး သူတို့ ဘာလုပ်နေပါတယ်ဆိုတာ ရဲက ဘယ်တော့မှ ပြန်မပြောဘူး။ အထက်အရာရှိကြီးတွေလည်း အတူတူပဲ။ ဘာမှ အကူအညီမရဘူး”

နောက်ထပ် လာအိုမိခင်တစ်ဦးကတော့ သူတို့သားသမီးတွေ အဲဒီနေရာကနေ လွတ်မြောက်အောင် တတ်နိုင်သလောက် အမြန်ဆုံးကူညီပေးဖို့ လာအိုအစိုးရကို တိုက်တွန်းပေမဲ့ ဘာမှ အကြောင်းမထူးဘူးလို့ ပြောပါတယ်။

တခြားမိဘတွေကလည်း သူတို့ရဲ့ ကလေးတွေ အရိုက်နှက်ခံ၊ ညှဉ်းဆဲခံနေရချိန်မှာ ဘာမှလုပ်မပေးနိုင်တာကြောင့် မအိပ်နိုင်၊ မစားနိုင် ဖြစ်နေရတယ်လို့ ပြောပြပါတယ်။

ဗီယင်ကျန်းမြို့တော်မှာရှိတဲ့ လာအို လူကုန်ကူးမှုတိုက်ဖျက်ရေးဌာန တာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်မဖြေကြားသလို လာအိုရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာလည်း တခြားကိုသွားမေးပါလို့သာ ပြောခဲ့ပါတယ်။

လူကုန်ကူးခံထားရသူ လူငယ်နှစ်ယောက်ကို RFA က ဆက်သွယ်မေးမြန်းနိုင်ခဲ့ရာမှာ လာအိုအာဏာပိုင်တွေဆီက အကူအညီမျှော်လင့်နေပေမဲ့ အခြေအနေ ဘာမှ မထူးသေးဘူးလို့ ပြောပါတယ်။ အဲဒီခြံဝင်းကြီးထဲမှာ ကူရာကယ်ရာမဲ့ ဆက်လက် ပိတ်လှောင်ခံထားရ၊တစ်ရက်ကို နာရီပေါင်းများစွာ အလုပ်လုပ်ရ၊ အပြစ်ပေးတာကို ပုံမှန် ခံနေကြရတယ်လို့ အဲဒီလူငယ်နှစ်ယောက်က ပြောပါတယ်။

“နေ့တိုင်းပဲ အိမ်ပြန်ခွင့်ရဖို့ မျှော်လင့်နေတယ်။ ကျွန်တော်တို့ ဒီရောက်နေတာ ခုနစ်လတောင် ရှိသွားပြီ” လို့ သူတို့ထဲက တစ်ယောက်က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org