NCA စာချုပ် ဆက်ရှိနေတာပြဖို့ စစ်ကောင်စီ ပြင်ဆင်နေကြောင်း အကဲခတ်တွေပြော
စစ်အာဏာသိမ်းပြီးနောက် ဆက်လက်ကျင်းပနေတဲ့ NCA နှစ်ပတ်လည် အခမ်းအနားတွေဟာ နိုင်ငံတကာမှာ မျက်နှာပန်းလှဖို့ စစ်ကောင်စီ ကြိုးစားနေတဲ့ ဟန်ပြဖြစ်နေတယ်။
-
RFA Burmese
2023-10-06 -
-
-
စစ်အာဏာသိမ်းပြီးနောက် ဆက်လက်ကျင်းပနေတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) နှစ်ပတ်လည် အခမ်းအနားတွေဟာ နိုင်ငံတကာမှာ မျက်နှာပန်းလှဖို့ စစ်ကောင်စီ ကြိုးစားနေတဲ့ ဟန်ပြဖြစ်နေတယ်လို့ လေ့လာသူတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ဆိုပါတယ်။
လာမယ့် အောက်တိုဘာ ၁၅ ရက်မှာကျရောက်မယ့် NCA စာချုပ် ချုပ်ဆိုတဲ့ ရှစ်နှစ်ပြည့် အခမ်းအနားကို အဓိပ္ပာယ်ရှိရှိကျင်းပဖို့ ပြင်ဆင်နေတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုရက်ပိုင်းအတွင်း မကြာခဏ ပြောနေတာတွေ့ရပါတယ်။
ဒီအစီအစဉ်ဟာ NCA စာချုပ် မပျက်သေးဘဲ ဆက်ရှိနေတယ်ဆိုတာ နိုင်ငံတကာကိုပြဖို့ သက်သက်လုပ်နေတာလို့ ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
“စစ်ကောင်စီအနေနဲ့ တစ်ဖက်မှာ တိုင်းရင်းသားဒေသတွေကို ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကအစ အကြမ်းဖက် တိုက်ခိုက်နေချိန်မှာ တစ်ဖက်ကနေလည်း NCA စာချုပ်ကို အကြောင်းပြုပြီးတော့ ရှစ်နှစ်ပြည့် အခမ်းအနားကျင်းပဖို့ ရည်ရွယ်နေတယ်။ အဲဒါက သူ့ရဲ့ နိုင်ငံရေးထွက်ပေါက်။ နောက်တစ်ခုက နိုင်ငံတကာမှာ သူက မျက်နှာသာရချင်တာကြောင့် ကျွန်တော်တို့ တစ်ချိန်ကလက်မှတ်ရေးထိုးထားတဲ့ NCA စာချုပ်ကို အလွဲသုံးစား လုပ်နေတာဖြစ်တယ်"
စစ်ကောင်စီအာဏာ စသိမ်းကတည်းက NCA စာချုပ်မှာပါတဲ့ ၂၀၀၈ အခြေခံဥပဒေကို ချိုးဖောက်ထားတာကြောင့် အကျုံးမဝင်တော့ဘူးလို့ သူကထောက်ပြပါတယ်။
“ဒီအချိန် ဒီကာလမှာ သူဘာပဲလုပ်လုပ် ဘယ်သူမှ သူ့ကို ယုံကြည်နိုင်စရာအကြောင်း မရှိတော့ဘူး။”
ကရင် အမျိုးသား အစည်းအရုံး KNU နိုင်ငံခြားရေး တာဝန်ခံ ပဒိုစောတောနီးကတော့ NCA စာချုပ်ကို ချိုးဖောက်ထားတဲ့ စစ်ကောင်စီအနေနဲ့ နိုင်ငံတကာက သူ့ကို အသိအမှတ်ပြုမှုကို ဆာလောင်မွတ်သိပ်တဲ့အနေအထား၊ တွေ့နေရတယ်လို့ သုံးသပ်ပါတယ်။
“သူကိုယ်တိုင်ကပဲ ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခုလုံးကို ချိုးဖောက်ဖျက်ဆီးပြီး စစ်အာဏာသိမ်းပြီး သဘောတူညီချက် အားလုံးကိုချိုးဖောက်ပြီးတော့ NCA စာချုပ်ကိုလည်း ချိုးဖောက်လိုက်တာဖြစ်တယ်။ ဒီအချိန် ဒီကာလမှာ သူဘာပဲလုပ်လုပ် ဘယ်သူမှ သူ့ကို ယုံကြည်နိုင်စရာအကြောင်း မရှိတော့ဘူး။ သူကတော့ ကျရှုံးနေတဲ့ အနေအထားတစ်ခုကို ဘယ်နေရာမှာရလိုရငြားပေါ့။ အထူးသဖြင့် သူ့ကို အသိအမှတ်ပြုတာကို အင်မတန် ဆာလောင်မွတ်သိပ်နေတဲ့ အနေအထားမှာ တွေ့နေရတယ်”
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲမှာ အင်အားကြီးတဲ့ KNU က စစ်တပ် အာဏာသိမ်းလိုက်ကတည်းက NCA ပျက်ပြယ်သွားပြီလို့ အခုနှစ်အတွင်းမှာ သူ့ရဲ့သဘောထားကို ထုတ်ဖော်ပြောဆိုထားတာပါ။
ဒါပေမဲ့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ NCA လက်မှတ်ရေးထိုးခဲ့တဲ့ KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးကို စက်တင်ဘာလ ၃၀ ရက်နေ့က နေပြည်တော်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။
KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးဟာ အာဏာသိမ်းစစ်တပ်နဲ့ စေ့စပ်ဆွေးနွေးဖို့ကိစ္စကို တောက်လျှောက် တိုက်တွန်းခဲ့တဲ့သူဖြစ်တာကြောင့် စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံတာဟာ စည်းရုံးရေး ခရီးစဉ်တစ်ခုဖြစ်နိုင်တယ်လို့ ဝေဖန်သုံးသပ်သံတွေလည်း ကြားရပါတယ်။
စစ်ကောင်စီခေါင်းဆောင်က NCA စာချုပ်ကိုအသုံးချဖို့ ကြိုးစားနေတယ်ဆိုတဲ့ သုံးသပ်ပြောဆိုတာတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
ဒါကြောင့် စစ်အရာရှိဟောင်းတွေဖွဲ့ထားတဲ့ သေနင်္ဂ မဟာဗျူဟာ လေ့လာရေး အင်စတီကျုရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကိုမေးကြည့်တော့ ၂၀၀၈ ဖွဲ့စည်းပုံမဖျက်သရွေ့ NCA စာချုပ် ဆက်ရှိနေသလို ဆွေးနွေးပွဲတွေ ဆက်ရှိနေတာ သဘာဝကျတယ်လို့ သုံးသပ်ပါတယ်။
“NCA ဆိုတာလည်း ၂၀၀၈ အခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဖြစ်လာတယ်။ NCA နဲ့ချိတ်ဆက်ထားတဲ့ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းထားတာ မဟုတ်တဲ့အတွက် အဲဒီအခြေခံကိုနားလည်ရင် အာဏာထိန်းတာနဲ့ NCA ပျက်ပြီပြောတာက ဆက်စပ်မှုမရှိဘူးပေါ့”
ကရင် ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA - PC) အဖွဲ့ဝင် ဗိုလ်မှူးကြီး စောကျော်ညွန့်ကတော့ နိုင်ငံရေးဆွေးနွေးမှု ဘောင်ကျဉ်းမြောင်းနေတဲ့ ဒီကာလမှာ NCA ရှစ်နှစ်ပြည့်ပွဲကို နိုင်ငံရေးအရ အနှစ်သာရအောင်ကျင်းပဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။
“ဒီလိုမျိုး အခက်အခဲ အကျပ်အတည်း ရှိနေတဲ့ နိုင်ငံရေး အခင်းအကျင်း ကာလတစ်ခုအောက်မှာတော့ စစ်ဘောင်ကျယ်ပြီး နိုင်ငံရေးဆွေးနွေးမှု ဘောင်ကျဉ်းမြောင်းနေတဲ့ ကာလတစ်ခုမှာ ကျွန်တော်တို့ NCA နှစ်ပတ်လည်နေ့ အခမ်းအနားကို နိုင်ငံရေး အနှစ်သာရရှိရှိကျင်းပဖို့ ခုနစ်ဖွဲ့ကြားမှာ ညှိနှိုင်းဆွေးနွေးမှုတွေ ရှိထားတာ မှန်ပါတယ်”
NCA စာချုပ်မှာ တိုင်းရင်းသား လက်နက်ကိုင် ၁ဝ ဖွဲ့ပါဝင်ခဲ့ပေမဲ့ စစ်တပ် အာဏာသိမ်းလိုက်တဲ့နောက်မှာတော့ ကရင် အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အပါအဝင် ငါးဖွဲ့က စစ်ကောင်စီနဲ့ ဆက် မဆွေးနွေးတော့ပါဘူး။
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင် အမျိုးသားအစည်းအရုံး - ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA - PC)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ပဲ NCA စာချုပ်ကိုကိုင်ပြီး ဆက်ဆွေးနွေးနေတာပါ။
အမည်မဖော်လိုတဲ့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ တစ်ယောက်ကတော့ စစ်ကောင်စီအနေနဲ့ နိုင်ငံရေး အကျပ်အတည်းကို NCA စာချုပ်နဲ့ ထွက်ပေါက်ရှာနေတာလို့ သုံးသပ်ပါတယ်။
“NCA အခမ်းအနား လုပ်တာက နှစ်ပိုင်းရှိတာ။ တစ်ပိုင်းက စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးကို လိုချင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လုပ်နေတဲ့သဘောကို ပုံပေါ်ချင်တဲ့တစ်ပိုင်း၊ နောက်တစ်ခုက ဒီ NCA လမ်းကြောင်းကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်ပြန်သွင်းတဲ့ ရည်မှန်းချက်နှစ်ခုနဲ့ လုပ်နေတာ။ စစ်ကောင်စီအနေနဲ့ သူ့ရဲ့ အကျပ်အတည်းကို ကျော်လွှားဖို့ကြတော့ NCA အပေါ်မှာအခြေခံတဲ့ လုပ်ငန်းစဉ်တွေပဲ ရှိတော့ ဒီလိုပဲ ဆက်လုပ်သွားမယ်လို့ ကျွန်တော် နားလည်ထားပါတယ်”
NCA စာချုပ်ကို ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်အစုအဖွဲ့ သုံးခုပေါင်းပြီး တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့က စတင်လက်မှတ်ထိုးခဲ့ကြတာပါ။ စာချုပ်ရဲ့ အခြေခံမူ ၁၁ ချက်ထဲမှာ နိုင်ငံရေးပြဿနာကို စစ်ရေးနဲ့မဖြေရှင်းဘဲ နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းဖို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့လည်း အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ NCA စာချုပ်ကို မချိုးဖောက်ဘူးလို့ အကြိမ်ကြိမ် ပြောနေသလို၊ ဒီကာလမှာပဲ ကရင်၊ ကယား၊ ချင်း၊ ကချင်နဲ့ စစ်ကိုင်းမှာ စစ်ဆင်ရေးတွေ လုပ်နေတာပါ။
စစ်ရေး ပဋိပက္ခနဲ့ နိုင်ငံရေး အကျပ်အတည်း ကြီးနေတဲ့ မြန်မာပြည်မှာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့အတွက် ပါဝင်သင့် ပါဝင်ထိုက်သူတွေနဲ့ အဓိပ္ပာယ်ရှိတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေလုပ်ဖို့ အာဆီယံနဲ့ နိုင်ငံတကာက အကြိမ်ကြိမ် တိုက်တွန်းနေပေမယ့်လည်း ဖြစ်လာတာ မတွေ့ရသေးပါဘူး။
နိုင်ငံရေး ဆွေးနွေးပွဲတွေ မလုပ်နိုင်သရွေ့ မြန်မာနိုင်ငံဟာ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာဖို့ပဲရှိတယ်လို့ တိုင်းရင်းသားအရေး လေ့လာအကဲခတ်သူတွေက ပြောပါတယ်။