မြန်မာခရိုနီကုမ္ပဏီတွေကို အရေးယူပိတ်ဆို့ဖို့ FFM ရဲ့ထုတ်ပြန်ချက်
နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ စပြီး ရက်အနည်းငယ်အကြာမှာ ပြည်တွင်း ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်း ၄၅ ခုက တပ်မတော်ကို ဒေါ်လာ ၁ဝ သန်းကျော် အလှူငွေပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင် FFM က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
-
2019-08-05 -
-
-
Your browser doesn’t support HTML5 audio
၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတောဒေသတွေမှာ တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရိုဟင်ဂျာဒုက္ခသည် ခုနှစ်သိန်း နီးပါး ထွက်ပြေးသွားခဲ့ကြောင်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ဝေဖန်ပြောဆိုနေပါတယ်။
အဲ့ဒီနယ်မြေရှင်းလင်းရေးလုပ်ငန်းတွေစပြီး ရက်အနည်းငယ်အကြာမှာ ပြည်တွင်း ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်း ၄၅ ခုက တပ်မတော်ကို ဒေါ်လာ ၁၀ သန်းကျော် အလှူငွေပေးအပ်ခဲ့ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင် FFM က ဒီနေ့ အစီရင်ခံစာ ထုတ်ပြန်လိုက်ပြီး အဲဒီကုမ္ပဏီတွေကို စုံစမ်းစစ်ဆေးပြီး ပိတ်ဆို့အရေးယူတာတွေလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။
FFM ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘောဇဂရု၊ မက်စ်မြန်မာ၊ အေးရှားဝေါဂရု၊ အေဒင်ဂရု၊ ထူးဂရု၊ ရွှေသံလွင်ဂရု၊ လွယ်ဟိန်း၊ ရွှေတောင်၊ IBTC၊ IGE Group နဲ့ First Myanmar Group of Companies အစရှိတဲ့ ကုမ္ပဏီတွေဟာ တပ်မတော်က အဲဒီနေရာကကို ပုံစံအသစ်ဖော်ဖို့ ရည်မှန်းချက်ကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ငွေကြေးထောက်ပံ့ပေးခဲ့ကြောင်း စွပ်စွဲပြောဆိုထားပါတယ်။
ဒါကြောင့် အဲဒီကုမ္ပဏီတာဝန်ရှိသူတွေဟာ ရာဇဝတ်မှု ကျူးလွန်တာကို တိုက်ရိုက်ထောက်ပံ့ကူူညီမှုနဲ့ အပြည်ပြည် ဆိုင်ရာ ဥပဒေအရ ရာဇဝတ်မှုနဲ့ တရားစွဲဆို စုံစမ်းစစ်ဆေးသင့်ကြောင်းကိုပါ FFM အဖွဲ့က ခရစ်စီဒိုတီက ပြောဆိုကြောင်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ထူးကုမ္ပဏီ ဥက္ကဋ္ဌ ရုံးကို ဆက်သွယ်မေးမြန်းရာမှာ ဖုန်းလက်ခံဖြေကြားသူက အခုလို ပြောပါတယ်။
"ရခိုင်ပြည်နယ်အတွက်ကို ထူးဖောင်ဒေးရှင်းအနေနဲ့ ကူညီထောက်ပံ့မှုတွေတော့ရှိတယ်၊ အသေးစိတ်ကတော့ ထူးဖောင်ဒေးရှင်းမှာပဲ ရှိလိမ့်မယ်"
ထူးဖောင်ဒေးရှင်း ဥက္ကဋ္ဌကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။
အလားတူ FFM အဖွဲ့က စွပ်စွဲပြောဆိုထားတဲ့ တခြားကုမ္ပဏီတွေကိုလည်း RFA က ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။
FFM ရဲ့ အစီရင်ခံစာထဲမှာ ကမ္ဘောဇအုပ်စုနဲ့ မက်စ်မြန်မာကုမ္ပဏီတွေဟာ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ် တစ်လျှောက်မှာ ခြံစည်းရိုးကာဖို့အတွက် ငွေကြေးထောက်ပံ့ခဲ့တာကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ် ပြန်မလာနိုင်အောင် ပံ့ပိုးကူညီရာရောက်ကြောင်း FFM အဖွဲ့က ပြောဆိုထားပါတယ်။
ကမ္ဘောဇဂရုကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ စာဖြင့်သာ အကြောင်းပြန်ကြားခဲ့ပါတယ်။
အဲဒီ အစီရင်ခံစာကို ရရှိထားပြီး လေ့လာနေကြောင်းနဲ့ FFM အဖွဲ့က စီရင်ခံစာအတွက် စုံစမ်းစစ်ဆေးတာတွေ ဆောင်ရွက်ခဲ့ချိန်နဲ့ ရေးသားချိန်မှာ ကမ္ဘောဇဂရုကို ဆက်သွယ်မေးမြန်းခဲ့ခြင်း မရှိကြောင်း ရေးသားထားပါတယ်။ ဒါ့ကြောင့် FFM ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း ကမ္ဘောဇဂရုက ပြောပါတယ်။
ကမ္ဘောဇဂရုရဲ့ အနာဂတ်အလင်းတန်းဖောင်ဒေးရှင်းကနေ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီကို ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ၂၀၁၇ ခုနှစ်အတွင်း အလှူငွေ ကျပ်သိန်း ခြောက်သောင်းငါးထောင်ကျော် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း ဖောင်ဒေးရှင်းရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
စီးပွားရေးဆောင်းပါးတွေကို ရေးသားနေတဲ့ ဦးဇေယျသူက ကုမ္ပဏီတွေအနေနဲ့ တပ်မတော်ကို ရှောင်ရှားဆောင်ရွက် ဖို့ဆိုတာ လက်ရှိအခြေအနေအရ ခက်ခဲနိုင်ကြောင်း သုံးသပ်ပါတယ်။
"ပြည်တွင်းမှာတော့ စီးပွားရေးက အကုန်လုံး ချိတ်နေတာဆိုတော့ ရှောင်ဖို့လည်းခက်မယ်လို့ထင်တယ်၊ စီးပွားရေးက ချိတ်နေတာကို ၂၀၁၇ ရခိုင်ကိစ္စဖြစ်ပြီးထဲက အရေးယူပိတ်ဆို့ဖို့ ဖိအားက ကြီးကြီးလာတာပေါ့ဗျာ၊ အဲဒီရေစီးက ဆက်ပြီးတော့ ကြီးအုံးမှာပဲ ကျွန်တော်အမြင်တော့လေ၊ အရေးယူပိတ်ဆို့မှုတွေကတော့ များသောအားဖြင့် သာမာန်ပြည်သူတွေပဲ ထိခိုက်မယ်လို့မြင်တယ်"
ဒါ့အပြင် ပိတ်ဆို့အရေးယူတာတွေကို ဖြေလျော့နိုင်ဖို့ဆိုရင် အစိုးရအနေနဲ့ လက်ရှိဆောင်ရွက်နေတဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်တာတွေကို ဆက်လုပ်ဖိုလိုပြီး၊ နယ်မြေတွင်း အခြေအနေတွေ တည်ငြိမ်လာအောင် ဆောင်ရွက်ဖို့ နဲ့ ဒုက္ခသည်တွေကိစ္စကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ နားလည်မှုရအောင် ဖြေရှင်းဖို့လိုကြောင်းလည်း ဦးဇေယျသူက ပြောပါတယ်။
ပုဂ္ဂလိက ကုမ္ပဏီတွေကို ဝေဖန်ထောက်ပြထားတာအပြင် တပ်မတော်ရဲ့ စီးပွားရေး လုပ်ငန်းစုနှစ်ခုဖြစ်တဲ့ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့ကိုလည်း တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်တွေက ထိန်းချုပ်ထားပြီး နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ဆောင်ရွက်နေတဲ့ တပ်မတော် စစ်ဆင်ရေးတွေကို ငွေကြေး ထောက်ပံ့ပေးနေကြောင်းလည်း ဖော်ပြထားပါတယ်။
စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး FFM က ထောက်ပြတဲ့ထဲမှာ တပ်မတော်ကို မြန်မာ့စီးပွားရေးကနေ ဖယ်ရှားပြီး စီးပွားရေးမလုပ်နိုင်အောင် တရားဥပဒေနဲ့ တားဆီးဖို့ကိုလည်း အစိုးရအဖွဲ့ကို အကြံပြုထားပါတယ်ခင်ဗျာ။
(RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြသည်)