ပြည်ပတင်ပို့မယ့် လယ်ယာထွက်ကုန်တွေအတွက် ဒေါ်လာငွေပေးချေဖို့ စစ်ကောင်စီညွှန်ကြား

ပြည်ပကို တင်ပို့နေတဲ့ ဆန်၊ ပဲ၊ ပြောင်းနဲ့ ဆီထွက်သီးနှံတွေအတွက် ရောင်းချငွေတွေကို အမေရိကန်ဒေါ်လာနဲ့ ပေးချေကြဖို့ စစ်ကောင်စီရဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီက ဇွန် ၃၀ ရက်နေ့မှာ အကြောင်းကြားလာတယ်လို့ ကုန်သည်လုပ်ငန်းရှင်တွေက ပြောပါတယ်။

မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က တွေ့ရစဉ်

ပြည်ပကို တင်ပို့နေတဲ့ ဆန်၊ ပဲ၊ ပြောင်းနဲ့ ဆီထွက်သီးနှံတွေအတွက် ရောင်းချငွေတွေကို အမေရိကန်ဒေါ်လာနဲ့ ပေးချေကြဖို့ စစ်ကောင်စီရဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီက ဇွန် ၃၀ ရက်နေ့မှာ အကြောင်းကြားလာတယ်လို့ ကုန်သည်လုပ်ငန်းရှင်တွေက ပြောပါတယ်။

လက်ရှိ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာဟာ မြန်မာငွေနှစ်ထောင်ကျော်အထိ ဈေးပေါက် နေတာကြောင့် စစ်ကောင်စီဘက်က ညွှန်ကြားလာသလို ဒေါ်လာနဲ့ပေးချေဖို့ဆိုတဲ့နေရာမှာ လုပ်ငန်းရှင်တွေအတွက် အခက်အခဲဖြစ်လာနေတာဖြစ်ပါတယ်။

"ဒေါ်လာနဲ့ သတ်မှတ်လိုက်တာဟာ ငွေကွာဟချက်က အများကြီးဟသွားတဲ့အတွက် ကုန်သည်တွေအတွက်က အများကြီး နစ်နာဆုံးရှုံးမှုတွေရှိတယ်”

ပြီးခဲ့တဲ့ ဧပြီလတုန်းကတော့ ပို့ကုန်တွေအတွက် တရုတ်ငွေနဲ့ ပေးနိုင်တယ်ဆိုပြီး၊ တရုတ် ယွမ်တွေကို မြန်မာငွေနဲ့ တိုက်ရိုက်လဲလှယ်နိုင်ဖို့ ပုဂ္ဂလိကဘဏ်တချို့ကို ယွမ်အကောင့် ဖွင့်ခွင့်ပေးတာ၊ တရုတ်နိုင်ငံက ဘဏ်တချို့နဲ့ မြန်မာစီးပွားရေးဘဏ်နဲ့ ချိတ်ဆက်ခွင့်ပြု တာတွေ ဗဟိုဘဏ်က လုပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ တရုတ်ယွမ်အစား ဒေါ်လာနဲ့ ငွေပေးချေကြဖို့ စစ်ကောင်စီဘက်က ပြန်ပြောင်းလဲလိုက်တာဖြစ်ပါတယ်။

ဒီစစ်ကောင်စီရဲ့ ပြောင်းလဲ ညွှန်ကြားချက် ထွက်လာပြီးနောက် ကုန်သည်တွေနဲ့ ဝယ်လက် တွေက အခြေအနေကို စောင့်ကြည့်နေတဲ့အတွက် အရောင်းအဝယ် အေးသွားတယ်လို့ မန္တလေးတိုင်း ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းရဲ့ ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်က RFA ကို ပြောပါတယ်။

“ဆန်စပါး၊ ပဲ၊ ပြောင်း၊ ဆီထွက်သီးနှံ အဲဒါတွေက အဲဒီလိုပဲ ဒေါ်လာနဲ့ပဲ ပြန်ဖြစ်မယ်ဆို ပြီး။ ဒီနေ့အရောင်းအဝယ် နည်းနည်းလေး အေးချင်သွားတယ်။ ဒီနေ့ ဒါစတာပေါ့ဗျာ။ နိုင်ငံခြား ပို့ကုန်ပစ္စည်း၊ တရုတ်ပို့ကုန်ပစ္စည်းတွေက အေးချင်သွားတယ်။ အေးချင်သွား တယ်ဆိုတာ အခြေအနေ တစ်ယောက်နဲ့တစ်ယောက် စောင့်ကြည့်နေကြတယ်။ အေး တဲ့ဘက် ပြန်ပါသွားပြီ။ မနေ့ကအထိတော့ (အရောင်းအဝယ်) ကောင်းနေတယ်။ ဒီနေ့ အဲဒီသတင်းကြောင့်မို့လို့ ပြန်အေးတယ်။ အေးတာက ဒါပထမဆုံးရက်၊ ပထမဆုံးရက် ဆိုတော့ အခြေအနေစောင့်ကြည့်တဲ့ သဘောပဲ။ တစ်ရက်နှစ်ရက်နေမှ ပိုသိရမယ်”

ဇူလိုင်လ ၂ ရက် မနေ့ကအထိ မန္တလေးကနေ တရုတ်ပြည်နဲ့ ပြည်ပနိုင်ငံတွေကို ပဲတင်ပို့မှု ပုံမှန်ရှိနေပြီး ကုလားပဲ၊ ပဲတီစိမ်း တစ်အိတ်ကို တစ်သိန်းငါးသောင်းဝန်းကျင်အထိ ဈေးနှုန်း တွေ မြင့်တက်နေတာဖြစ်တယ်လို့ သူက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေအများစုဟာ မြန်မာကျပ်ငွေအစား အမေရိကန် ကန်ဒေါ်လာနဲ့ ရွှေကို ဝယ်စုဆောင်းမှုတွေရှိခဲ့တာကြောင့် လက်ရှိ တစ်ဒေါ်လာကို ၂၃၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်ခဲ့ဖူးပါတယ်။

ဗဟိုဘဏ်ကတော့ ဒေါ်လာဈေးကိုထိန်းချုပ်ဖို့ ဒေါ်လာတွေထုတ်ရောင်းချတာနဲ့ ပို့ကုန်က ရတဲ့ နိုင်ငံခြားငွေတွေကို လိုင်စင်ရဘဏ်တွေကို ပြန်ရောင်းဖို့တွေ လုပ်ဆောင်ခဲ့ပြီး တစ် ဒေါ်လာကို မြန်မာကျပ်ငွေ ၁၈၅၀ ကျပ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဒေါ်လာနဲ့ ပို့ကုန်တွေကို တိုက်ရိုက်ရောင်းချရင် ငွေကွာဟချက်ကြောင့် ကုန်သည်တွေ နစ်နာနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မူဆယ်မြို့က ဆန်စပါးကုန်သည် တစ်ဦးက RFA ကိုပြောပါတယ်။

“အရင်က ယွမ်နဲ့ကျပ်ငွေ ပြောင်းလဲချိန်တုန်းက ငွေကွာဟချက်က ကျဉ်းမြောင်းတယ်။ အခု အမေရိကန် ဒေါ်လာကျတော့ ၁၈၅၀ သတ်မှတ်တယ်။ ၁၈၅၀ ကျတော့ အပြင်မှာ ၂၁၀၀၊ ၂၂၀၀ လောက် ပေါက်နေတယ်။ အဲဒီတော့ ငွေကွာဟချက်က တအားဟသွား တယ်။ ဒေါ်လာနဲ့ ပြောင်းရမှာ။ ဒါကြောင့် ဘာပဲပြောပြော ဒေါ်လာနဲ့ သတ်မှတ်လိုက် တာဟာ ငွေကွာဟချက်က အများကြီး ဟသွားတဲ့အတွက် ကုန်သည်တွေအတွက်က အများကြီး နစ်နာဆုံးရှုံးမှုတွေရှိတယ်”

အခုလို ထပ်ပြီးပြောင်းလဲ သတ်မှတ်လိုက်တာကြောင့် ဆန်စပါးအရောင်းအဝယ် ရပ်တန့် သလောက် ဖြစ်နေပြီး ကုန်သည်တွေအပြင် တောင်သူတွေပါ နစ်နာတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကလည်း ဒီလိုပြောင်းလဲလိုက်တာကြောင့် ပို့ကုန်တင်ပို့မှု လျော့ကျသွားစေနိုင်ပြီး ငွေပေးချေရမယ့် ဝယ်ယူသူတွေဘက်ကလည်း အခက်တွေ့စေမယ်လို့ ပြောပါတယ်။

“အခုကတော့ US ဒေါ်လာ ပြောင်းသွားတော့ နည်းနည်းလေးတော့ ခက်သွားတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ အမေရိကန်ဒေါ်လာဈေးက ၁၈၅၀ ကျပ် သတ်မှတ်တဲ့အတွက်ကြောင့် မို့လို့ တင်ပို့တဲ့သူတွေအတွက်က အဆင်မပြေဖြစ်သွားတယ်။ နောက်တစ်ဖက်က ငွေပေး ချေတဲ့နေရာမှာ အဆင်မပြေဖြစ်သွားတယ်။ လောလောဆယ် ဒီလုပ်ငန်းတွေ တင်ပို့မှုက လျော့ကျသွားမယ့် အနေအထားလို့ မြင်ပါတယ်။ နှစ်ချက်ပေါ့ ငွေပေးချေတဲ့နေရာမှာ အခက်အခဲရှိတယ်။ ဒုတိယအချက်က Exchange Rate မှာတင် ယွမ်နဲ့ ဘတ်နဲ့ ရတဲ့ အချိန်နဲ့ဆို ၁၅ ရာခိုင်နှုန်းလောက် ကွာသွားတယ်”

အခုလိုလုပ်တာဟာ စစ်ကောင်စီအနေနဲ့ အမေရိကန်ဒေါ်လာရရှိဖို့သာဖြစ်တယ်လို့ အဲဒီ စီးပွားရေး လုပ်ငန်းရှင်က သုံးသပ်ပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီကတော့ ပင်လယ်ရေကြောင်းကုန် သွယ်မှု နှုန်းထားတွေနဲ့ တပြေးညီတည်းဖြစ်အောင် အခုလို ဒေါ်လာနဲ့ သတ်မှတ်ရတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒေါ်လာနဲ့သာ ရောင်းချဖို့ ပြောင်းလဲလိုက်တဲ့ စာရင်းထဲ မှာပါတဲ့ ဆီထွက်သီးနှံတင်ပို့မှုကိုတော့ စစ်ကောင်စီရဲ့ စီးပွားကူးသန်းဝန်ကြီးဌာနက ပြီးခဲ့တဲ့ မေ ၈ ရက်မှာ ယာယီရပ်ဆိုင်းထားတာဖြစ်ပါတယ်။

မူဆယ်မြို့နယ်မှ ကျင်ဆန်းကျော့ဂိတ်တွင် ရောက်ရှိနေသည့် ကုန်တင်ယာဉ်များအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက တွေ့ရစဉ် (Photo: CJ)

ဗဟိုဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်ကလည်း အရင်ကသတ်မှတ်ထားတဲ့အတိုင်း နယ် စပ်ကုန်သွယ်ရေးအတွက် ပို့ကုန်ရငွေကို တစ်လအတွင်း လိုင်စင်ရဘဏ်တွေကို ပြန်ရောင်း ချဖို့ ညွှန်ကြားထားတာလို့ ပြောပါတယ်။

“ပို့ကုန်ရငွေက တစ်လအတွင်းမှာ ဆိုတာက Border Trade မှာတော့ အဲဒီအတိုင်းပေါ့ နော်။ လက်ရှိ Normal Trade မှာတော့ တစ်လအတွင်း မဟုတ်ပါဘူး။ ကျနော်တို့ Noti fication ထုတ်ထားပါတယ်။ အဲဒီဟာအရဆို နိုင်ငံခြားငွေနဲ့ ပတ်သက်တဲ့ ဝင်ငွေအားလုံး ဟာ US ဒေါ်လာ Income အားလုံး Trade ရော၊ Non-trade ရောကတော့ တစ်ရက် အတွင်းမှာ သက်ဆိုင်ရာဘဏ်ကို ပြန်ရောင်းချရတာ အဲဒီအတိုင်းပါ။ တစ်လအတွင်းဆို တာက အရင်က သတ်မှတ်ထားတာပါ။ တစ်လအတွင်းဆိုတာက လက်ရှိ Border Trade မှာ အဲဒီအတိုင်းသတ်မှတ်ကျင့်သုံးနေပါတယ်”

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို ပို့ကုန်တင်ပို့မှုဟာ အရင် ၂၀၂၁ ခုနှစ် ဧပြီလကနေ ဇွန်လနဲ့ အခုနှစ်ကာလ တူ နှိုင်းယှဉ်ရင် ဒေါ်လာ ၁၄၂ ဒဿမ ၇၈၈ သန်း လျော့ကျခဲ့ရသလို အိန္ဒိယနဲ့ ကုန်သွယ်မှု မှာလည်း လျော့ကျနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ထိုင်းနိုင်ငံကိုတော့ အရင်နှစ်ကထက် ဒေါ်လာ သန်း ၂၂၀ ကျော် တင်ပို့ထားနိုင် တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံတွေကို ပဲမျိုးစုံတင်ပို့မှုဟာလည်း ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်၊ ဇွန်လ ၂၄ ရက်နေ့အထိ ဒေါ်လာ သန်းပေါင်း ၃၄၆ သန်း တင်ပို့ထားနိုင်ခဲ့တယ်လို့ စီးပွား ကူးသန်းဝန်ကြီးဌာနရဲ့ အချက်အလက်တွေက ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org