စစ်ကောင်စီခေတ်မှာ သတင်းထောက်တွေ ဖိနှိပ်ခံရမှုများလာ

ပြင်သစ်နိုင်ငံ ပါရီ အခြေစိုက် RSF နယ်စည်းမခြား သတင်းစာဆရာများအဖွဲ့ ညွှန်းကိန်းအရ ၂၀၂၁ မှာ မြန်မာနိုင်ငံဟာ နိုင်ငံ ၁၈၀ မှာ ၁၄၀ နိုင်ငံမြောက် ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးတဲ့နောက် CNN သတင်းဌာန တစ်ကြိမ်ဝင်ခဲ့ရပြီး တာလီဘန်တွေ သိမ်းလိုက်ချိန်မှာ CNN သတင်းယူနိုင်တဲ့ အာဖဂန်နစ္စတန်နိုင်ငံက ညွှန်းကိန်း ၁၂၂ မှာ ရှိပါတယ်။

Frontier Myanmarနဲ့ VOA သတင်းဌာနတို့ရဲ့ ပင်တိုင်ဆောင်းပါးရှင် ဦးစည်သူအောင်မြင့် နဲ့ ဘီဘီစီသတင်းဌာနရဲ့ "ခံစားကြည့်" ဆိုတဲ့ အစီအစဉ် တင်ဆက်သူ မထက်ထက်ခိုင် .

ပြင်သစ်နိုင်ငံ ပါရီ အခြေစိုက် RSF နယ်စည်းမခြား သတင်းစာဆရာများအဖွဲ့ ညွှန်းကိန်းအရ ၂၀၂၁ မှာ မြန်မာနိုင်ငံဟာ နိုင်ငံ ၁၈၀ မှာ ၁၄၀ နိုင်ငံမြောက် ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာ သိမ်းပြီးတဲ့နောက် CNN သတင်းဌာန တစ်ကြိမ်ဝင်ခဲ့ရပြီး တာလီဘန်တွေ သိမ်းလိုက်ချိန်မှာ CNN သတင်းယူနိုင်တဲ့ အာဖဂန်နစ္စတန်နိုင်ငံက ညွှန်းကိန်း ၁၂၂ မှာ ရှိပါတယ်။

ညွှန်းကိန်း ၁ ဖြစ်တဲ့ နော်ဝေဟာ ကမ္ဘာမှာ သတင်းလွတ်လပ်ခွင့်အရှိဆုံး နိုင်ငံဖြစ်ပြီး နောက်ဆုံးက ပြန်ကြည့်ရင် ညွှန်းကိန်း ၁၃၉ ဖြစ်တဲ့ မြောက်ကိုရီးယားဟာ ကမ္ဘာမှာ ဒုတိယမြောက် သတင်းလွတ်လပ်ခွင့် မရှိဆုံးနိုင်ငံ ဖြစ်ပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် ၂၀၁၁ မှာ သတင်းလွတ်လပ်ခွင့် ပေးလိုက်ပြီးတဲ့နောက် ၂၀၁၃ ကနေ ၂၀၁၇ အတွင်း မြန်မာနိုင်ငံဟာ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် ညွှန်းကိန်း ၂၀ မှာရှိခဲ့ပြီး ဒီနှစ် စစ်အာဏာ သိမ်းပြီးတဲ့နောက် ညွှန်းကိန်း ၁၄၀ ဖြစ်သွားတာပါ။

၁၉၆၂ ကနေ ၂၀၁၁ ထိနှစ် ၅၀ လောက် သတင်းမှောင်ချခံရတဲ့ ဘဝမျိုးဘက် မြန်မာနိုင်ငံ နောက်ကြောင်း ပြန်လှည့်သွားတာမို့ သတင်းသမားတွေအတွက် အန္တရာယ်အရှိဆုံး တစ်နိုင်ငံအဖြစ် အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ဒီနှစ် ဇူလိုင် ၂၈ ရက်က ပြောကြားပါတယ်။

ရှမ်းပြည်နယ် အခြေစိုက် သံလွင်သွေးချင်း သတင်းဌာန အယ်ဒီတာချုပ် ဒေါ်မြဝန်းရံကို ဇူလိုင် ၂၀ က ဖမ်းဆီးသွားပြီး သြဂုတ် ၁၅ ရက်မှာ သတင်းစာဆရာ စည်သူအောင်မြင့်နဲ့ ဘီဘီစီ အလွတ်သတင်းထောက် မထက်ထက်ခိုင် တို့ ဖမ်းဆီးသွားတဲ့အတွက် ခုဆို စစ်ကောင်စီက ဖမ်းဆီးထားတဲ့ စာနယ်ဇင်းသမား ၅၀ လောက်ရှိသွားပြီလို့ RSF က ပြောပါတယ်။

သတင်းစာဆရာ စည်သူအောင်မြင့်ကို တပ်မတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က နဲ့ ဧပြီကတည်းက အမှုဖွင့်ထားတာပါ။

စာနယ်ဇင်း သမားအတော်များများကို ဒီလိုပုဒ်မမျိုးတွေနဲ့ အမှုဖွင့်တာမို့ တချို့လည်း လုံခြုံတဲ့နေရာမှာ တိမ်းရှောင်နေကြပြီး မီဒီယာတွေနဲ့ အဆက်အသွယ်နည်းနိုင်သမျှ နည်းအောင်နေပေမယ့် Frontier Myanmar နဲ့ VOA ပင်တိုင်ဆောင်းပါးရှင် ဦးစည်သူအောင်မြင့် က ရန်ကုန်မှာပဲ ရှိနေတာပါ။

လူသူတွေကြားသွားလာနေတဲ့ ဦးစည်သူအောင်မြင့် ကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံရိပ်မွန် အိမ်ရာက တိုက်ခန်းမှာ သူနဲ့အတူရှိနေတဲ့ BBC ခံစားကြည့်အစီအစဉ် တင်ဆက်သူ မထက်ထက်ခိုင် တို့ကို ဖမ်းဆီးသွားတာပါ။

စစ်ကောင်စီဟာ ရုရှားနဲ့ တရုတ်နည်းပညာ အကူအညီတွေနဲ့ တယ်လီဖုန်း အဆက်အသွယ်တွေ အင်တာနက် သုံးစွဲတာတွေကို ကြားဖြတ်နားထောင် ခြေရာခံပေမယ့် ဦးစည်သူအောင်မြင့်က တယ်လီဖုန်းနဲ့ပဲ မီဒီယာတွေ ကို လက်ခံစကားပြောသူ ဖြစ်ပါတယ်။

ဧည့်စာရင်းလာစစ်ချိန်မှာ ဦးစည်သူအောင်မြင့် ဖမ်းဆီးခံရတာဖြစ်ပြီး တယ်လီဖုန်းကို ခြေရာခံနိုင်လို့ ဖမ်းဆီးတာလား၊ သတင်းတွေမှာ ဖော်ပြတဲ့အတိုင်း ဧည့်စာရင်းစစ်ချိန်မှာ ယုန်ထောင်ကြောင်မိ ဆိုရိုးအတိုင်း ဖမ်းဆီးခံရသလား၊ ဒါမှမဟုတ် ဒလန်သတင်းပေးကြောင့် ဖမ်းဆီးခံရသလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ရွှေဂုံရိပ်မွန်က တိုက် ၉၊ ၁၀၊ ၁၁၊ ၁၂ ကိုရွေးပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈၀ လောက်နဲ့ ဧည့်စာရင်း စစ်ချိန်မှာ တိုက် ၁၂၊ အခန်း ၉ မှာ မတ်လကတည်းက နေထိုင်နေတဲ့ ဦးစည်သူအောင်မြင့်နဲ့ မထက်ထက်ခိုင် တို့ကို ဖမ်းဆီးသွားတာလည်း ဖြစ်ပါတယ်။

ဦးစည်သူအောင်မြင့် ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အပြင် သေဒဏ်ချမှတ်နိုင်တဲ့ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄-က နဲ့ပါ အရေးယူတယ်လို့ စစ်ကောင်စီ သတင်းဌာနတွေက ကြေညာပါတယ်။ မထက်ထက်ခိုင်ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ကနဲ့ အမှုဖွင့်ထားသူကို နေအိမ်မှာ လက်ခံခဲ့တာနဲ့ ဖက်ဒရယ် FM ရေဒီယိုမှာ လုပ်အားပေး အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့တဲ့အတွက် မတရားအသင်းနဲ့ ဆက်သွယ်တဲ့ပုဒ်မ ၁၇/၁ နဲ့ အမှုဖွင့်မယ်လို့ ကြေညာပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org