ပလက်ဝနဲ့ ရခိုင်မြောက်ပိုင်းက ဒုက္ခသည်တွေကို စစ်ကောင်စီ နေရပ်ပြန်ခိုင်းနေ

ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီက နေရပ်ပြန်ခိုင်းနေပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဝါးတောင်စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေသူများအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်‌နေ့က တွေ့ရစဉ်။ MPA

ချင်းပြည်နယ် ပလက်ဝ၊ ဆမီးမြို့ နယ်နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည် တွေ နေရပ်ပြန်ဖို့ စစ်ကောင်စီက တိုက်တွန်းနေပေမယ့် ဒုက္ခသည်အများစုကတော့ လုံခြုံရေးအာမခံချက်မရှိတဲ့ အခြေအနေတွေကြောင့် နေရပ်ပြန်ဖို့ ငြင်းဆန်နေကြပါတယ်။

ပလက်ဝမြို့မှာ ဒုက္ခသည်စခန်း ငါးခုနဲ့ ဒုက္ခသည် ငါးထောင်ကျော်ရှိပြီး နေရပ်ပြန်လိုသူတွေ နဲ့ စခန်းမှာ ဆက်လက်နေထိုင်လိုသူတွေကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ စစ်ကောင်စီ က စာရင်းကောက်ယူခဲ့တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

ဒုက္ခသည်တွေအနေနဲ့ သူတို့ကျေးရွာတွေအနီးမှာ မြေမြှုပ်မိုင်းအန္တရာယ်ရှိနေတာအပြင် စစ်တပ်က စစ်ဆေးရေးဂိတ်တွေနဲ့ အသွားအလာကန့်သတ်ထားတာတွေကြောင့် အများစုက နေရပ်ပြန်ဖို့ ငြင်းဆိုနေကြတာလို့ ပလက်ဝမြို့က စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံတစ်ဦးဖြစ်တဲ့ ကိုအောင်ဏီက RFA ကိုပြောပါတယ်။

"စိုးရိမ်မှုတွေက မိုင်းတွေ အသွားအလာ ကျောက်တော် ပလက်ဝ လွတ်လပ်စွာသွားနိုင်ဖို့ ဖွင့်ပေးရင်ကောင်းမယ်၊ ပြန်ခိုင်းမယ်ဆိုရင်ပေါ့။ ကျနော်တို့ နေရပ်ပြန်ပြီဆိုရင် ကျန်းမာရေးကိစ္စနဲ့သွားမယ်ဆိုရင် ခွင့်တိုင်ရတယ်။ အဲဒါက ခက်ခဲတယ်၊ အခက်အခဲတွေ က အဲလိုမျိုးရှိတယ်"

ဒုက္ခသည်စခန်း ခြောက်ခုနဲ့ စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော်ရှိနေတဲ့ ဆမီးမြို့နယ်မှာ တော့ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ စာရင်းပေးထားပေမယ့် လတ်တလောမှာ ကလေးတွေက ကျောင်းတက်နေကြဆဲမို့ မပြန်နိုင်ကြသေးဘူးလို့ ဆမီးမြို့က စစ်ဘေးဒုက္ခသည် အမျိုးသမီးတစ်ဦးက RFA ကိုပြောပါတယ်။

"နေရပ်ပြန်ဖို့ကတော့ အခု ဆယ်တန်းစာမေးပွဲ ဖြေပြီးမှ ကျမတို့ပြန်ဖို့ လုပ်ထားတယ်။ ဒီကြားထဲမှာ ကလေးတွေ စာမေးပွဲရှိသေးတော့ မပြန်နိုင်သေးဘူး။ ပြန်မယ် စာရင်းပြတဲ့ သူတွေက မပြန်သေးဘူးပေါ့နော်။ ဒီမှာက အတည်တကျနေမယ့်လူတွေလောက်ပဲ ကျန်တော့မှာ။ အတည်တကျနေဖို့ အဆင်မပြေတဲ့သူတွေက အားလုံးပြန်ရမှာပဲ"

ပလက်ဝမြို့နယ်မှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်က အဘောင်သား၊ ရီးမဝ၊ ရှုမဝ၊ သုမဝနဲ့ တင်းရှင်း ကျေးရွာတွေက ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် တစ်ထောင်ဝန်းကျင်ကို စစ်ကောင်စီတပ်က နေရပ်ပြန်ပို့ခဲ့ပါတယ်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မြိတ်ဝရွာသူရွာသားများ ထွက်ပြေးနေကြရသည်ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်။ (Screenshot: Arakan Army Video)

ရခိုင်ပြည်နယ်မှာတော့ စစ်ကောင်စီ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဖေဖော်ဝါရီလ ၉ ရက်နေ့က ကျောက်တော် မြို့နယ်မှာ စစ်ဘေးဒုက္ခသည်တွေနဲ့ တွေ့ဆုံစဉ် ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ တိုက်တွန်းကြောင်းနဲ့ လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးနေကြောင်း ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီက ဒုက္ခသည်တွေ စခန်းတွေကို ရိက္ခာထောက်ပံ့မှုတွေကို ပုံမှန်မလုပ်ပေးတော့တာနဲ့ နိုင်ငံတကာလူမှုအဖွဲ့တွေကို လွတ်လပ်စွာသွားလာကူညီခွင့် ပိတ်ပင်ထားတဲ့အတွက် စခန်းထဲမှာ ရေရှည်နေထိုင်ဖို့ခက်ခဲတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

စစ်ကောင်စီက နေရပ်ပြန်ဖို့ တိုက်တွန်းနေပေမယ့် ဒုက္ခသည်တွေဘက်ကတော့ သူတို့ရပ်ရွာမှာ မိုင်းအန္တရာယ်ရှိနေတာကြောင့် နေရပ်ပြန်ဖို့မဖြစ်နိုင်သေးဘူးလို့ မြောက်ဦးမြို့က စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံတစ်ဦးဖြစ်သူ ကိုဝင်းနိုင်က RFA ကိုပြောပါတယ်။

"ကျနော်တို့က လုံးဝ ပြန်လို့မရသေးဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ဒီတိုက်ပွဲ ဖြစ်တဲ့နေရာမှာ လက်နက်ကျွမ်းကျင်တွေရော၊ သူတို့မိုင်းတွေရော ဘာမှ တာဝန်ယူ ရှင်းလင်းပေးတာလည်းမရှိဘူး။ စစ်ဘေးရှောင်ပြည်သူတွေက စစ်ဘေးရှောင်စခန်းမှာ မနေနိုင်အောင် သူတို့ ဖန်းတီးထားတာလေ။ ကျနော်တို့ကို ရိက္ခာဖြတ်တယ်။ NGO အဖွဲ့အစည်း၊ ပရဟိတအဖွဲ့အစည်းတွေ မလာနိုင်အောင်လုပ်တယ်”

ချင်းပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်ခိုင်းနေတောတွေနဲ့ပတ်သက်လို့ စစ်ကောင်စီ ချင်းပြည်နယ်အစိုးရ ပြောခွင့်ရှိသူ လူမူရေးဝန်ကြီး ဦးသန့်ဇင်ကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်ဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

"သူတို့က နေရပ်မှာမနေရဲဘဲနဲ့ လုံခြုံတဲ့နေရာမှာ လာနေတာလေ။ အခုလို ပြန်ခိုင်းတယ်ဆိုတာက သူတို့ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်တယ်လို့ ကျနော်တို့က ပြောလို့ရတယ်လေ"

စစ်ကောင်စီက အရပ်သားတွေ ဘေးကင်းလုံခြုံရေးကို ဦးစွာမဆောင်ရွက်ဘဲ နေရပ် ပြန်ခိုင်းတာဟာ အရပ်သားတွေအတွက် အန္တရာယ်များစေတဲ့လုပ်ရပ်ဖြစ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ စီမံအရာရှိ ဆလိုင်း မန်ဟင်လျန်က RFA ကို ပြောပါတယ်။

"သူတို့က ပြန်ရင်ဘာစားမလဲ။ သူတို့က နေရပ်မှာမနေရဲဘဲနဲ့ လုံခြုံတဲ့နေရာမှာ လာနေတာလေ။ အခုလို ပြန်ခိုင်းတယ်ဆိုတာက သူတို့ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်တယ်လို့ ကျနော်တို့က ပြောလို့ရတယ်လေ။ ပလက်ဝဆိုရင် လက်နက်ကိုင် က AA အပါအဝင်၊ စစ်တပ်အပါအဝင်၊ ကျနော်တို့ရဲ့ ချင်းတိုင်းရင်းသား လက်နက်ကိုင် အပါအဝင် အခု ပလက်ဝမှာရှိနေတဲ့အခါကျတော့ ပြန်ရင်တော့ ဒေသခံတွေ မလုံခြုံ ရတာက ဘယ်သူလျော်ပေးလဲ။ ဘယ်သူက တာဝန်ယူပေးမလဲဆိုတော့ လုံးဝကို အန္တရာယ်များတယ်။ ဘယ်သူမှ တာဝန်ယူပေးမှာမဟုတ်ဘူး"

RFA က ပြုစုထားတဲ့စာရင်းအရ ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့ တစ်ကျော့ပြန်တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်၊ မြေမြှုပ်မိုင်းနဲ့ စစ်လက်ကျန်ပစ္စည်းတွေကြောင့် သေဆုံးတဲ့ အရပ်သား ၄၅ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၀၆ ဦးအထိ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့အခြေစိုက် ခလရ (၂၈၉) တပ်ရင်းကနေ စစ်ကား နှစ်စီးနဲ့ ဆမီးမြို့ ဗျူဟာတပ်ရင်းကို အင်အားဖြည့်ခဲ့သလို ဆမီးမြို့အနီးအနားမှာရှိတဲ့ စိုးနီကနောင်၊ ဝါဒိန်၊ ဝါကြက်ချောင်းရွာတို့မှာ စစ်ကောင်စီ တပ်သား အင်အား ၁၂ဝ လောက်နဲ့ စစ်ကြောင်းထိုးနေတယ်လို့ ပလက်ဝ CDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒီအခြေအနေတွေကြောင့် မတူပီ-ဆမီး- ပလက်ဝ လမ်းမကြီး ကြားမှာရှိတဲ့ ကျေးရွာတွေနဲ့ ဆမီးချောင်း၊ မီးချောင်း တစ်လျှောက် ကျေးရွာတွေမှာ တိုက်ပွဲတွေ အချိန်မရွေးဖြစ်နိုင်တဲ့အတွက် ဒေသခံတွေ သတိနဲ့သွားလာကြဖို့ ပလက်ဝ CDF အဖွဲ့က သတိပေးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org