ထိတွေ့ပစ်ခတ်မှုများတဲ့ တပ်နဲ့ RCSS လကုန်ပိုင်းမှာ ဆွေးနွေးမည်

အပစ်ရပ် လက်နက်ကိုင် ၁ဝ ဖွဲ့ထဲမှာ တပ်မတော်နဲ့ တိုက်ပွဲပြန်ဖြစ်မှု အများဆုံး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ RCSS/SSA အဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး စိုင်းငင်းက သူတို့ရဲ့ ထိန်းချုပ်နယ်မြေအတွင်း တပ်ပိုင်းဆိုင်ရာကိစ္စတွေ ပြေလည်နိုင်ဖို့ ဒီလ မကုန်ခင် တပ်မတော် ညှိနှိုင်းရေးအဖွဲ့နဲ့ သီးခြားတွေ့ဆုံ ဆွေးနွေးမယ်လို့ ပြောလိုက်ပါတယ်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီက ဗိုလ်မှူးကြီး စိုင်းငင်း ကို တွေ့ရစဉ် Photo: Aung Moe Myint/ RFA

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့ဟာ အစိုးရနဲ့ Bilateral သဘောတူညီမှု လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်ပေမယ့် လက်တွေ့မှာ အကောင်အထည် မဖော်နိုင်ပဲ အငြင်းပွားဖွယ်ရာ ကိစ္စတွေနဲ့ နှစ်ဖက် ညှိနှိုင်းမရ ဖြစ်နေတဲ့ ကိစ္စတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။

NCA အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ အဖွဲ့ဟာ အစိုးရ တပ်မတော်နဲ့ တိုက်ပွဲပြန်ဖြစ်ပွားခဲ့မှု အများဆုံး အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ JMC နဲ့ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-s အဖွဲ့တွေထံ ဖြေရှင်းပေးဖို့ တင်ပြခဲ့တာရှိပေမယ့် ဆိုင်းငံ့ခံထားရတာတွေ ကြုံခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ဒီအခြေအနေတွေကို ကျော်ဖြတ်နိုင်ဖို့အတွက် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ခေါင်းဆောင် တွေနဲ့ တပ်မတော်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ လာမယ့် ဇန်နဝါရီလ ၂၈ ရက်နေ့ မတိုင်ခင် နှစ်ဖက် သီးခြားစီ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ဗိုလ်မှူးကြီး စိုင်းငင်း က သတင်းထောက်တွေကို အခုလို ပြောဆိုပါတယ်။

"ပြီးခဲ့တဲ့ JICM အစည်းအဝေးမှာလည်း သဘောတူညီထားတဲ့ အတိုင်းလေ Bilateral  သတ်သတ်ချင်း တွေ့မယ့်ပွဲ အစီအစဉ်ရှိတယ်၊ ဒါကြောင့် ကျနော်တို့ RCSS အနေနဲ့ ခုနပြောတဲ့ ၂၈ - ၂၉ ညှိနှိုင်းရေးအဖွဲ့ တွေ့ဆုံပွဲ မတိုင်ခင် ထပ်တွေ့မယ်ဆိုတဲ့ အနေအထားတော့ ညှိနှိုင်းထားတာ ရှိတယ်၊ အဲလို လျာထားတာပေါ့။" လို့ ပြောပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာလက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေးပြီး နောက်ပိုင်းမှာ RCSS အဖွဲ့ဟာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC မှာ ပါဝင်မှုကို ရပ်ဆိုင်း သွားမှာဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာလည်း ရပ်တန့်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ JICM အစည်းအဝေးမှာတော့ ဒီကိစ္စတွေ ပြေလည်မှုရရှိစေဖို့ နှစ်ဖက်ထိပ်သီးခေါင်းဆောင်တွေ ပြန်လည်ဆွေးနွေးသွားကြဖို့ သဘောတူညီခဲ့ကြပြီးနောက် အစိုးရနဲ့ Bilateral သဘောတူညီမှု လက်မှတ် ရေးထိုးထားကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ တစ်ဖွဲ့ချင်းအလိုက် တပ်မတော်ညှိနှိုင်းရေး ကိုယ်စားလှယ်တွေနဲ့ သီးခြားစီ တွေ့ဆုံမှုတွေ လုပ်ပြီး တစ်ဖွဲ့ချင်းရဲ့ လိုလားမှုတွေကို ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေကြတာပါ။

RCSS အဖွဲ့အနေနဲ့ကတော့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC နဲ့ သက်ဆိုင်တဲ့ နားလည်မှု လွဲမှားတာတွေကို အဓိကထား ဆွေးနွေးသွားဖို့ရှိတယ်လို့ ဗိုလ်မှူးကြီး စိုင်းငင်း က ပြောပါတယ်။

"အဓိက တချို့နေရာတွေ ကျနော်တို့ နားလည်မှု လွဲနေတဲ့အပိုင်းတွေ လည်းရှိတယ်၊ ဘာပဲပြောပြော တချို့ကိစ္စ တွေကလည်း ဘယ်လိုပြောမတုန်း JMC နဲ့ ဆိုင်တဲ့အပိုင်းတွေ အဲမှာပဲ ကျနော်တို့ ဆွေးနွေးမည့် အနေအထားတွေ ရှိပါတယ်။ ဒီမှာ အသေးစိတ်တွေတော့ ပြောလို့တော့ အဆင်မပြေဘူး။" လို့ ပြောပါတယ်။

ဒီညှိနှိုင်းမှုအပေါ် မူတည်ပြီး ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့နဲ့ အစိုးရ ကိုယ်စားလှယ်တို့အကြား ထပ်မံညှိနှိုင်းမှုတွေ ဆက်လုပ်သွားရမှာဖြစ်သလို JMC ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အစည်းအဝေးတွေ ဆက်လက် ကျင်းပနိုင်ဖို့ဟာလည်း အခုအစည်းအဝေးဟာ အဓိက ကျတယ်လို့ ဗိုလ်မှူးကြီး စိုင်းငင်းက ဆက်ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ညနေ ၄ နာရီကျော်ထိ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS အဖွဲ့နဲ့ မြန်မာအစိုးရတို့ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ပဏာမအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးထားခဲ့ပြီးနောက် ပြည်နယ်အဆင့် ပဏာမအပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ထပ်မံရေးထိုးခဲ့ပြီး ၂၀၁၅ အောက်တိုဘာလမှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၁၀ ဖွဲ့နဲ့ NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org