ရှမ်းပြည်နယ်မှာ အသက်ပြည့်သူတိုင်း စစ်မှုထမ်းဖို့ စစ်ကောင်စီနဲ့အပြိုင် RCSS ထုတ်ပြန်

ရှမ်းပြည်အတွင်းမှာ နေထိုင်တဲ့ အသက် ၁၈ နှစ်ကနေ ၄၅ အတွင်း ရှိသူတိုင်း စစ်မှုထမ်းဆောင်ရမယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ဖေဖော်ဝါရီ ၁၉ ရက်က ထုတ်ပြန်ပါတယ်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်ဖွဲ့ဝင်တစ်ဦးအား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၆ ရက်နေ့က တွေ့ရစဉ်။ RFA

ရှမ်းပြည်အတွင်းမှာ နေထိုင်တဲ့ အသက် ၁၈ နှစ်ကနေ ၄၅ အတွင်း ရှိသူတိုင်း စစ်မှုထမ်းဆောင်ရမယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ဖေဖော်ဝါရီ ၁၉ ရက် မနေ့က ထုတ်ပြန်ပါတယ်။ 

စစ်ကောင်စီဘက်က စစ်မှုထမ်းဥပဒေကြောင့် လူထုကြားမှာ စိုးရိမ်မှုရှိလာတဲ့အတွက် မူလရှိပြီးသား RCSS ရဲ့ စစ်မှုထမ်း ဥပဒေထဲက အချက်အချို့ကို ကောက်နုတ်ပြီး ပြန်လည်ထုတ်ပြန်တာလို့ RCSS ပြောခွင့်ရ ဗိုလ်မှူး ခမ်းစံက RFA ကို ပြောပါတယ်။ 

“ကျွန်တော်တို့ ဒီ RCSS ကျတော့ ဒီ ၂၀၀၈ ဥပဒေအောက်မှာ မနေဘူးလေ။ (စကစ ) ဘက်က ထုတ်ပြန်တဲ့ကိစ္စကျတော့ သူတို့နဲ့ဆိုင်တဲ့ ကိစ္စကိုး။ ရှမ်းပြည်ကိစ္စကျတော့ ကျွန်တော်တို့ RCSS နဲ့ပဲဆိုင်တယ်။ တချို့တွေက စိတ်ပူတာပေါ့နော့်။ (စကစ) က ဖမ်းမယ်ဆိုရင် စစ်မှုထမ်းဖို့ အတင်းအဓမ္မ ဖမ်းမယ်ဆိုရင် ကျွန်တော်တို့က ဘယ်လိုလုပ်ရမလဲပေါ့။ ဒါ့ကြောင့် စစ်မှုထမ်းဥပဒေက ကျွန်တော်တို့လည်း ရှိပြီးသားဖြစ်တယ်။ ဒီဟာကို ထုတ်နုတ်ပြီးမှ ကျွန်တော်တို့ ပြန်ထုတ်ပြန်ရတာ ဖြစ်တယ်။ ကျွန်တော်တို့ဆီမှာ တာဝန်ထမ်းဆောင်ရင် (စကစ) ဘက်မှာ တာဝန် ထမ်းဆောင်စရာမလိုဘူး။ အဲလို သက်ရောက်စေတာပေါ့”

RCSS  ရဲ့ စစ်မှုထမ်း မူဝါဒထဲမှာ တက္ကသိုလ်အဆင့် ပြီးမြောက်ထားသူတွေက ရုံးလုပ်ငန်းနဲ့ စက်မှုကျွမ်းကျင်သူတွေကတော့ စက်ပစ္စည်းနဲ့ ယာဉ်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်ရမယ်လို့ ပါရှိပါတယ်။ နည်းပညာ ကျွမ်းကျင်သူတွေကတော့ အိုင်တီ နည်းပညာနဲ့ ပတ်သက်တဲ့ နေရာတွေမှာ တာဝန်ထမ်းဆောင်ရမယ်လို့လည်း ဖော်ပြထားပါတယ်။

"ပြည်သူတွေက တော်တော်လေးကို ဇဝေဇဝါဖြစ်ပြီးတော့ ည အိပ်မပျော် စားမဝင်တဲ့ဘဝတွေ ဖြစ်ကုန်တာပေါ့"

စစ်ကောင်စီက တစ်နိုင်ငံလုံးမှာ စစ်မှုထမ်းဖို့ ဥပဒေထုတ်ပြန်ပြီးချိန် RCSS ဘက်က အခုလို ထုတ်ပြန်လာတဲ့အတွက်  သားသမီးတွေအတွက် ပိုပြီး စိုးရိမ်ရတယ်လို့ ရှမ်းပြည်နယ် သီပေါမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အပြိုင်အဆိုင်တွေပဲ အခုကောက်နေကြတာ။ ကျွန်မတို့က ရှမ်းဆိုတော့လည်း နှစ်ဖက်စလုံးအတွက် စိုးရိမ်ရတယ်။ စစ်တပ်ကလည်း ရှမ်းကို သူတို့ပိုင်တာပဲ။ ရှမ်းစစ်တပ်ကလည်း ကျွန်မတို့က ရှမ်းဆိုတော့ ရှမ်းကပိုင်တာပဲပေါ့။ အဲလိုဆိုတော့ ကျွန်မတို့က နှစ်ဖက်ကို ကြောက်နေရတဲ့ သဘောဖြစ်နေတယ်။ အိုးအိမ်တွေ ထားပြီးပြေးဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ ကိုယ့်သားသမီးတွေ နိုင်ငံရပ်ခြားသွားပြီး အလုပ်အကိုင်တွေ အဆင်မပြေမှာလည်း စိုးရိမ်တယ်။ အမျိုးမျိုး ပူပင်သောကရောက်နေတာပေါ့နော့်”

RCSS ရဲ့ စစ်မှုထမ်းမူဝါဒဟာ ရှမ်းပြည်အတွင်းမှာရှိတဲ့ တိုင်းရင်းသား လူမျိုးတိုင်းအတွက် ဖြစ်တယ်လို့ ပြောထားပေမယ့် ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ကြား ရှင်သန်နေရတဲ့ ရှမ်းလူထုအတွက် ပိုအကျပ်ရိုက်စေတယ်လို့ အမည် မဖော်လိုတဲ့ ရှမ်းလူငယ်အဖွဲ့ ခေါင်းဆောင်ဟောင်းတစ်ဦးက မှတ်ချက်ပြုပါတယ်။

“(စကစ) က စာတွေ ထုတ်လာပြီးတော့မှ သူကထုတ်တယ်ဆိုတော့ ဒါကျွန်တော်တို့အမြင်မှာ အတူတူပဲ။ အဲထုတ်တဲ့ အဖွဲ့ ထဲမှာ ဘယ်အဖွဲ့မှလည်း အလုပ်ဖြစ်မှာမဟုတ်ဘူး။ မြန်မာနိုင်ငံမှာ (စကစ ) တစ်ဖွဲ့တည်း ရှိတာမဟုတ်သလို ရှမ်းပြည်မှာလည်း RCSS တစ်ဖွဲ့တည်း ရှိတာမှမဟုတ်တာ။ ပြည်သူတွေက တော်တော်လေးကို ဇဝေဇဝါဖြစ်ပြီးတော့ ညအိပ်မပျော် စားမဝင်တဲ့ဘဝတွေ ဖြစ်ကုန်တာပေါ့။ ဒီအချိန် မြန်မာနိုင်ငံအတွင်းထဲမှာ ရှိတဲ့ လူငယ်တွေထဲမှာ ရှမ်းလူငယ်လောက် လမ်းပျောက်တာ ရှမ်းလူငယ်ပဲရှိတယ်”

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေမှာ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းလို့ သတ်မှတ်ထားပြီး ပညာရှင်အဆင့်ကတော့ ၄၅ နှစ်အထိ သတ်မှတ်ထားတာပါ။  အမျိုးသမီးတွေကတော့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အထိ သတ်မှတ်ထားပြီး ပညာရှင်အဆင့်ကိုတော့ ၃၅ နှစ်အထိ သတ်မှတ်ထားပါတယ်။ စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေကို ထောင်ဒဏ် ချမှတ်မယ်လို့ ဖော်ပြထားတာပါ။

ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ်မှ ဒေသခံတချို့အား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ရစဥ်။ (Photo: Citizen Journalist)

RCSS ရဲ့ စစ်မှုထမ်း မူဝါဒမှာတော့ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ လို့ ဖော်ပြထားပေမယ့် မိသားတစ်စုမှာ ဘယ်နှယောက် စစ်မှုထမ်းရမယ်ဆိုတာနဲ့ စစ်မှုမထမ်းရင် ဘယ်လို အရေးယူမယ်ဆိုတာမျိုးကိုတော့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာ မရှိပါဘူး။

ဒါပေမဲ့ မိမိတို့ဒေသကိုစွန့်ခွာပြီး အခြားတိုင်းပြည်တွေကို ထွက်ခွာမယ်ဆိုရင်တော့ မြေယာနဲ့ နေအိမ်တွေကို ကျေးရွာပိုင်အဖြစ် သတ်မှတ်သိမ်းဆည်းမှာဖြစ်ပြီး RCSS ထံမှာ စစ်မှုထမ်းရင်တော့ ဒီကိစ္စ ကင်းလွတ်ခွင့်ရ မယ်လို့ ဆိုထားတဲ့အတွက် စစ်ကောင်စီရဲ့ ဥပဒေတွေထက် ပြင်းထန်နေတာကို တွေ့ ရတယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးသန်းစိုးနိုင်က မှတ်ချက်ပြုပါတယ်။

“စစ်ကောင်စီနဲ့အတူ စစ်သားစုဆောင်းရေးလုပ်ငန်းကို အခွင့်အခါသင့်ပြီဆိုပြီး ဒီလိုလုပ်ကိုင်လာတာ ဖြစ်ပါတယ်။ သူ့ဒေသထဲမှာရှိတဲ့လူတွေ မြေယာတွေ၊ အိမ်တွေ ပစ္စည်းတွေ ရောင်းချပြီး ပြည်ပထွက်ခွာတယ်ဆိုတဲ့ ကိစ္စပေါ်လာလို့ရင် သိမ်းမယ်ဆိုတဲ့ သဘောထားကတော့ စစ်ကောင်စီထက်တောင်မှ RCSS ရဲ့ မူဝါဒက ပိုပြီး ဆိုးရွားနေတယ်လို့ ကျွန်တော်တို့က အကဲဖြတ်ပါတယ်”

RCSS ပြောခွင့်ရ ဗိုလ်မှူး ခမ်းစံကတော့ ကိုဗစ်ရောဂါ အလွန်ကာလမှာ ရှမ်းပြည်အတွင်းက ဒေသခံတွေ တိုင်းတစ်ပါးကို နေရပ်စွန့်ခွာမှု များလာပြီး မိမိတို့ဒေသကို ပြန်လာချိန်မှာ နေရာမဲ့၊ နိုင်ငံမဲ့ ပုံစံတွေ ဖြစ်ကုန်တာကြောင့် အခုလိုဆောင်ရွက်ရတာလို့ ပြောပါတယ်။

တိုင်းတစ်ပါးမှာ သွားရောက်အလုပ်လုပ်ကိုင်ပြီး မိမိတို့ရပ်ရွာအကျိုးကို ပြန်လည်ကြည့်တဲ့သူတွေရဲ့ အိမ်တွေကိုတော့ သိမ်းဆည်းတာမျိုး လုပ်မှာမဟုတ်ဘူးလို့လည်း ဗိုလ်မှူး ခမ်းစံက ပြောပါတယ်။

ထိုင်းနယ်စပ် လွိုင်တိုင်းလျန်းအခြေစိုက်တဲ့ RCSS အဖွဲ့ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး ရှမ်းပြည်တောင်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ အဓိက လှုပ်ရှားတာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ RCSS အပြင် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)၊ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကချင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(KIA)၊ ကိုးကန့် (MNDAA) တပ်ဖွဲ့တွေကလည်း အခုရက်ပိုင်းမှာ တပ်သားသစ် ခေါ်ယူစုဆောင်းနေပါတယ်။

ဒါ့အပြင်  ဒေသအခြေစိုက် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေကလည်း ကျေးရွာတွေအလိုက် တပ်ဖွဲ့ဝင်တွေ ကောက်ခံတာတွေ ပိုမိုလုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org