ရခိုင်မှာ နိုင်ငံရေးဆွေးနွေးဖို့ ထုတ်ပြန်ပြီးနောက် ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ကြုံနေရ
AA က စစ်ရေးထက် နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ အမြဲတမ်းအသင့်ရှိနေကြောင်း သဘောထားထုတ်ပြန်ပြီးနောက် စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့သာ ဆက်တိုက်ကြုံနေရတယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။
- 2025-01-06
-
-
-
အာရက္ခတပ်တော် (AA) က စစ်ရေးထက် နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ အမြဲတမ်းအသင့်ရှိနေကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့က သဘောထားထုတ်ပြန်ထားပေမဲ့ ဒီနေ့အထိ နှစ်ဖက်တွေ့ဆုံဆွေးနွေးမဲ့ အရိပ် အယောင်မတွေ့ရသေးဘဲ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့သာ ဆက်တိုက်ကြုံနေရတယ်လို့ ရခိုင်ဒေသခံ တွေက ပြောပါတယ်။
အာရက္ခတပ်တော် (AA) က သဘောထားထုတ်ပြန်ပြီးနောက် တစ်ပတ်အတွင်း AA ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်း၊ အမ်း၊ ဂွနဲ့ မြေပုံမြို့နယ်တွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ်ထက် မနည်းရှိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်တွေအတွင်း အရပ်သား ဆယ်ဦး သေဆုံးပြီး နောက်ထပ် တစ်ဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
"စစ်ဘေးရှောင်တွေရော၊ ဒေသခံလူတွေရော လေယာဉ်လာရင် အလုပ်ကိုလည်း မသွားရဲတော့ဘူး။ အကုန်လုံးဒုက္ခတွေ ရောက်နေကြတယ်”
ဇန်နဝါရီလ ၅ ရက် မနေ့ညနေပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် အောင်ဇုံပြင်ရွာအနီးဝန်းကျင်ကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့တာကြောင့် ကလေးတစ်ဦး အပါအဝင် ရိုဟင်ဂျာ သုံးဦးနဲ့ ရွာခံအမျိုးသမီး တစ်ဦး၊ စုစုပေါင်း လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အဲဒီအောင်ဇုံပြင်ရွာနားမှာ ဖုန်းလိုင်းမိတာကြောင့် ရပ်ဝေးမှာရှိတဲ့ မိသားစုတွေနဲ့ ဖုန်းပြောနေတဲ့အချိန်မှာ ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာလို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ပုဏ္ဏားကျွန်းမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
ပုဏ္ဏားကျွန်း ယိုးတရုပ်ရွာ ဗုံးကြဲခံရမှု သေဆုံးသူ ငါးဦးအထိ ရှိလာ
နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖြေရှင်းဖို့ စစ်ခေါင်းဆောင် ထပ်မံဖိတ်ခေါ်
AA နဲ့ စစ်ကောင်စီအကြား ဆွေးနွေးပွဲဖြစ်လာနိုင်သလား
“အောင်ဇုံပြင်ရွာကကျတော့ ပုဏ္ဏားကျွန်းကနေ စစ်တွေဘက်ကို သွားတဲ့လမ်းမှာ ရှိတာပေါ့။ အဲဒီနားမှာ ဖုန်းလိုင်းတွေမိတော့ အကုန်လုံး အဲဒီနားမှာပဲ ဖုန်းလာဆက်ကြတယ်။ လူစုလူဝေးလည်း အဲဒီနားမှာ အမြဲတမ်းရှိတယ်။ မနေ့ကကျတော့ ဖုန်းဆက်နေတဲ့အချိန် လူစုလူဝေးဖြစ်နေတဲ့အချိန် လာကြဲတာဆိုတော့ ထိခိုက်ဒဏ်ရာရတာတွေရှိတယ်။ မနေ့ကတော့ နှစ်နေရာ ကြဲတာပေါ့။ တောင်ပေါက်ရယ်၊ အောင်ဇုံပြင်ရယ် အဲဒီမှာတောင်တန်းကလည်း တစ်ဆက်တည်း၊ နီးလည်းနီးတယ်”
သေဆုံးသွားတဲ့သူတွေထဲက ကလေးတစ်ဦးအပါအဝင် ရိုဟင်ဂျာသုံးဦးဟာ ကျောက်တော်မြို့နယ် ဝကင်းရွာက ဖြစ်ပြီး အဲဒီနားမှာ ဖုန်းလိုင်းရတာကြောင့် ကျောက်တော်မြို့နယ်ကနေ ဖုန်းလာပြောသူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ရွာကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့တာကြောင့် အရပ်သား ငါးဦးသေဆုံးပြီး၊ ဆယ်ဦး ဒဏ်ရာရသွားခဲ့ပါတယ်။ အလားတူပဲ ဇန်နဝါရီလ ၃ ရက်နေ့ကလည်း မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ ဆေးရုံကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်တာမရှိတော့ပေမဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲမှုတွေကို အချိန်တိုင်း ကြောက်လန့် နေရာတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်က ကိုတင်အောင်ဌေးက RFA ကို ပြောပါတယ်။
“မနေ့ညနေကတော့ ဆက်တိုက်ကြဲတာပေါ့လေ။ ဝုန်းဝုန်းနဲ့ ဆက်တိုက်ကြဲနေတာ။ ၁၅ မိနစ်လောက်တောင် လေယာဉ်ဝဲခဲ့တယ်။ ရွာသားတွေအကုန်လုံးက ကြောက်ပြီးတော့ ဟိုပြေးဒီပြေးနဲ့ လေယာဉ်လာတယ်ဆိုရင် ကလေးတွေ အကုန်လုံးကို ဝပ်နေကြတယ်။ စစ်ဘေးရှောင်တွေရော၊ ဒေသခံလူတွေရော လေယာဉ်လာရင် အလုပ်ကိုလည်း မသွားရဲတော့ဘူး။ အကုန်လုံးဒုက္ခတွေ ရောက်နေကြတယ်”
အာရက္ခတပ်တော်(AA)က နိုင်ငံရေးဆွေးနွေးဖို့ပြောချိန်မှာ စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်အတွင်း အခုလို ဗုံးကြဲနေတာတွေဟာ နိုင်ငံရေးဆွေးနွေးဖို့ အစီအစဉ်မရှိဘူးဆိုတာကို ပြသနေတာပဲလို့ ရခိုင်စစ်ရေး လေ့လာသူ တစ်ဦးက သုံးသပ်ပါတယ်။
“အခုလို ဗုံးကြဲနေတာတွေက နိုင်ငံရေးဆွေးနွေဖို့ အစီအစဉ်မရှိဘူးဆိုတာကို ပြနေတဲ့ အနေအထားတစ်ရပ်ပဲ။ ပြီးရင် လက်နက်ကိုင်အဖွဲ့တွေနဲ့ မသက်ဆိုင်တဲ့ ပြည်သူလူထုကို အငြိုးတကြီးနဲ့ တိုက်ခိုက်နေတာကတော့ ကျင့်ဝတ်မဲ့ တိုက်ခိုက်မှုနဲ့ ကျင့်ဝတ်မဲ့ အယူအဆတွေပေါ့လေ။ ဒီသဘောထားတွေကတော့ ကောင်းတဲ့ သဘောထားတွေမဟုတ်ဘူး”
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ မကြာခဏ ထုတ်ပြောနေပေမဲ့ တကယ့်လက်တွေ့ အကောင်အထည်ဖော်တာတွေ မတွေ့ရဘူးလို့လည်း ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အာရက္ခတပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခနဲ့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း အာရက္ခတပ်တော် (AA) က ရခိုင် ၁၄ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
ဒီကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုတွေကြောင့် သေဆုံးတဲ့ အရပ်သား ခုနစ်ရာကျော်နဲ့ ဒဏ်ရာရသူ ၁၅၀၀ ကျော်ရှိတယ်လို့ နိုဝင်ဘာ ၁၈ ရက်နေ့မှာ AA က ထုတ်ပြန်ထားပါတယ်။