ရခိုင်မှာ လေကြောင်းတိုက်ခိုက်မှု စံချိန်တင်လာကြောင်း ညီနောင်သုံးဖွဲ့ ပြော
ရခိုင်ဒေသကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာနေပြီး နှစ်ဖက်တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။
-
RFA Burmese
2024-01-18 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ နှစ်ဖက် တိုက်ပွဲတွေ သိသိသာသာလျော့ကျသွားပေမယ့် ရခိုင်ဒေသကိုတော့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာနေပြီး နှစ်ဖက်တိုက်ပွဲတွေလည်း ပြင်းထန်နေဆဲပဲလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ မနေ့ည ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မနေ့က တစ်ရက်တည်းမှာ ကျောက်တော်၊ မင်းပြားနဲ့ ရသေ့တောင်မြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှု စံချိန်တင်ခဲ့ပြီး အရပ်သားသေဆုံးသူ ခြောက်ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
"လေယာဉ်ပြန်သွားတော့မှ ရွာကိုလာကြည့်တာ ရွာသားတွေ သေနေတာကိုတွေ့တယ်"
ဇန်နဝါရီလ ၁၇ ရက် မနေ့ နေ့လယ်က ကျောက်တော်မြို့နယ် ပီချောင်းဒေသ လင့်စင်ရွာသစ်၊ သဲပုံရွာနဲ့ ဝဲကြီးထောင့်ရွာ အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က Y-12 အမျိုးအစား တိုက်ခိုက်ရေးလေယာဉ်တစ်စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံငါးဦး သေဆုံးပြီး ကလေးတွေအပါအဝင် တစ်ဆယ်ကျော် ဒဏ်ရာရသွားခဲ့ပါတယ်။ တိုက်ပွဲ ဖြစ်ပွားတာ မရှိဘဲ ရွာထဲကို ရည်ရွယ်ချက်ရှိရှိ လာရောက်ဗုံးကြဲသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့က အိမ်မှာ မုန်လာဥ သိမ်းနေကြတုန်း လေယာဉ်က ရုတ်တရက်လာပြီး ဗုံးကြဲသွားတာပါ။ ကျွန်တော်တို့က ဗုံးခိုကျင်းထဲ ဝင်ပုန်းကြတယ်။ ပြီးရင် တောင်ပေါ် တက်ပြေးကြတယ်။ လေယာဉ်ပြန်သွားတော့မှ ရွာကိုလာကြည့်တာ ရွာသားတွေ သေနေတာကိုတွေ့တယ်။ ရွာနှစ်ရွာမှာ ကျတယ်။ ပြီးရင် နေအိမ်လေးအိမ် ပျက်စီးသွားတယ်”
သေဆုံးသူတွေဟာ အသက် (၅၀) အရွယ် ဒေါ်အေးအေးချေ၊ အသက် (၄၀) အရွယ် ဒေါ်ကျော့ကျော့ဝင်း၊ အသက် (၇၀) အရွယ် ဦးစံသာကျော်၊ အသက် (၅၇) နှစ်အရွယ် ဒေါ်မအေးနုနဲ့ အသက် (၂၃) နှစ်အရွယ် မငယ်ငယ်တို့ ဖြစ်ပါတယ်။ သူတို့ဟာ နှစ်ဖက်တိုက်ပွဲတွေကြောင့် လင့်စင်ရွာကို ထွက်ပြေးရောက်နေကြတာလို့လည်း ပြောပါတယ်။
ကျောက်တော်မြို့အခြေစိုက် စကခ (၉) လက်အောက်ခံ ခမရ ၃၇၆ တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် သရက်တပင်ရွာက အသက် ၅၂ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်သေဆုံးသွားခဲ့တယ်လို့လည်း ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူ မင်းပြားမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေမှာလည်း မနေ့က ဂျက်တိုက်လေယာဉ်နှစ်စီး၊ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးနဲ့ မြို့ပေါ်ရပ်ကွက်တွေ၊ အနီးအနားကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မင်းပြားမြို့မှာတော့ စစ်ကောင်စီတပ်က တိုက်လေယာဉ်မျိုးစုံနဲ့ တစ်နေ့ကို အနည်းဆုံး သုံးကြိမ်ထက်မနည်း လာရောက်တိုက်ခိုက်တာ ကြုံနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“လေယာဉ်နဲ့ လာပစ်တယ်။ ပြီးရင် အမြောက်ကြီးတွေနဲ့ ပစ်တယ်ဗျာ။ တစ်ခါတလေ ကျရင် မြောက်ဦးဘက်ကတောင် လှမ်းပစ်တာတွေရှိတယ်။ တစ်နေ့ကို မနက်တစ်ခေါက်၊ နေ့လယ်တစ်ခေါက်၊ ညတစ်ခေါက်၊ အနည်းဆုံး သုံးကြိမ်လောက် လာပစ်တာရှိတယ်။ လေယာဉ်တွေကတော့ ပုံစံအမျိုးမျိုးပါပဲ။ ကြီးတဲ့လေယာဉ်တွေရော၊ သေးတဲ့လေယာဉ် တွေရော ပုံစံအမျိုးမျိုး ထုတ်သုံးတာရှိတယ်။ သူတို့က ရပ်ရွာတွေကို ဦးတည်ပြီးပစ်သလို ဖြစ်နေတယ်။ အရင်တုန်းကတော့ ဗုံးခိုကျင်းလေးတွေတူးပြီး နေကြတယ်။ အခုအခါတော့ ပြေးနေရတယ်။ မင်းပြားမြို့နဲ့ ဝေးတဲ့နေရာတွေကို ပြေးရတာပေါ့”
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေတာ အချိန်နှစ်လကျော်ရှိ သွားပြီဖြစ်ပါတယ်။ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပေါက်တောနဲ့ တခြားမြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။
တိုက်ပွဲပြင်းထန်လာတာနဲ့အမျှ စစ်ကောင်စီတပ်ဟာ လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက RFA ကို ပြောပါတယ်။
“ရခိုင်မှာ တိုက်ပွဲစဖြစ်ကတည်းက AA ကို မကျေတဲ့စိတ်တွေနဲ့ ရခိုင်ပြည်သူတစ်ရပ်လုံး ကို ဘယ်လိုဒုက္ခရောက်အောင်လုပ်မလဲ ပုံစံမျိုးစဉ်းစားပြီးတော့ တောက်လျှောက်လုပ် လာတယ်။ ULA/AA တပ်စခန်းတွေ ဘယ်နားမှာရှိတယ်ဆိုတာကို သူတို့ သိတယ်။ အဲဒီနေရာကို သွားတိုက်တာထက် လေယာဉ်နဲ့နေပြီးတော့ ရွာတွေကို လှမ်းပစ်တာတွေ၊ လက်နက်ကြီးတွေနဲ့ ရွာတွေကို သေချာပစ်မှတ်ချိန်ပြီးတော့ အစုလိုက်အပြုံလိုက် သေလောက်အောင် ဒီလိုမျိုး လုပ်တာတယ်ပေါ့”
လက်ရှိ ရခိုင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ အဘက်ဘက်က ကျဆုံးမှုတွေ ပိုများလာတာကြောင့် သူတို့ရဲ့ အဓိကအားသာချက်ဖြစ်တဲ့ လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုတွေကို အဓိကသုံးပြုလာတာလို့လည်း သူက ပြောပါတယ်။
အဲဒီလို တိုက်ခိုက်ရာမှာလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ တကျော့ပြန်တိုက်ပွဲ တုန်းကလိုပဲ ပြည်သူတွေ ဒုက္ခသည်ရောက်အောင် ပစ်မှတ်ထားတိုက်ခိုက်နေပြီး ပြည်သူတွေအထိနာလာရင် ပြည်သူတွေတိုက်ပွဲရပ်ဖို့ တောင်းဆိုလာအောင်၊ AA ကို မထောက်ခံရဲအောင်နဲ့ AA က တိုက်ပွဲရပ်ဖို့ သဘောတူအောင် လုပ်ဆောင်နေတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တကျော့ပြန်တိုက်ပွဲတုန်းကတော့ ပြည်သူတွေ အထိနာလာ တာကြောင့် ရက္ခိုင့်တပ်တော် (AA) က လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ သူတို့ မျှော်လင့်ထားတဲ့ အခြေအနေတစ်ခု မရမချင်း တိုက်ပွဲရပ်စဲမယ့်အခြေအနေ မတွေ့ရဘူးလို့လည်း အဲဒီလွှတ်တော်ကိုယ်စားလှယ်ဟောင်းက ထောက်ပြပါတယ်။
အခုလို ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာတာ၊ အရပ်သားတွေ ပိုပြီထိခိုက်လာတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပေဒချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
စစ်ကောင်စီဘက်ကလည်း ရခိုင်တိုက်ပွဲ အခြေအနေတွေနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်လာတာနဲ့ အမျှ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေကြောင့် အရပ်သား သေဆုံး၊ ဒဏ်ရာရတာတွေ နေ့စဉ်နဲ့အမျှ တိုးလာနေပါတယ်။
စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ၊ မြိုရွာတွေကို ဗုံးကြဲတာ၊ မီးရှို့ဖျက်ဆီးတာ၊ သမိုင်းဝင်အမွေအနှစ်တွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာတွေကို ပေါ်ပေါ်တင်တင် လုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ မိမိကိုယ်ကိုကာကွယ်နိုင်တဲ့ နည်းလမ်းတွေနဲ့ အထူးသတိထားပြီး လုံလုံခြုံနေထိုင်ကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က မနေ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်း ထားပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ တိုက်ပွဲစတင်တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကစလို့ ဇန်နဝါရီလ ၁၈ ရက် ဒီကနေ့အထိ စစ်ဘေးကြောင့် သေဆုံးတဲ့အရပ်သား ရှစ်ဆယ်ကျော်နဲ့ ဒဏ်ရာရသူ ၁၉၀ နီးပါး ရှိသွားပြီဖြစ်ပါတယ်။