စောင့်ကြည့်စခန်းတွေမှာ စေတနာ့ဝန်ထမ်း လိုအပ်နေ

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ရာမှာ ပိုးတွေ့ရှိသူတွေ၊ ဆေးစစ်ချက် ရယူထားသူတွေ ယာယီနေထိုင်ရာ Quarantine Center လို့ ခေါ်တဲ့ ကျန်းမာရေး စောင့်ကြည့်တဲ့နေရာတွေမှာ စေတနာ့ဝန်ထမ်း ရှားပါးတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။

ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းက ဧရာဝတီကျန်းမာရေးစင်တာမှာ အလုပ်လုပ်နေသူတွေကို တွေ့ရစဉ် Photo: Ayeyarwady Foundation

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေ၊ အတည်ပြုလူနာတွေနဲ့  ထိတွေ့ခဲ့သူတွေကိုထားတဲ့ ကျန်းမာရေးစင်တာ တွေမှာ စေတနာ့ဝန်ထမ်း လိုအပ်ချက်တွေရှိနေတာဖြစ်ပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့က စတင်ဖွင့်လှစ်လိုက်တဲ့ သုဝဏ္ဏအားကစားကွင်းက ဧရာဝတီ ကျန်းမာရေးစင်တာမှာ တာဝန်ထမ်းဆောင်လိုတဲ့ စေတနာ့ဝန်ထမ်းတွေ ဆက်သွယ်စာရင်းပေးဖို့ ခေါ်ယူနေပါတယ်။

ရန်ကုန်ကနေ အခြားနယ်ဒေသတွေကို စေတနာ့ဝန်ထမ်းတွေ စေလွှတ်နေရတဲ့အတွက် စေတနာ့ဝန်ထမ်း လိုအပ်ချက်က တော်တော်ရှိနေတယ်လို့ ဧရာဝတီစင်တာမှာ ကူညီဆောင်ရွက်နေတဲ့ သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောပါတယ်။

"စဖြစ်တဲ့ကာလတုန်းက သင်္ကြန်ပိတ်ရက်ဆိုတော့ အားလုံးက အားနေကြတယ်။ အဲချိန်တုန်းက လူတော် တော်များတယ်။ အခုက ကွာရန်တင်းစင်တာတွေကလည်း များလာတယ်။ တော်တော် အခက်အခဲဖြစ်တယ်။ အလုပ်တွေပြန်ဝင်နေကြပြီ။ နောက်တစ်ခုက Volunteer လုပ်အားပေးတွေထဲမှာလဲ ထိတာတွေရှိတယ်။ နောက်တစ်ခုက ရန်ကုန်ကနေ အခြားကိုပေါ့။ ဥပမာ ရခိုင်ကို လွှတ်ရတာမျိုးတွေ ရှိလာတယ်ပေါ့"

လုပ်အားပေးဖို့ခေါ်ယူရာမှာ အထွေထွေ စေတနာ့ဝန်ထမ်း၊ ဆေးဝါးကျွမ်းကျင် စေတနာ့ဝန်ထမ်း၊ နည်းပညာ ကျွမ်းကျင် စေတနာ့ဝန်ထမ်း စသဖြင့် အမျိုးမျိုးရှိပြီး နေရာအားလုံးမှာ လိုအပ်နေတာပါ။

ပိုးကူးစက်မှုစဖြစ်တဲ့ ပထမအကြိမ်က စေတနာ့ဝန်ထမ်းလုပ်ခဲ့သူတွေတောင် အခု ဒုတိယအကြိမ်မှာ ပြန်မလာနိုင်တော့တာတွေရှိနေတယ်လို့ စင်တာတွေမှာ ကူညီဆောင်ရွက်နေတဲ့ We Love Yangon က အထွေထွေအတွင်းရေးမှူး ဦးဇော်ဝင်းခိုင်က ဆိုပါတယ်။

"ရနိုင်တဲ့အင်အားအနေအထားက အရင်ကထက်စာရင် နည်းသွားတယ်။ ပထမတစ်ကြိမ်တုန်းက လာပူးပေါင်း တဲ့သူတွေတောင် အခု အကုန်ပြန်မလာနိုင်ဘူး။ တချို့တွေကလည်း ခရီးလွန်နေလို့ တချို့ကလည်း မိဘက စိတ်မချလို့ အကြောင်းအမျိုးမျိုးပေါ့"

တိုင်းဒေသကြီးအစိုးရအစီအစဉ်နဲ့ ဖွင့်လှစ်ထားတဲ့ စင်တာတွေနဲ့ ဖောင်ကြီးစင်တာ၊ ရိုးမရိပ်သာစင်တာ၊ လှိုင်စင်တာ၊ ဧရာဝတီစင်တာစတဲ့ စင်တာတွေအပြင် မြို့နယ်အလိုက် စင်တာတွေလည်း ဖွင့်လှစ်ထားရှိပါတယ်။

အင်းစိန်မြို့နယ်အတွင်း ပိုးတွေ့လူနာတွေ ရုတ်တရက် တိုးလာမယ်ဆိုရင် လက်ရှိရှိနေတဲ့ စေတနာ့ဝန်ထမ်း အင်အားက လုံလောက်မှုရှိမှာ မဟုတ်ဘူးလို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က သုံးသပ်ပါတယ်။

"ဒီအနေအထားအထိ အဆင်ပြေနေသေးတယ်။ နောက်ထပ် ၂၀၀ လောက် တပြိုင်နက်ထဲတိုးလာရင် နိုင်နိုင် နင်းနင်းလုပ်ဖို့ ခက်ခဲသွားမယ်။ အခုလည်း ၂၅၀ လောက်ထိန်းထားရတယ်။ ဒါက သူ့ဘာသာသူ ဆင်းသွားတာ ရှိမယ်။ ထပ်တိုးလာတာ လည်ပတ်နေရင်ရတယ်။  အဲဒီ ၂၅၀ ကလည်းရှိနေမယ်။ နောက်ထပ် ၅၀ လောက် အထိ ထိန်းထားနိုင်သေးတယ်။ ၁၀၀ လောက် ဖြစ်လာရင်တော့ အခက်အခဲဖြစ်သွားမယ်"

ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှုး ဒေါက်တာ ခင်ခင်ကြီး ကတော့ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆရာဝန် စေတနာ့ဝန်ထမ်းတွေကိုပဲ ခေါ်ယူနေတာဖြစ်ပြီး စင်တာတွေရဲ့ စေတနာ့ ဝန်ထမ်း လိုအပ်ချက်တွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ တိုင်းအစိုးရအဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့ ပြောပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတွေ၊ အရန်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအဖွဲ့တွေက စေတနာ့ဝန်ထမ်းတွေကို အားထားပြီး စင်တာတွေမှာ ဆောင်ရွက်နေကြတာဖြစ်ပါတယ်။

လက်ရှိရှိနေတဲ့ စေတနာ့ဝန်ထမ်းအင်အားအရ ပိုးတွေ့ရှိသူ၊ ပိုးတွေ့သူနဲ့ ထိတွေ့သူ ၁၀ ဦးကို စေတနာ့ဝန်ထမ်း တစ်ဦးနှုန်းက တာဝန်ယူနေရတာမျိုး ဖြစ်နေတယ်လို့ ဆိုပါတယ်။

ရိုးမရိပ်သာစင်တာမှာ ကြပ်မတ်စောင့်ကြည့်ခံနေရသူ ကိုထက်အာကာက သူတို့လို ပိုးတွေ့လူနာနဲ့ ဆက်စပ်သူတွေ ထားတဲ့အဆောင်မှာ စေတနာ့ဝန်ထမ်းတွေ တစ်ယောက်မှမရှိဘဲ တစ်ဦးကိုတစ်ဦး အပြန်အလှန်ကူညီနေတာ တွေ့ရတယ်လို့ ပြောပြပါတယ်။

စစ်ဆေးမှုအဖြေ အများစုက ပိုးမတွေ့ရှိ Negative ဆိုတဲ့ အဖြေများတယ်လို့ ဆိုပါတယ်။

"ကျနော်တို့အဆောင်က Negative များတယ်။ ဆေးဝါးစောင့်ရှောက်မှု မလုပ်ပေးနိုင်ဘူး။ ကိုယ့်ဘာသာ ကိုယ်ပေါ့ ကိုယ့်အခန်းဖော်နဲ့ စောင့်ရှောက်နေရတဲ့သဘောပဲ။  Volunteer တွေလည်း မလောက်ဘူးလို့ ကြားနေရတာပဲ။ ဆိုးတာတစ်ခုက အခြား အခန်းဖော် နှစ်ယောက်နဲ့ တူတူထားထားတယ်။ Negative ထွက်လာတော့ ကိုယ်တင်မဟုတ်ဘဲ အခြား နှစ်ယောက်ပါ Negative ဖြစ်ဖို့ ဆုတောင်းနေရတယ်။"


ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာမှာလည်း မကြာခဏဆိုသလို ရောဂါအခံရှိသူတွေ၊ လေဖြတ်ထားသူတွေ၊ သက်ကြီးရွယ်အို ပိုးတွေ့လူနာတွေ၊ လူနာစောင့်မရှိလို့ အခက်အခဲတွေဖြစ်နေရတယ်ဆိုတာမျိုး ရေးသားနေကြတာ တွေ့ရပါတယ်။

၂၄ နာရီ လုပ်အားပေးကြရာမှာ စေတနာ့ဝန်ထမ်းတွေ တာဝန်ချိန်သတ်မှတ်ပြီး အလှည့်ကျလုပ်ကိုင်နေကြ ပါတယ်။  စောင့်ကြည့်ဌာနတွေဟာ ကိုယ့်အိမ်မဟုတ်တဲ့အတွက် လိုအပ်ချက်တွေရှိနေမှာ ဖြစ်တာကြောင့် နှာခေါင်းစည်း Mask တပ်ဆင်ရတဲ့အချက်ကအစ စည်းကမ်းချက်တွေ လိုက်နာပေးကြဖို့ တိုက်တွန်းထားပါတယ်။

"သူတို့တွေကို ပြုစုစောင့်ရှောက်တဲ့တာဝန်ကိုယူထားရတဲ့အတွက် သည်းခံပေးရမယ်။ ဒါပေမဲ့ လူတွေက စည်းကမ်းရှိတဲ့သူတွေပါသလို စည်းကမ်းမရှိတဲ့သူတွေပါတယ်။ တာဝန်သိတဲ့သူပါသလို တာဝန်မဲ့နေတတ် တဲ့သူတွေပါတယ်။ အဆောင်တွေကို CCTV ကွန်ထရိုးကနေ ကြည့်နေရင် သူတို့အပြင်ထွက်မယ် လျှောက်လမ်း သွားမယ်၊ ရေချိုးသွားမယ်ဆိုရင် Mask မတပ်တဲ့သူတွေရှိနေတုန်းပဲ။ Mask တပ်ပါ အတန်တန်ပြောနေရတယ်။ လူတွေက ဖြစ်ကာမှဖြစ်ရော တပ်ဆိုရင် မေးစေ့မှာချိတ်ထားကြတာ။ ဒါက စင်တာထဲမှာရော အပြင်မှာပါ Mask မတပ်တဲ့သူတွေ တွေ့နေရတုန်းပဲ။"

ဧရာဝတီကျန်းမာရေးစင်တာမှာ စေတနာ့ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ကိုသိန်းထိန်က ပြောသွား တာပါ။

ပြည်သူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို အပြည့်အဝလိုက်နာကြဖို့၊ အိမ်မှာပဲနေဖို့ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့ တိုက်တွန်းထားပြီး ဒီလိုမျိုး တစ်ကိုယ်ရည် လိုက်နာမှုတွေဟာ ကျန်းမာရ န်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ အလှူရှင်တွေအတွက် တစ်တပ်တစ်အား ပါဝင်ကူညီတာဖြစ်တယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org