နိုင်ငံရေးအကျဉ်းသားတွေ ဆိုးဆိုးရွားရွား ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံနေရ

RFA Burmese
2023.08.09
နိုင်ငံရေးအကျဉ်းသားတွေ ဆိုးဆိုးရွားရွား ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံနေရ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့က မြင်တွေ့ရသည့် ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်ရှေ့မြင်ကွင်း။
RFA

စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးစိတ်ဓာတ် ပျက်ပြား ဦးကျိုးသွားအောင် ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်တာတွေ ပဲခူးတိုင်းထဲက သာယာဝတီထောင်နဲ့ ကျိုက်စကောအကျဉ်းထောင်တွေမှာ အဆိုးရွားဆုံး ကျူးလွန်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက RFA ကို ပြောပါတယ်။

နိုင်ငံရေးစိတ်ပြင်းထန်တဲ့ အကျဉ်းသားတွေကို သာယာဝတီထောင်ကို ပြောင်းရွှေ့ပြီး ညှဉ်းပန်းနှိပ်စက်တဲ့ နေရာအဖြစ် အသုံးပြုနေတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုမင်းညို က ပြောပါတယ်။

“အခု အဆိုးဆုံးကတော့ ကျိုက်စကောထောင်နဲ့ သာယာဝတီထောင်ပေါ့နော်၊ သာယာဝတီထောင်ကတော့ အခုလက်တလောမှာ စစ်ကောင်စီက သတ်မှတ်ထားတာက ထောင်ပေါင်းစုံက နိုင်ငံရေးရပ်တည်ချက်ပေါ်မှာ ခိုင်ခိုင်မာမာနေတဲ့လူတွေကို ထောင်နဲ့ထောက်လှမ်းရေးက မှတ်ချက်ပေးတယ်၊ အဓိကတော့ ဆန့်ကျင်ဘက်အားကောင်း၊ ဆန့်ကျင်ဘက်အားသင့်၊ ဆန့်ကျင်ဘက်အားနည်းပေါ့နော်၊ အဲ့လိုမျိုးသတ်မှတ်တယ်၊ ဆန့်ကျင်ဘက်အားကောင်းဆိုတဲ့လူတွေကို သီးခြားရွေးပြီးတော့ သာယာဝတီထောင်ကို အကုန်လုံးပို့တယ်၊ သာယာဝတီထောင်ကို ပို့ပြီးတော့ သဘောကတော့ ကျွန်တော်တို့ ဟိုဘက်ခေတ်က concentration camp လို ပုံစံမျိုး၊ အဲ့လိုမျိုးသီးခြားခေါ်ပြီးတော့ ရိုက်ဖို့နဲ့ မာန်ချိုးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သာယာဝတီထောင်ကို သတ်မှတ်ထားတယ်လို့ ကျွန်တော်တို့ ဒီထောင်ထွက်တွေနဲ့ ထောင်တွင်းအခြေအနေတွေရယ် နောက်ဆုံး မေးထားတဲ့အနေထားပေါ်မှာ သိရတယ်။”

သာယာဝတီထောင်က ထောင်အရာရှိနဲ့ ထောင်ပိုင်အပါအဝင် ထောင်ဝန်ထမ်းတွေက စစ်တပ်ဘက်က အသစ်ပြောင်းလဲခန့်ထားတဲ့ ဝန်ထမ်းအသစ်တွေဖြစ်နေပြီး နိုင်ငံရေးအကျဉ်းသားတွေကို စည်းကမ်းတင်းကြပ် စောင့်ကြည့်တာတွေကြောင့် အကျဉ်းသားအချင်းချင်း စကားပြောဖို့တောင် ခက်ခဲနေတယ်လို့ ဆိုပါတယ်။

ကျိုက်စကော အကျဉ်းထောင်မှာဆိုရင် ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်က နိုင်ငံရေးအကျဉ်းသား ၃၇ ယောက်ကို ထောင်ပြင်ပခေါ်ဆောင်ပြီး အဲဒီထဲက ၁၄ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။ သာယာဝတီခရိုင်ရဲရုံးက ရဲအရာရှိပြောဆိုချက်နဲ့ သေဆုံးအကျဉ်းသား မိသားစုဝင်တွေဆီ ပေးပို့တဲ့ အကြောင်းကြားစာတွေရဲ့ စာအမှတ်တွေက တစ်ဆင့် ဒီသတ်ဖြတ်မှုကို အတည်ပြုနိုင်ခဲ့တယ်လို့ ကိုမင်းညိုက ပြောပါတယ်။

“ကျိုက်စကောထောင်က လွတ်တာက ရာနဲ့ချီလွတ်တယ်ပေါ့နော်၊ အဲ့မှာနိုင်ငံရေးအကျဉ်းသား ၁၁ ယောက်ပါတယ်လို့ သတင်းရတယ်၊ ယောကျာ်းလေး ခြောက်ယောက် မိန်းကလေး ငါးယောက်ပေါ့နော်၊ အဲ့ထဲကနေပဲ တစ်ချို့တစ်ဝက်တွေကနေ သိရတဲ့ဟာက ဇွန်လ ၂၇ ရက်နေ့ ၃၇ ယောက်ထုတ်သွားတယ်၊ အဲ့ထဲမှာ ၁၄ ယောက်သေတယ်ဆိုပြီးတော့ ကျွန်တော်တို့ up to date သတင်းရထားတယ်၊ ၁၄ ယောက်ထဲမှာမှ ၁၂ ယောက်က အိမ်ကိုစာပို့တယ်ပေါ့နော်၊ နှစ်ယောက်ကတော့ ပျောက်ဆုံး၊ ခရိုင်ရဲရုံးကိုသွားမေးကြည့်ပါ သူတို့ သိနိုင်တဲ့စာရင်းပေါင်းပြီးတော့ အဲ့ဒီခရိုင်ရဲရုံးက တစ်ပွင့်အရာရှိမက သာယာဝတီကိုပြောင်းတဲ့ ထောင်ပြောင်းကားက နည်းနည်းမှောက်မလို ဖြစ်သွားတဲ့ဟာကိုတဲ့ အကုန်လုံးက ထွက်ပြေးဖို့လုပ်တာတဲ့၊ အကုန်လုံးကို ပစ်သတ်လိုက်တာလေတဲ့၊ ၁၄ ယောက်လုံးသေသွားပြီလေဆိုပြီးတော့၊ ဒီမိန်းမက ဒီတစ်ပွင့်အရာရှိမက ပြောတယ်ဆိုတဲ့ ဟာပေါ်မှာရယ်၊ နောက်ပြီးတော့ ဦး ၁/၁၄ ဆိုတဲ့ဟာအပေါ်မှာ ကျွန်တော်က ၁၄ ယောက်သေတယ်လို့ အတည်ပြုလိုရတယ်၊ နောက်ပြီးတော့ အိမ်တွေကို ရောက်တာကတော့ ၁၂ ယောက်ထဲကို စာပို့တယ်လို့ သိရတယ် ၊ တကယ်က ၁၄ ယောက်ဆိုတာ အတည်ပြုလို့ ရတယ်ပေါ့နော်။"

နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်ကလည်း စစ်ကောင်စီဟာ နိုင်ငံရေးအကျဉ်းသားတွေကို အကျဉ်းထောင်ထဲမှာသာမက စစ်ကြောရေးမှာပါ အကြမ်းဖက်နှိပ်စက်တဲ့အပြင် သတ်ဖြတ်တာတွေ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

“အခုလက်ရှိအခြေအနေသည် နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ အကြမ်းဖက်ဖိနှိပ်မှုတွေ အကြမ်းဖက်သတ်ဖြတ်မှုတွေ သာမကပေါ့ အပြင်ထုတ်ပြီးတော့ ထောင်ပြောင်းမယ်ဆိုပြီးတော့ လမ်းခုလတ်မှာသော်လည်းကောင်း၊ သူတို့ရဲ့ အကြမ်းဖက်စစ်တပ်စခန်းတွေမှာ သော်လည်းကောင်း၊ စစ်ကြောရေးတွေ သူတို့လုပ်တယ်၊ ဖိနှိပ်တယ်၊ ပြီးလည်းပြီးရောပေါ့ဗျာ၊ ဒီကားတိမ်းမှောက်တာကို အခွင့်ကောင်းယူပြီးတော့ ထွက်ပြေးဖို့ကြိုးစားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ သူတို့ပစ်သတ်တယ်ပေါ့နော်၊ တကယ့်တကယ်ကျတော့ ထောင်ပြောင်းဆိုရင် နှစ်ယောက်တစ်တွဲ ခြေချင်းခတ်တာပါဗျာ၊ နှစ်ယောက်တစ်တွဲခြေချင်းခတ်တာ ဘယ်လိုလုပ်ထွက်ပြေးမလဲဗျာ၊ ကျွန်တော်တို့နိုင်ကျဉ်းတွေက Superman လည်းမဟုတ်ဘူးလေ။”

သာယာဝတီထောင်တွင်းက အကျဉ်းဆောင်တွေမှာ ထောင်ဝန်ထမ်းတွေ စောင့်ကြည့်တာအပြင် cctv ကင်မရာကတစ်ဆင့် ထောင်ပိုင်အရာရှိက အမျိုးသမီးအကျဉ်းဆောင်တွေကို စောင့်ကြည့်ကာ အမျိုးသမီးအခွင့်အရေး ချိုးဖောက် စော်ကားပြောဆိုတာ တွေရှိခဲ့တယ်လို့ ကိုမင်းညို က ပြောပါတယ်။ ဒါအ့ပြင် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့က ဖဲကြိုးနက် ဆန္ဒထုတ်ဖော်မှု နဲ့ အကျဉ်းသူ ၁၆ ဦးကို တိုက်ပိတ်နှိပ်စက်ခဲ့တယ်လို့ ဆိုပါတယ်။

“သာယာဝတီထောင်က အရမ်းဆိုးတဲ့အခြေအနေပဲ၊ ဒီလူ့အခွင့်အရေး အမျိုးသမီးတွေရဲ့အခွင့်အရေးပေါ့နော်၊ cctv တွေတပ်တယ်၊ ထောင်မှာက ဒီ cctv နဲ့ထောင်ပိုင်က အဲ့ဒါကို အရသာခံကြည့်နေတယ်လို့ အကျဉ်းသူတွေက ပြောလာတယ်ပေါ့နော်၊ ထောင်ပိုင်နာမည် ရဲရင့်အောင်တဲ့၊ စစ်တပ်အသွင်ပြောင်းပေါ့၊ ဂမ်းရှော့ လို့ပဲပြောရမယ်၊ အသက်ကတော့ ငယ်ငယ်လေးပဲရှိသေးတယ်၊ ထောင်ပိုင်တန်းစီမှာ ထောင်ပိုင်က အဲ့လိုမျိုးပြောသွားတာ၊ နင်တို့ကို တစ်နေကုန်ထိုင်ကြည့်နေမှာ၊ ဘာ feel မှမလာဘူး စောက်ကောင်မတွေ ဘာတွေ ဒီလိုမျိုးတွေပါ သုံးသွားတယ်ပေါ့နော်၊ တစ်ခါလည်းမဟုတ်ဘူး နှစ်ခါလည်းမဟုတ်ဘူး ဒီလိုမျိုးကြီး ဖြစ်တယ်ပေါ့နော်။ အာဇာနည်နေ့တုန်းကလည်း cctv ကနေထိုင်ကြည့်ပြီး အဲ့ဒီမှာ ဖဲကြိုးအနက်လေးတွေတပ်တဲ့ မိန်းကလေးတွေကို မှတ်ပြီးတော့ သူတို့ဦးဆောင်တယ်လို့ ထင်ရတဲ့ ၁၆ ယောက်လောက်ကို ထုတ်ပြီး တိုက်ပိတ်တယ်ပေါ့နော်။”

သာယာဝတီထောင်ပိုင် ရဲရင့်အောင်က နိုင်ငံရေးအကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်တာအပြင် အကျဉ်းဦးစီးဝန်ထမ်းတချို့ကို နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပြင်ပကိုဆက်သွယ်ပေးလို့ဆိုပြီး ဖမ်းဆီးတိုက်ပိတ် ထားတာရှိနေပြီး ဒါ့အပြင် အရေးယူ ထောင်ချတာတွေ လုပ်မယ် လို့ ခြိမ်းခြောက်တာကြောင့် အကျဉ်းထောင်ဝန်ထမ်းတွေပါ အကျဉ်းသားနဲ့ ဆက်ဆံရမှာ ကြောက်နေကြတယ်လို့ ကိုမင်းညို က ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး သာယာဝတီအကျဉ်းထောင် တာဝန်ရှိသူနဲ့ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

၂၀၁၆ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့က ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်ကနေ လွတ်မြောက်လာသည့် အမျိုးသမီးတစ်ဦးအားမြင်တွေ့ရစဉ်။ (Photo:AFP)
၂၀၁၆ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့က ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်ကနေ လွတ်မြောက်လာသည့် အမျိုးသမီးတစ်ဦးအားမြင်တွေ့ရစဉ်။ (Photo:AFP)

အခုလို စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေကို ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက် အကြမ်းဖက် သတ်ဖြတ်နေပေမယ့် သူတို့ရဲ့ တော်လှန်စိတ်ဓာတ်ကိုတော့ ထောင်သွင်းအကျဉ်းချထားလို့ မရဘူးလို့ ဦးထွန်းကြည်က ပြောပါတယ်။

“ထောင်အသီးသီးမှာ လူ့အခွင့်အရေးကို အဆိုးရွားဆုံးနဲ့ အပြင်းထန်ဆုံး ချိုးဖောက်ခံနေရတယ်၊ သူတို့က သူရဲဘောကြောင်ပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေအပေါ်မှာ အကြောက်တရားကြီးပြီးတော့ တရားမဲ့ပြုကျင့်နေတာပေါ့နော်၊ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာတွေကို သူတို့အကျဉ်းချထားလို့ ရကောင်းရနိုင်တယ် အကြမ်းဖက်သတ်ဖြတ်ဖို့ ရကောင်းရနိုင်တယ်ပေါ့နော်၊ နိုင်ငံရေးအကျဉ်းသားတွေရဲ့ တော်လှန်တဲ့စိတ်ဓာတ်ကိုတော့ သူတို့ ထောင်သွင်းအကျဉ်းချထားလို့မရဘူး”

နိုင်ငံရေးအကျဉ်းသားတွေကို စိတ်ဓာတ်ဦးကျိုးသွားအောင် စစ်တပ်ကလုပ်နေတာတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေက အရေးယူနိုင်ဖို့ နိုင်ငံရေးအကျဉ်းသား မိသားစုတွေက မျှော်လင့်နေပါတယ်။ ထောင်တွင်းရောက်နေတဲ့ ကိုယ့်သားသမီး အသက်မသေဖို့ စိတ်ပူပန်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသား တစ်ဦးရဲ့ ဖခင် အမည်မဖော်လိုတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးက RFA ကို ပြောပါတယ်။

“လက်ရှိ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ ကြက်ခြေနီတွေဘာတွေကလည်း လူ့အခွင့်ရေးချိုးဖောက်မှုတွေ အကျဉ်းသားတွေရဲ့ ရပိုင်ခွင့် ဆုံးရှုံးနေမှုတွေကို ဘာမှ သွားရောက်ဆောင်ရွက်ခွင့်မရနေဘူးပေါ့နော်၊ စစ်ကောင်စီက ကန့်သတ်ထားတဲ့အတွက် သူတို့အနေနဲ့ ဘာမှလုပ်ဆောင်ပေးနိုင်ခြင်းမရှိဘူး ဖြစ်တယ်ပေါ့၊ အဲ့ဒီအခါကျတော့ ကမ္ဘာ့နိုင်ငံအသီးသီးတွေ၊ ကုလသမဂ္ဂအဖွဲ့ တွေကနေပြီးတော့ ပိုမိုပြီးတော့ ဖိအားပေးပြီးတော့ ဒီစစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ လူမဆန်စွာ နှိပ်စက်မှုတွေကို ထိရောက်တဲ့အရေးယူမှုတွေ ကျွန်တော်ကတော့ ဖြစ်စေချင်ပါတယ်။”

နိုင်ငံရေးအကျဉ်းသားတွေကို ဝေးလံတဲ့နေရာတွေပို့တဲ့အတွက် မိသားစုတွေ အခက်အခဲဖြစ်ရပေမဲ့ ထောင်ထဲက ကိုယ့်သားသမီး အသက်ရှင်ရပ်တည်ဖို့အတွက် မဖြစ်မနေ တစ်လကိုနှစ်သိန်းလောက် ပံ့ပိုးပေးနေရတယ်လို့ ဆိုပါတယ်။

အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေ ညှဥ်းပန်းနှိပ်စက် သတ်ဖြတ်ခံနေရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုတာ မရှိပါဘူး။

ပဲခူးတိုင်း၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်ကို တွေ့ရစဉ်။ ( Photo : Citizen Journalist )
ပဲခူးတိုင်း၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်ကို တွေ့ရစဉ်။ ( Photo : Citizen Journalist )

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအမှုတွေကို တရားရုံးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ မစိစစ်ဘဲ စစ်တပ်အလိုကျ ပြစ်ဒဏ်အမိန့် ချတဲ့ တရားသူကြီးတွေအနေနဲ့ နောင်တစ်ချိန်မှာ နစ်နာသူတွေရဲ့အမှုတွေကို ပြန်လည်စစ်ဆေးပြီး ပြစ်ဒဏ်ပြန်ပေးနိုင်အောင် လုပ်ဆောင်ရမယ်လို့ NUG တရားရေးဌာနက အမည်မဖော်လိုသူ CDM အမျိုးသမီးတရားသူကြီး က RFA ကိုပြောပါတယ်။

“စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း စစ်တပ်အလိုကျ တရားရုံးရှေ့ရောက်ရင် အကုန်လုံးဝန်ခံရတာပဲ အကြမ်းဖက်မှုကို ကျူးလွန်မိပါတယ်လို့ ပြောတဲ့သူကို သူတို့က အပြစ်ပေးတာဖြစ်တဲ့အတွက်လေ၊ အပြစ်ရှိကြောင်းဝန်ခံလို့ အမိန့်ချတာဆိုပြီးတော့ တရားရုံတွေက တရားသူကြီးတွေက နောင်တစ်ချိန်မှာလည်း သူတို့က သူတို့လွတ်ကင်းနေအုံးမယ် ၊ မတရားတဲ့အမိန့်တွေကို မစိစစ်ဘဲနဲ့ အမိန့်ချခဲ့တဲ့ ဒီနိုင်ငံရေးအမှုမှာ အမိန့်ချတဲ့ တရားသူကြီးတွေ အကုန်လုံးက သူတို့ ကျူးလွန်တဲ့ ပြစ်မှုအတွက် သူတို့ ပြစ်ဒဏ် ပြန်ခံရမှာ”

လက်ရှိ မြန်မာနိုင်ငံအတွင်းက စစ်အာဏာရှင် ဆန်ကျင်နေကြသူတွေအပေါ် နိုင်ငံရေးအမှုတွေ စွဲချက်တင် အမိန့်ချ အပြစ်ပေးနေတဲ့ စစ်ကောင်စီ လက်အောက်ခံ တရားရေးဌာန ၊အကျဉ်းဦးစီးဌာန ၊ ရဲဌာနတွေ အနေနဲ့ နိုင်ငံရေးအမှုတွေ အပေါ်မှာ လာဘ်ပေးလာဘ်ယူ ကိစ္စတွေကနေ ဝင်ငွေကောင်းတဲ့ ကာလဖြစ်နေတယ်လို့ CDM တရားသူကြီး က ပြောပါတယ်။

“ အခု နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ ဆွဲတင်လာတဲ့အမှုတွေမှာ သူတို့က ဥပဒေနဲ့ညီတာတွေ ခိုင်လုံတာတွေ မခိုင်လုံတာတွေ ဘာမှမစစ်တော့ဘူး၊ ပိုက်ဆံတွေယူပြီးတော့ ဒီအချိန်မှာ သူတို့အတွက် တကယ့်ကို ငွေရှာတဲ့ ငွေတွင်းကြီးလိုကို ဖြစ်နေတာ”

စစ်တပ် အာဏာသိမ်းပြီး ကာလနှစ်နှစ်ခွဲအကြာ အခု ဩဂုတ်လ ၈ ရက်အထိ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင်ရေးအဖွဲ့ရဲ့ စာရင်းအရ နိုင်ငံတစ်ဝန်း စစ်တပ်ရဲ့ ဖမ်းဆီးခံရသူ ၂၄၂၃၆ ဦးအထိ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။