နိုင်ငံရေးအကျဥ်းသူတွေ ထောင်တွင်းဖိနှိပ်ခံရတာများနေ
အရင်ကဆိုရင် အမျိုးသားနိုင်ငံရေးအကျဥ်းသားတွေကို ရိုက်နှက်ညှဥ်းပန်းနှိပ်စက်တာ ပိုများပေမဲ့ အခုနောက်ပိုင်း အမျိုးသမီးနိုင်ငံရေးအကျဥ်းသူတွေပါ နှိပ်စက်ခံလာရပါတယ်။
-
RFA Burmese
2024-07-05 -
-
-
နိုင်ငံရေးအကျဥ်းသူတွေ ထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်ခံနေရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေ၊ နိုင်ငံရေးအကျဥ်းသားအရေး ကူညီတဲ့အဖွဲ့တွေက ပြောပါတယ်။
လက်ရှိမှာ အင်းစိန်၊ ကျိုက်မရော၊ ဒိုက်ဦးနဲ့ သာယာဝတီ အကျဥ်းထောင်တွေမှာရှိနေတဲ့ နိုင်ငံရေး အကျဥ်းသူတွေဟာ သာမာန်အကျဥ်းသူတွေထက် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ပိုများနေတယ်လို့ နိုင်ငံရေးအကျဥ်းသူများအဖွဲ့ (WOPP) တာန်ခံ မဇူးဇူးမေယွန်းက ပြောပါတယ်။
“အကျဥ်းဦးစီးထောင်ဝမှာ ရေးထားတာတွေ ရှိပြီးသား၊ ရဲပဲဖြစ်ဖြစ် ထောင်ထဲမှာ ဝင်ခွင့်မရှိဘူးဆိုတာမျိုး ဆိုင်းဘုတ်တွေ ထောင်ထားတာရှိတယ်။ ဒါပေမဲ့ လက်ရှိမှာ သူတို့တွေ ဒီစည်းကိုဖောက်ပြီးတော့ အကျဥ်းထောင်တွေထဲမှာ စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ အသွင်ပြောင်းပြီး ဝင်ရိုက်တာမျိုးတွေ နိုင်ငံရေးအကျဥ်းသူ အကျဥ်းသားတွေအပေါ်မှာ ဖိနှိပ်တာမျိုးတွေ လုပ်တာကို အကျဥ်းဦးစီးက ဒီလို ပူးပေါင်းလုပ်ဆောင်နေတာ”
ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့က မွန်ပြည်နယ် ကျိုက်မရောထောင်ကနေ ပဲခူးတိုင်း၊ ဒိုက်ဦးအကျဥ်းထောင်ကို ပြောင်းလိုက်တဲ့ နိုင်ငံရေးအကျဥ်းသူ ရှစ်ဆယ်ကျော်ကို ထောင်အာဏာပိုင်တွေ ရိုက်နှက်ခဲ့တာကြောင့် အကျဥ်းသူ ငါးဦးဒဏ်ရာရခဲ့ပြီး သုံးဆယ်ကျော် တိုက်ပိတ်ခံခဲ့ရပါတယ်။
“အခုနောက်ပိုင်း အမျိုးသမီးနိုင်ငံရေးအကျဥ်းသူတွေပါ နှိပ်စက်ခံလာရပါတယ်”
ဒီလိုဒဏ်ရာနဲ့ တိုက်ပိတ်ခံနေရတဲ့သူတွေထဲမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ တောင်သူလယ်သမားရေးရာဌာန ကလေးသူငယ်ရေးရာတာဝန်ခံ မနုနုအောင်လည်းပါတဲ့အတွက် မိသားစုတွေ စိုးရိမ်နေတယ်လို့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ဆေးကုသခွင့်တွေ မရဘူးလို့ ကြားသိရတယ်။ အခု ပုံမှန်သောက်နေကျ ဆေးတွေရော သောက်ခွင့်ရရဲ့လားပေါ့နော်”
တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသူတွေကို မိသားစုနဲ့တွေ့ခွင့်ပေးဖို့၊ ဆေးကုခွင့်ပေးဖို့၊ ထောင်ဝင်စာ လက်ခံဖို့တွေကို နိုင်ငံရေးအကျဥ်းသားအရေး ကူညီပေးနေတဲ့အဖွဲ့ ရှစ်ဖွဲ့က ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့မှာ ကြေညာချက်ထုတ် တောင်းဆိုခဲ့ပါတယ်။
အရင်ကဆိုရင် အမျိုးသား နိုင်ငံရေးအကျဥ်းသားတွေကို ရိုက်နှက်ညှဥ်းပန်းနှိပ်စက်တာ ပိုများပေမဲ့ အခုနောက်ပိုင်း အမျိုးသမီး နိုင်ငံရေးအကျဥ်းသူတွေပါ နှိပ်စက်ခံလာရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဥ်းသားများကွန်ရက် တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။
“အမျိုးသမီးတွေအပေါ်မှာ ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ကိစ္စမျိုးဆိုတာက အကျဥ်းထောင်မှ မဟုတ်ဘူး။ ပြင်ပ ပတ်ဝန်းကျင်မှာတောင်မှ ကျူးလွန်ဖို့ မသင့်တဲ့ကိစ္စဖြစ်တယ်။ ကျင့်ဝတ်အရရော၊ အမျိုးသမီးအပေါ်မှာ အမျိုးသားအားနဲ့ အပ်တိုတစ်ချောင်းတောင်မှ ပိုင်ဆိုင်ခွင့်မရှိတဲ့ နိုင်ငံရေးအကျဥ်းသူတွေကို သူတို့ရဲ့ ကျဥ်စက်တွေ၊ နံပါတ်တုတ်တွေ၊ ကြာပွတ်တွေလိုမျိုး ကျစ်ကြိုးတွေနဲ့ အပြင်းအထန် ရန်သူသဖွယ် ညှဥ်းပန်းနှိပ်စက်နေတာကို တွေ့ရတယ်။ ၂၀၂၄ မှာတော့ ပိုပြီးတော့ ဆိုးဆိုးဝါးဝါး ချိုးဖောက်ပြလာရဲတယ်ဆိုတဲ့ အခြေအနေကို တွေ့ရတယ်”
နိုင်ငံတစ်ဝန်းက အကျဥ်းထောင်တွေမှာ အမျိုးသမီး နိုင်ငံရေးအကျဥ်းသူ ငါးထောင်ကျော် ရှိတယ်လို့ဆိုပါတယ်။
ဖိနှိပ်တဲ့ထောင်အာဏာပိုင်တွေဟာ အပြစ်ပေးအရေးယူမခံရတဲ့အတွက် ပိုပြီးဖိနှိပ်လာတာလို့ နိုင်ငံရေးအကျဥ်းသူဟောင်းတစ်ဦးဖြစ်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) အထွေထွေ အတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက ပြောပါတယ်။
“အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းမှာ အကျဥ်းထောင်တွင်းအခြေအနေတွေက ကျွန်မတို့လက်ထက်ကထက် အဆပေါင်းများစွာ ပိုပြီးဆိုးဝါးလာတယ်ဆိုတာ ကြားသိနေရတယ်။ စစ်အုပ်စုက သူတို့ကို ဆန့်ကျင်တဲ့သူ မှန်သမျှကို ဘယ်လိုနည်းကိုပဲသုံးသုံး ပြင်းပြင်းထန်ထန် ဆိုးဆိုးဝါးဝါးနည်းကိုပဲသုံးသုံး အသက်ပဲသေသေ ဒါမျိုးတွေကို ဖိနှိပ်ခွင့်ပြုထားတယ်”
နိုင်ငံရေးအကျဥ်းသူတွေအပေါ် ညှဥ်းပန်းနှိပ်စက်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ အကျဥ်းဦးစီးဌာနပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။