ဖားဆောင်းတိုက်ပွဲကြောင့် ဒေသခံငါးထောင်ကျော် နေရပ်ပြန်မရ

ဒေသခံအများစုဟာ တောထဲက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတာကြောင့် တိုက်ပွဲ ကြာလာတာနဲ့အမျှ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

ဖားဆောင်းမြို့နယ် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့က တွေ့ရစဉ်။ CTER Karenni

ကယားပြည်နယ် (ကရင်နီပြည်) ဖားဆောင်းမြို့နယ်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေတာကြောင့် ဒေသခံ ငါးထာင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး အခုထိ နေရပ်မပြန်နိုင်သေးဘူးလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဖားဆောင်မြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ (၁၃၄) နဲ့ ခလရ (၁၃၅) ကို ပြီးခဲ့တဲ့နှစ်လကျော်ကတည်းက တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်နေသလို စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ နေ့စဥ် ပစ်နေတာလို့ ဆိုပါတယ်။

“တိုက်ပွဲကြာလာတာနဲ့အမျှ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေကြပါတယ်”

တိုက်ပွဲ ဆက်ဖြစ်နေတာကြောင့် ဒေသခံတွေ ဒီနေ့အထိ နေရပ်မပြန်နိုင်သေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖားဆောင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့က ပထမဆုံး ပြေးတဲ့သူတွေထဲမှာပါပါတယ်။ အစကတော့ ဖားဆောင်းအရှေ့ဘက်ခြမ်းကိုပြေးတာ တိုက်ပွဲကို တွက်ဆလိုက်တော့ ပိုပြင်းထန်လာနိုင်တဲ့သဘော တွေ့ရတယ်ဗျာ။ အဲ့ဒါကြောင့် ညောင်ရွှေဘက်ကို အပြီးဆင်းခဲ့တာ။ ကျွန်တော်တို့အိမ်ရော ဆိုင်ရော ပါသွားပြီ။ ဗုံးကျပြီး မီးလောင်သွားတဲ့အထဲ ပါသွားတယ်။ ဘာမှမကျန်ခဲ့တော့ဘူး”

ဒေသခံအများစုဟာ တောထဲက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတာကြောင့် တိုက်ပွဲ ကြာလာတာနဲ့အမျှ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

ဖားဆောင်းမြို့နယ်အတွင်းက စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူ တစ်ဦးကတော့ စားနပ်ရိက္ခာတွေနဲ့ အမိုးအကာတွေ လိုအပ်နေတယ်လို့ RFA ကို ပြောပါတယ်။

“မိုးတွေလည်း အရမ်းရွာတဲ့အခါမှာ သူများတွေလို ဝါးတွေ သစ်တွေ မရှိတော့ အရမ်းဒုက္ခရောက်နေကြတယ်ပေါ့နော်။ စားနပ်ရိက္ခာမပြောနဲ့ အမိုးအကာတောင်မရှိဘူး ဖြစ်နေတယ်”

ဧပြီ ၁၂ ရက်မနေ့ကလည်း ဖားဆောင်းမြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ထက်မနည်းရှိခဲ့ပြီး ဒေသခံတွေမနေတဲ့ နေအိမ်တွေကိုပါ ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ သူကဆိုပါတယ်။

ဖားဆောင်းမြို့မှ မီးလောင်ပျက်စီးနေသည့် နေအိမ်အချို့ကို ၂၀၂၄ ခုနှစ် မတ်လ ၁ ရက်နေ့က တွေ့ရစဥ်။ (Photo: Free Burma Rangers)

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ကတော့ ဖားဆောင်းမြို့နယ်ထဲ စစ်ကူလာတဲ့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တပ်ရင်းမှူးအပါအဝင် ခြောက်ဆယ်နီးပါး ဖမ်းဆီးရမိသလို လက်နက်ခဲယမ်းတချို့ပါ ရခဲ့တယ်လို့ ဧပြီလ ၁၁ ရက်နေ့မှာ RFA ကို ပြောထားပါတယ်။

ဖားဆောင်းမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲကတော့ ဆက်ပြီးဖြစ်နေပါတယ်။ ကျွန်တော်တို့ စစ်ကူလာတဲ့စစ်ကြောင်းကိုပဲ ချေမှုန်းလိုက်ပြီးတော့ အထဲမှာ ကျန်နေတဲ့စစ်ကြောင်း ရှိနေသေးတယ်ဆိုတော့ ဆက်လက်ပြီး တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်”

ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို စစ်စည်းကမ်းဥပဒေနဲ့အညီ ထိန်းသိမ်းထားသလို ဒဏ်ရာရထားသူတွေကိုလည်း ဆေးကုသမှု ပေးနေတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဧပြီလ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းမှာ တိုက်ပွဲကြောင့် လူဦးရေ နှစ် ဒသမ ရှစ်သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org