တစ်နိုင်ငံလုံး ထိန်းချုပ်နိုင်ပြီဆိုတဲ့ စစ်ကောင်စီပြောဆိုချက် လက်တွေ့နဲ့ ကွာဟနေ

စစ်ကောင်စီဟာ နိုင်ငံ့လုံခြုံရေးကို စိုးမိုးထားနိုင်ပြီလို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင် အုန်းက ပြောကြားခဲ့ပါတယ်။

ပျဉ်းမနားမြို့ လူစည်ကားရာ နှင်းဆီအဝိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ၂၀၂၁ ဖေဖော်ဝါရီ ၂ ရက်နေ့က တွေ့ရစဉ်

စစ်ကောင်စီဟာ ပြည်သူတွေရဲ့ လူမှုဘဝတွေ ပုံမှန်ရှင်သန် လည်ပတ်နိုင်အောင် လုံခြုံရေး ရှုထောင့်ကနေ အလေးထား ဆောင်ရွက်နေတာကြောင့် နိုင်ငံ့လုံခြုံရေးကို စိုးမိုးထားနိုင်ပြီ လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တရုတ်နဲ့ ဂျပန်သတင်းထောက်တွေနဲ့ အွန်လိုင်းကတစ်ဆင့် မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

စိတ်ခံစားမှုကို ရှေ့တန်းတင်ပြီး တရားဥပဒေမဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို အချိန်တို အတွင်း စစ်ကောင်စီက ဥပဒေဘောင်ထဲကနေ ဆောင်ရွက်နိုင်ခဲ့တာကြောင့် နိုင်ငံ တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ရာနှုန်းပြည့် ထိန်းချုပ်ထားပြီလို့ စစ်ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသွားတာပါ။

"မြို့ပြတွေကို ထိန်းသိမ်းထားတယ်ဆိုတာ မြို့ပြထဲမှာတောင်မှ လမ်းထွက်မလျှောက်ရဲဘူး"

ဒါဟာ စစ်ကောင်စီဘက်က အရှက်ပြေ ပြောတာလို့ ပုဇွန်တောင်နဲ့ ဗိုလ်တထောင်မြို့နယ် လူငယ်များ သပိတ်ကော်မတီ (PBYSC) က မဂျူဝယ်လ်က RFA ကို ပြောပါတယ်။

“သူတို့ အပြည့်အဝ အုပ်ချုပ်နိုင်ပြီဆိုပြီး ပြောချင်သလိုတွေ ပြောနေတာ။ ရန်ကုန်ကို လည်း သူတို့ မထိန်းချုပ်နိုင်ဘူး။ ဘယ်နေရာကိုမှ သူတို့ အပြည့်အဝ ထိန်းချုပ်နိုင်ပြီ ဆိုတာ မရှိဘူး။ သူတို့ဘာသာ သူတို့တောင် တပ်ပျက်နေတဲ့ အနေအထားလေ။ ထိန်းချုပ်နိုင်တယ်။ လုံးဝ Control လုပ်နိုင်တယ်ဆိုတဲ့ အနေအထားက တစ်နိုင်ငံလုံး ပြားပြားဝပ်နေရတဲ့ အနေအထားကို ပြောတာ။ အခုက ရရင်ရသလို၊ အဆင်ပြေရင် ပြေသလို တော်လှန်ပုန်ကန် ထကြွနေကြတာ ဖြစ်တဲ့အတွက်ကြောင့် ထိန်းချုပ်နိုင်တယ် ဆိုတဲ့ စကားလုံးက သူတို့ဘာသာ သူတို့ အရှက်ပြေပြောတာ”

စစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ ပြည်သူတွေက မီတာခ မဆောင်ကြလို့ စစ်တပ်က သေနတ်ပြပြီး အတင်းအကျပ် မီတာခွန် ဆောင်ခိုင်းနေရတာဟာ သူတို့အုပ်ချုပ်လို့ မရသေးဘူးဆိုတာကို အကောင်းဆုံး ပြသတဲ့ ဥပမာဖြစ်တယ်လို့လည်း မဂျူဝယ်လ်က ပြောသွားပါတယ်။

ဗိုလ်ချုပ်ဟောင်း ဦးမောင်မောင်အုန်းက ဥပဒေဘောင်အတွင်းကနေ လူ့အခွင့်အရေးဆုံးရှုံးမှု မရှိအောင် အလေးထား ဆောင်ရွက်နေတယ်လို့ ပြောပေမယ့် ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ နေအိမ်တစ်လုံးကို စစ်တပ်က ဝင်ရောက်ပိတ်ဆို့ ဖမ်းဆီးစဉ် ဓာတ်ပုံရိုက်နေတဲ့ အရပ်သားတစ်ဦးကို ပစ်သတ်ခဲ့ပါတယ်။

မန္တလေးလို မြို့ကြီးမှာတောင် အရပ်သားပြည်သူတစ်ဦးကို နေ့ခင်းကြောင်တောင် အသေ ပစ်သတ်တာ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည် နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ တောရော မြို့ပါမကျန် PDF တွေကို အင်အားသုံးဖြိုခွင်း တာ၊ အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ဖျက်ဆီးတာတွေက တိုင်းပြည်တည်ငြိမ် အေးချမ်းနေတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ လုံးဝဆန့်ကျင်နေတယ်လို့ RFA က ဆက်သွယ်မေး မြန်းခဲ့သူတွေက ပြောပါတယ်။

စစ်ကောင်စီက တိုင်းပြည်ကို ထိန်းချုပ်နိုင်ပြီဆိုရင်တောင် ဒါဟာ တရားဝင်တဲ့ အုပ်ချုပ်မှု မဟုတ်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးက RFA ကို ပြောပါ တယ်။

“မနေ့ကနဲ့ ဒီနေ့အထိကို ကျွန်တော်တို့ မြင်နေရတာကတော့ ဟုတ်လား၊ လုံးဝ အုပ်ချုပ် ခွင့် မရဆိုပြီးတော့ ဆန္ဒပြနေကြတယ်ဗျ။ ဆန္ဒပြပွဲတွေက အခုချိန်အထိ ရှိနေတုန်းပဲ။ ဆန္ဒပြတယ် သတင်းကြားရင်ကို အသည်းအသန် လာပြီးတော့ ဖမ်းဆီးတာတွေ အတင်း လုပ်နေတုန်းပဲ။ ညဘက်ဆိုလည်း ဘယ်နားကမှန်းမသိတဲ့ ဗုံးပေါက်သံတွေက ကြားနေရ တာပဲ။ လမ်းရဲ့ နေရာတိုင်း၊ နေရာတိုင်းမှာလည်း နည်းမျိုးစုံနဲ့ စစ်ဆေးနေတာ။ ပြီးတော့ ဘာတရားရုံး ညွှန်ကြားချက်မှ မပါဘဲနဲ့ အိမ်တွေကို ဘူဒိုဇာတွေနဲ့ တစ်ခါတည်း လုပ်ချင် တိုင်းလုပ် အနိုင်ကျင့်နေတယ်။ သေနတ်ပါပြီးတော့ လူတွေကို အနိုင်ကျင့်နေတာပဲ မြင်တယ်။ တရားဝင်မှုနဲ့ အုပ်ချုပ်နေတာမျိုးတော့ ကျွန်တော် တစ်စက်မှ မတွေ့သေးဘူး ခင်ဗျ”

မန္တလေးမြို့မှာ လုံခြုံမှုကင်းမဲ့တာကြောင့် ညနေ ၅ နာရီနောက်ပိုင်းဆိုရင် လမ်းပေါ်မှာ လူတွေမရှိတော့ဘဲ မှောင်ပြီဆိုတာနဲ့ ကိုယ့်အိမ်ထဲမှာပဲ နေကြတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက တစ်နိုင်ငံလုံးကို ထိန်းချုပ်နိုင်ပြီလို့ ပြောနေပေမယ့် လက်တွေ့မှာတော့ တိုင်းပြည်မငြိမ်းချမ်းတာကြောင့် လက်နက်မပါရင် ရဲနဲ့ စစ်သားတွေကိုယ်တိုင် အပြင် မထွက်ရဲကြဘူးလို့ ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့ အုပ်ချုပ်လို့ရပြီဆိုရင် ရဲရဲတင်းတင်း ပြောင်ပြောင်ရှင်းရှင်း သူတို့သွားလေ။ သူတို့ ရဲစခန်းတွေကို ဘာလို့ သဲအိတ်တွေနဲ့ ကာထားလဲ။ ပြောမယ်ဆိုရင် ကာထားစရာ မလို ဘူး။ ကင်းလှည့်ရင်လည်း သေနတ်ကြီး တကားကားနဲ့ ဘာလို့ ကင်းလှည့်နေသေးလဲ။ ဒါပြည်သူလူထုကို လုံခြုံရေးပေးရမှာလေ။ သူတို့ကိုယ် သူတို့တောင် ကျောမလုံဘဲနဲ့ သွားလာနေရတဲ့အချိန်မှာ သူတို့ က အုပ်ချုပ်နိုင်ပြီ၊ လုံခြုံပြီလို့ ပြောလို့ရလား။ ပြည်သူ လူထုက ငြိမ်နေတယ်ဆိုတာကလည်း မငြိမ်ပါဘူး။ အကုန်လုံးက ရတဲ့နည်းနဲ့ ပုန်ကန် နေတာပဲ။ Silent Strike ဆိုလည်း Silent Strike မှာ ပါလိုက်ကြတာပဲ။ စည်ကား သပိတ်ဆိုလည်း ခမောက်တွေဆောင်း၊ ပါးကွက်တွေ ကွက်ပြီး ပါလိုက်ကြတာပဲ။ ပြည်သူလူထုရဲ့ ရင်ထဲမှာ တော်လှန်တဲ့စိတ်ကတော့ ရှိနေတာပဲ”

ရန်ကုန် နေရာတချို့မှာ လူစည်ကားနေတာကိုမြင်ပြီး ပြည်သူတွေ သွေးအေးသွားပြီလို့ ထင်စရာရှိပေမယ့် တကယ်တော့ လူတွေက ပေါက်ကွဲမှုတွေ၊ သတ်ဖြတ်မှုတွေ များလွန်းလို့ ဒီအဖြစ်အပျက်တွေကို ယဉ်ပါးပြီး အသားကျသွားတာလို့လည်း အဲဒီအမျိုးသမီးက ပြောသွားပါတယ်။

မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းကလည်း စစ်ကောင်စီဟာ မြို့ကြီးတွေကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားပေမယ့် တိုင်းပြည် တည်ငြိမ်ရေးကို ဆက်လုပ်နေရတုန်းပဲလို့ RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ဘက်က ပြောနိုင်တာက အခုချိန်အထိက အောက်ခြေမှာ တိုက်ခိုက်မှု တွေက ရှိတုန်းပဲ။ တချို့ဒေသတွေ မှာ ကျေးရွာတွေကို မီးရှို့တာတွေ၊ နောက်တစ်ခါ ကျတော့ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ဒီလိုသတင်းမျိုးတွေလည်း တွေ့ရတယ် ပေါ့နော်။ ဆိုတော့ အဲဒါတွေကို ကြည့်တဲ့အခါကျတော့ ပြောမယ်ဆိုရင် အစိုးရဘက်က ငြိမ်ဝပ်ပိပြားရေးကိစ္စကို ဆက်လုပ်နေရတုန်းပဲဆိုတဲ့ အနေအထားကို သုံးသပ်နိုင်တာ ပေါ့”

ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက တိုင်းနဲ့ပြည်နယ် အသီးသီးမှာ PDF တွေရဲ့ ခြိမ်းခြောက်မှုကြောင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၃၁၇၆ ယောက် နုတ်ထွက်သွားတဲ့ နေရာမှာ ၂၆၁၉ ဦးကို ပြန်ခန့်ထားနိုင်တာကြောင့် မြို့ရွာတွေရဲ့ လုံခြုံရေးကို ထိန်းထား နိုင်ပြီလို့ ပြောထားပါတယ်။

(ရန်ကုန်မြို့လယ်က ဘန်ကာတစ်ခုအတွင်းမှာ လက်နက်အသင့်ပြင်ပြီး စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ၂၀၂၁ နိုဝင်ဘာ ၂၁ ရက်နေ့က တွေ့ရစဉ်)

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီဟာ တောရော မြို့မှာပါ အခုချိန်ထိ အုပ်ချုပ်လို့ မရသေးဘူးလို့ RFA ကို ပြောပါတယ်။

“သူတို့ပြောတဲ့ မြို့ပြတွေကို ထိန်းသိမ်းထားနိုင်တယ်ဆိုတာ မှန်တယ်။ သို့သော် မြို့ပြ တွေကို ထိန်းသိမ်းထားတယ်ဆိုတာ မြို့ပြထဲမှာတောင်မှ လမ်းထွက်မလျှောက်ရဲဘူး။ မြို့ပြထဲမှာရှိနေတဲ့ စစ်စခန်းထဲမှာပဲ နေပြီးတော့ သူတို့ အခိုင်အမာ ခုခံကာကွယ်နေ တာပါ။ အဲဒီမြို့ပြထဲမှာ စစ်စခန်းအပြင်ဘက် မထွက်ရဲသလို ကျေးလက်ကိုလည်း အင်အားနဲ့ထွက်ပြီးတော့ ဖိနှိပ်ရေး၊ သတ်ဖြတ်ရေး လှုပ်ရှားမှုတွေ လုပ်နေတဲ့အချိန် လောက်ပဲ ထွက်တာပါ။ ကျေးလက်တစ်ခွင်လုံးဟာ PDF တွေရဲ့ အုပ်စိုးမှုကို ရောက်နေ တဲ့အချိန်။ တစ်နည်းပြောရရင် နွေဦးတော်လှန်ရေးဟာ အဆင့်တစ်ဆင့်ကို တိုးပွားသွား ပြီလို့ ကျွန်တော်တို့ ယူဆပါတယ်”

ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့မှာဆိုရင် ကျေးလက် ဒေသရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ PDF တွေနဲ့ ဒေသခံ တော်လှန်ရေး အဖွဲ့တွေရဲ့အုပ်ချုပ် လမ်းညွှန်မှုအောက်ကို ရောက်နေပြီလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မှတ်ချက်ပေး ပြောဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org