စစ်ကောင်စီဝင်ငွေရတဲ့ ကြေးနီစီမံကိန်းရပ်ဖို့ ဝမ်ပေါင်ကုမ္ပဏီကို ဒေသခံ PDF တွေ တောင်းဆို
ဝမ်ပေါင်ကုမ္ပဏီက လက်ရှိ ပြည်တွင်းပဋိပက္ခတွေမှာ သူတို့စီမံကိန်းအနေနဲ့ ပါဝင်ပတ်သက်လိုခြင်း မရှိဘူးလို့လည်း ပြောပါတယ်။ လက်ပံတောင်းတောင်အရေးလှုပ်ရှားသူ ကိုကျော်နိုင် က အဲဒီလိုဝမ်ပေါင်ကုမ္ပဏီက ရေးသားချက်ဟာ လိမ်ညာမှုပဲလို့ RFA ကို ပြောပါတယ်။
-
ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022-06-28 -
-
-
ဇွန်လ ၂၈ ရက်နေ့ မနေ့က ထုတ်ပြန်တဲ့ ဝမ်ပေါင်ကုမ္ပဏီရဲ့ ကြေညာချက်မှာ လက်ပံတောင်းတောင်စီမံကိန်းကို လက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်မှုကို ရှုတ်ချကြောင်း ဖော်ပြထားပါတယ်။ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ဇွန်လ ၂၂ ရက်နေ့မှာ မြန်မာ ဝမ်ပေါင်ကုမ္ပဏီဝင်းထဲကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပြီး ဇွန်လ ၂၄ ရက်နေ့မှာ စီမံကိန်းကို သွယ်ထားတဲ့ ဓာတ်တိုင်ကို ဖောက်ခွဲဖျက်ဆီးခဲ့မှုနဲ့ပတ်သက်ပြီး အခုလို ကြေညာချက်ထုတ်ခဲ့တာပါ။
ဒါ့အပြင် ဝမ်ပေါင်ကုမ္ပဏီက လက်ရှိ ပြည်တွင်းပဋိပက္ခတွေမှာ သူတို့စီမံကိန်းအနေနဲ့ ပါဝင်ပတ်သက်လိုခြင်း မရှိဘူးလို့လည်း ပြောပါတယ်။ လက်ပံတောင်းတောင်အရေးလှုပ်ရှားသူ ကိုကျော်နိုင် က အဲဒီလိုဝမ်ပေါင်ကုမ္ပဏီက ရေးသားချက်ဟာ လိမ်ညာမှုပဲလို့ RFA ကို ပြောပါတယ်။
“အဲ့ဒါကတော့ ဒါပေါ်တင်လိမ်သွားတာပေါ့။ ဒီဒေသမှာ လက်ရှိ စစ်သားတွေ ဝင်နေသမျှ အားလုံး သူတို့ စားရေး၊ သောက်ရေး၊ သွားရေး၊ လာရေး ခိုလှုံဖို့နေရာ သူတို့ အားလုံးတာဝန်ယူထားတာပဲ။ နောက်တစ်ခုက ဒီစစ်တပ်က ရွာတွေကို မီးရှို့ပြီး ရွာထဲမှာ အိပ်ရင်အိပ် မအိပ်ရင် ဝမ်ပေါင်ထဲပဲ ပြန်ကြတာလေ။ သူတို့ အထောက်အပံ့ အများကြီးရလို့ စစ်သားတွေက ဒါ သူတို့ ဖိဖိစီးစီးနဲ့ ပြည်သူတွေအပေါ် လုပ်နိုင်တာဖြစ်တယ်”
ဒေသခံကာကွယ်ရေး တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဆားလင်းကြီး PDF ခေါင်းဆောင် ကိုစစ်နိုင်ကလည်း ဝမ်ပေါင်ကုမ္ပဏီအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကူညီနေတာတွေ ချက်ချင်းရပ်ဖို့ တောင်းဆိုလိုက်ပါတယ်။
“လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တည်ရှိရာဒေသဟာ ကျနော်တို့ တော်လှန်စစ်အတွက် အရေးပါတဲ့နေရာတစ်ခုဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က ဒီနေရာမှာ တပ်အင်အားအလုံးအရင်းနဲ့ တပ်စွဲတာကို လုံးဝ လက်ခံလို့ မရဘူး။ နောက်တစ်ချက်က သူတို့ကိုယ်တိုင် စစ်ကောင်စီကို အားပေး အားမြှောက်ပြုတယ်၊ ဝမ်ပေါင်ကုမ္ပဏီဝင်းထဲမှာ စစ်လက်နက်ကြီးတွေ ဆင်ထားတာ ရှိတယ်။ တပ်မ ၇၇ က စစ်ကြောင်းထိုးစရာရှိရင် ဝမ်ပေါင်ထဲဝင်တယ်။ ဝမ်ပေါင်ထဲကနေ ခဲယမ်းမီးကျောက် ဖြည့်တင်းပြီးမှ စစ်ကြောင်းထိုးတာကို တွေ့ရှိရတယ်။ တပ်မ ၃၃ က အာဏာသိမ်းပြီး ၂ လလောက်ကတည်းက ဝမ်ပေါင်ဝင်းထဲမှာ တပ်စွဲထားပါတယ်ခင်ဗျ။ အဲဒီအထဲမှာ ပျူတွေကို သင်တန်းပေးတယ်။ ပျူနဲ့ ပေါင်းပြီး စစ်ကြောင်းထိုးတာဗျ။ ရွာပေါင်း ၄၈ ရွာက လူတွေ တောထဲမှာ အခုကလေးတွေနဲ့ ဒုက္ခရောက်နေပါတယ်။ အဲလိုဆိုရင်တော့ ကျနော်တို့အနေနဲ့ ဆက်လုပ်စရာရှိတာ ဆက်လုပ်ရလိမ့်မယ်။ သူတို့အနေနဲ့ သူတို့အကျိုးစီးပွားအတွက် သူတို့ရပ်တည်တယ်ဆိုရင် ဘက်မလိုက်ဘဲနဲ့ သူတို့စီးပွားရေးအတွက်ပဲ သူတို့ စဉ်းစားပါ။ စစ်ကောင်စီဟာ ဒီကုမ္ပဏီ ၂ ခုကို အမှီပြုပြီးတော့ ကျနော်တို့ ဒေသကို ဖိနှိပ်နေတယ်။ အဲဒါတွေကို ဝမ်ပေါင်ကုမ္ပဏီအနေနဲ့ လုံးဝ လက်မခံဖို့ ကျနော်တို့ တောင်းဆိုပါတယ်”
အင်အား ၁၂ဝ ခန့်ရှိတဲ့ စစ်ကောင်စီတပ်တွေက ဇွန်လ ၂၁ ရက်နေ့ကစပြီး စစ်ဆင်ရေးပြုလုပ်ခဲ့တဲ့အတွက် ပြည်သူ ၂ သောင်းကျော် လက်ရှိ ထွက်ပြေးနေရတယ်လို့ ဒေသခံလူမှုရေးသမား ကိုမျိုးက ပြောပါတယ်။
“စားရေးသောက်ရေးကတော့ အလှူရှင်တွေ အခုရှိနေသေးတဲ့အတွက် အဆင်ပြေပါတယ်။ ရေရှည်ဆိုရင်တော့ ကျနော်တို့ အဆင်မပြေနိုင်ပါဘူးခင်ဗျ။ ရွာတွေအများကြီးက လူတွေပြေးနေရပါတယ်။ မိုးကြိုးပြင်၊ ညောင်ပင်တို၊ ဆည်တဲ၊ ကျောက်ဖြူတိုင်၊ ဇီးတော၊ မကျည်းတန်း၊ ဖောင်းကတာ၊ လက်ပံတော၊ ဆားတော စသဖြင့် လှည်းနဲ့လည်းလာတယ်၊ ဆိုင်ကယ်လည်းလာကြတယ်၊ ထော်လာဂျီတွေ ဖောကားတွေနဲ့လည်း လာကြတယ်။ ဒီနေ့နေ့လယ်ပိုင်းက စစ်ကြောင်းထိုးလို့ ပြေးလာကြတဲ့ လူတွေဆိုလို့ရှိရင် ဆိုင်ကယ်တွေ ပစ်ထားခဲ့ရတယ်။ အချိန်မရလို့ တချို့ဆိုရင် ဖိနပ်တောင်မပါဘူး”
ဝမ်ပေါင်ကုမ္ပဏီရဲ့ကြေညာချက်မှာ သူတို့စီမံကိန်းထုတ်လုပ်မှုကို ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး ရပ်ဆိုင်းထားတယ်လို့လည်း ဖော်ပြထားပါတယ်။ လက်ပံတောင်းတောင်အရေးလှုပ်ရှားသူ ကိုကျော်နိုင်က အဲဒီအချက်ဟာလည်း မှားယွင်းနေတယ်လို့ ဝေဖန်ပါတယ်။
“သူတို့လုပ်ငန်းက ရပ်ထားတာ မရှိဘူး။ တောက်လျှောက်လုပ်ငန်း လည်ပတ်နေတဲ့အတွက် ဒီဒေသ ကာကွယ်ရေးတပ်ဖွဲ့ဘက်ကနေမှ စစ်တပ်အကျိုးစီးပွားပါတဲ့အတွက် ဒီလုပ်ငန်းရပ်တန့်ထားပေးဖို့ ဆိုတဲ့အတွက် သူတို့ သတိပေးစာ ထွက်လာတာ။ သူတို့လုပ်ငန်း တောက်လျှောက် ရပ်တန့်မှုမရှိဘဲ ထုတ်နေလို့ ဒီလိုဖြစ်လာတယ်ဆိုတာ ထင်ရှားတယ်ဗျ။ သူတို့လုပ်ငန်း ရပ်တန့်ထားတယ်ဆိုတာ ဒါလည်း လိမ်ညာပြီး ပြောထားတဲ့ ကိစ္စ”
ဒါပေမဲ့ ဓာတ်အားပေးတာဝါတိုင်ကို ဇွန်လ ၂၄ ရက်နေ့မှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ဖောက်ခွဲဖျက်ဆီး ပြီးနောက် စီမံကိန်းလုပ်ငန်းတွေ ရပ်ဆိုင်းနေတယ်လို့ သူက ပြောပါတယ်။
“အခုလက်ရှိ သူတို့ မီးလင်းနေတယ်ဆိုတာကလည်း ယန်စီကုမ္ပဏီကနေ သွယ်ထားတဲ့ ဝန်ထမ်းအိမ်ရာသုံး မီးလောက်ပဲ လင်းတာဖြစ်တယ်။ အဲ့ဒါကလည်း သူတို့လုပ်ငန်း လည်ပတ်နိုင်တဲ့ အနေအထား မရှိတဲ့အတွက် ရပ်တန့်ထားတယ်”
အခုလို စစ်ကောင်စီတပ်ဖွဲ့တွေကို ဝမ်ပေါင်ကုမ္ပဏီက ကူညီနေတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဝမ်ပေါင်ကုမ္ပဏီနဲ့ စစ်ကောင်စီဘက်က တုံ့ပြန်ပြောကြားချက်ကို လတ်တလော မသိရသေးပါဘူး။