ပလက်၀မှာ ရေကြီးမှုကြောင့် ဒေသခံ တစ်ထောင်ခန့် အရေးပေါ်အကူအညီ လိုအပ်နေ
ပလက်၀မြို့နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းခဲ့သလို မြစ်ရေကြီးမှုကြောင့် ဒေသခံ တစ်ထောင်ခန့် ရေဘေးဒုက္ခနဲ့ ကြုံနေရပါတယ်။
-
RFA Burmese
2024-08-26 -
-
-
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်မှာ ဩဂုတ်လ ပထမအပတ်စပြီး မိုးအဆက်မပြတ်ရွာသွန်းခဲ့သလို မြစ်ရေကြီးမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပါအဝင် ဒေသခံ တစ်ထောင်ခန့် ရေဘေးဒုက္ခနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပလက်၀မြို့နယ်ထဲက လေးမြို့မြစ်ရေ၊ ကုလားတန်မြစ်ရေနဲ့ ဆမီးချောင်းတို့ ရေလျှံတာကြောင့် အခုလို ရေကြီးခဲ့တာလို့ ဆိုပါတယ်။
"အခုကတော့ ရေကကျနေပြီ၊ ရေကြီးတာတော့ မိုးကြီးတဲ့အချိန်မှာ တစ်ပတ်လောက် အဲလောက်ထိကြာတယ်"
ရေကြီးမှုကြောင့် ပလက်၀မြို့နယ်က ပန်းဘွေ၊ ဗုဒ္ဓဂါမနဲ့ ဝန်ချောင်းကျေးရွာက နေအိမ် ၃၀ ခန့် ပျက်စီးသွားပြီး ရွာပေါင်း ၁၃ ရွာက ဒေသခံ တစ်ထောင်ခန့် အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်မှုကြောင့် ပလက်၀နဲ့ ဆမီးမြို့ခံတွေ မြို့ကိုစွန့်ခွာ
ပလက်ဝ ဟုမ်းရွာ လေကြောင်းတိုက်ခိုက်ခံရပြီး ဒေသခံ ခုနစ်ဦး သေဆုံး
ပလက်ဝမြို့နယ်မှာ တိုက်ပွဲကြောင့် လူဦးရေထက်ဝက်ခန့် ထွက်ပြေးနေရ
မြစ်ကမ်းဘေးတစ်လျှောက်က နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ပလက်၀ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"အခုကတော့ ရေကကျနေပြီ၊ ရေကြီးတာတော့ မိုးကြီးတဲ့အချိန်မှာ တစ်ပတ်လောက် အဲလောက်ထိကြာတယ်။ ရေမြုပ်တယ်ဆိုတော့ အကုန်လုံးကတော့ ပျက်စီးတယ်။ အိမ်လေးဘာလေးတွေ အဲလိုမျိုး ကမ်းနားမှာ ဆောက်ထားတဲ့ အိမ်တွေ၊ တိုက်အိမ်တွေတောင်မှ မပြိုမလဲရင်တောင်မှ သဲမြေဖို့တာပေါ့။ အဲလိုမျိုးတွေ ရှိကြတယ်။ နှစ်တိုင်းတော့ ရေကြီးတယ်၊ ဒီနှစ်တော့ ပိုပြီးရေကြီးတာပေါ့"
အလယ်ဒိန်ကင်း၊ နန်းမနူး၊ ကိုဖေကြီး၊ ကိုဖေရှေ၊ အောက်သံထောင်၊ သံထောင်၊ စုတ်ချောင်း၊ ဂါရာပြင်၊ ကြက်ဖတောင်စတဲ့ ရွာတွေလည်း ရေနစ်မြုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဆမီးမြို့ခံ အမျိုးသမီးတစ်ဦးကလည်း ရေကြီးမှုကြောင့် နေအိမ်အချို့ရေနစ်မြုပ်ခဲ့ပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ RFA ကို ပြောပါတယ်။
"တစ်ခါတည်းနဲ့ ကြီးတာနဲ့ကို တစ်ခါတည်း ဝုန်းဒိုင်းကြီးတာ၊ ချောင်းရေတွေ။ အကန့်တွေကျော်လို့ ကျွန်မတို့ အိမ်တွေဆိုရင် နှစ်ဆောင်ရေတိုက်စားသွားတယ်။ အခု ယာခင်းနေရတာ။ ရေကလည်း ကျတယ်၊ မိုးကလည်း အဆက်မပြတ် ရွာတယ်ဆိုရင် ဝုန်းဒိုင်းစီးတယ်။ မိုးမရွာတော့ နည်းနည်းပြန်လျော့လာတယ်၊ အများကြီး လျော့တာတော့ မဟုတ်ဘူး။ အခုလည်း ကြီးတော့ ကြီးနေသေးပါတယ်"
ရေကြီးမှုကြောင့် စိုက်ပျိုးထားတဲ့သီးနှံတွေ ပျက်စီးသွားပြီး မျှစ်ကိုသာ အဓိက ချက်ပြုတ်စားသောက်နေရတယ်လို့ ပလက်၀မြို့နယ်၊ ဆမီးမြို့ခံအမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
"ရေကြီးလို့ အကူအညီလိုအပ်တာပေါ့၊ အဓိက စား၀တ်နေရေးပါပဲ။ စပါးတွေရော မိုးကြီးတော့ အကုန်လုံးသေကုန်တာ။ ဘာစားပင်၊ သီးပင်မှ မရဘူး။ ဟင်းသီးဟင်းရွက်များ ရမလားလို့ ဟင်းသီးဟင်းရွက်လည်း မရဘူး။ အခု မျှစ်ရှိလို့ မျှစ်တစ်ခုတည်းပဲ မှီခိုနေရတာ။ မျှစ်မရှိတော့ ဘာဆိုဘာမှ စားစရာမရှိတော့ဘူး"
ရေကြီးမှုအပေါ် အကူအညီပေးနေမှု အခြေအနေသိရဖို့ အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုခြင်း မရှိပါဘူး။
ဇူလိုင်လနောက်ဆုံးအပတ်ကလည်း နိုင်ငံတစ်ဝန်းမှာ ရေကြီးနစ်မြုပ်မှုကြောင့် လူပေါင်းနှစ်သိန်းကျော် ရေးဘေးဒုက္ခကြုံခဲ့ရပြီး လက်ရှိအချိန်အထိ အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
(မှတ်ချက်-ဒေသခံများ၏ ပြောဆိုချက်ကို ထပ်မံဖြည့်စွက်ရေးသားထားသည်။)