ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင်အခက်အခဲ ကြီးမားနေဆဲ
ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်ဖြစ်ပွားနှုန်းတွေ မြင့်တက်နေချိန်မှာ ဆေးရုံတွေနဲ့ ကုသရေးစင်တာတွေမှာ အောက်ဆီဂျင် အလုံအလောက်မရှိတာ၊ အောက်ဆီဂျင်ကို စျေးအဆမတန်တင်ပြီး ရောင်းချသူတွေရှိနေပါတယ်။
-
ရဲစည်သူကာ(ဝါရှင်တန် ဒီစီ)
2021-07-19 -
-
-
ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်ဖြစ်ပွားနှုန်းတွေ မြင့်တက်နေချိန်မှာ ဆေးရုံတွေနဲ့ ကုသရေးစင်တာတွေမှာ အောက်ဆီဂျင် အလုံအလောက်မရှိတာ၊ အောက်ဆီဂျင်ကို စျေးအဆမတန်တင်ပြီး ရောင်းချသူတွေရှိနေပါ တယ်။ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ အောက်ဆီဂျင်အရည်နဲ့ အောက်စီဂျင်အိုးတွေ ဝင်လာနေတဲ့ ဓါတ်ပုံအချို့ကို စစ်ကောင်စီထိန်းချုပ်တဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖေါ်ပြနေပေမယ့်လည်း အောက်ဆီဂျင် အလုံအလောက်မရဘဲ သေဆုံးမှုတွေက နေ့စဉ်မြင့်တက်နေဆဲဖြစ်ပါတယ်။
အောက်ဆီဂျင်လိုအပ်ချက် မြင့်မားနေပေမယ့် တချို့နေရာတွေမှာ စစ်ကောင်စီဘက်က ထောက်ခံစာပါမှ အောက်ဆီဂျင်ရမယ်ဆိုတာတွေကြောင့် မြေပြင်မှာလုပ်ရတာ ခက်ခဲနေတယ်လို့ အောက်ဆီဂျင်ရဖို့ ကူညီပေး နေတဲ့ ပရဟိတအဖွဲ့တွေက ပြောကြပါတယ်။
ဒီနေ့အချိန်အထိ မဖျက်သိမ်းပေးသေးတဲ့ စစ်ကောင်စီရဲ့ ညမထွက်ရအမိန့်ကြောင့်လည်း ၂၄ နာရီ အောက်ဆီ ဂျင် လိုအပ်နေသူတွေအတွက် ရှာဖွေကူညီရခက်ခဲနေပါတယ်။
ဒီနေ့လည်း အောက်ဆီဂျင်ရဖို့ လှည့်ပတ်ရှာဖွေနေရတာ အတော်ခက်ခဲနေတယ်လို့ ကိုဗစ်လူနာတွေကို နေ့စဉ်အကူအညီပေးနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပရဟိတအဖွဲ့ဝင်တစ်ယောက်က RFA ကို ပြောပါတယ်။
“ ကျွန်တော်တို့အခုဖြစ်နေတာက အောက်ဆီဂျင်ကို လုံလုံလောက်လောက် ဖြည့်မပေးနိုင်ဘူး၊ ပြီးတော့ အောက်ဆီဂျင်ကို ရှင်းရှင်းပြောရရင် ကျွန်တော်တို့သွားဖြည့်တဲ့အချိန်မှာ တချို့နေရာတွေဆိုရင် စကစရဲ့ ခွင့်ပြုချက်မပါရင် ဖြည့်လို့မရဘူးဆိုတဲ့ စာတန်းတွေကပ်ထားတာတွေရှိတယ်ဗျ၊ အခုတောင်ဒဂုံတို့ ဘာတို့ မှာဆိုရင် အဲဒါမျိုးလေးတွေ တွေ့ရတယ်ဗျ၊ လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်း အဲဒါမျိုးလေးတွေ ခဏ ခဏ တွေ့နေရတဲ့အတွက်ကြောင့် ကျွန်တော်တို့က အောက်ဆီဂျင်သွားဖြည့်တဲ့အခါမျိုးမှာ တစ်ခါတလေ အခက်အခဲတွေအများကြီးနဲ့ တစ်ခါတလေမဟုတ်ပါဘူး အမြဲတမ်းလိုလို အရမ်းပဲ ခက်ခဲပါတယ်ခင်ဗျ ”
ပရဟိတအဖွဲ့တွေအားလုံးဆီမှာ အောက်ဆီဂျင်အိုးတွေလည်း ပြတ်လပ်နေကြပြီး အောက်ဆီဂျင်ရဖို့ကလည်း ရွှေထက်တောင်ရှားနေတယ်လို့ သူကဆက်ပြောပါတယ်။
"ပိုက်ဆံရှိပြီး အောက်ဆီဂျင်အိုးဝယ်ဖို့မပြောနဲ့ အိုးဖြည့်ဖို့တောင်မရှိဘူး"
ကိုဗစ်ကူးစက်မှုတွေရှိနေတဲ့ မြောက်ဒဂုံဘက်က သက်ကြီးဘိုးဘွားရိပ်သာတစ်ခုမှာလည်း အောက်ဆီဂျင် အရေးပေါ်လိုအပ်နေပြီး အောက်ဆီဂျင်ထည့်တဲ့အိုးတွေ ဝယ်နိုင်မယ့်နေရာတွေလည်း ဆက်သွယ်မရရှာမရ ဖြစ်နေတယ်လို့ အဲဒီရိပ်သာက ပြောပါတယ်။
အောက်ဆီဂျင်အိုးတွေရော အောက်ဆီဂျင်ရော ရှာဖွေဝယ်ယူလှူဒါန်းမယ့်သူတွေလည်း အခက်တွေကြုံ နေရတယ်လို့ လုံခြံုရေးအရ အမည်မဖော်လိုသူ ရန်ကုန်မြို့ခံတစ်ယောက်က ရှင်းပြပါတယ်။
“ အခုပြဿနာကဘာလဲဆိုတော့ အကုန်လုံးကမရှိတော့တာ၊ နောက်တစ်ခုကတော့ အိမ်တွေပြည့်နေတာ၊ အောက်ဆီဂျင်အိုးတွေ ဘယ်လိုမှမလည်ပတ်နိုင်ဖြစ်နေတာ၊ ကျွန်တော်ဆက်တဲ့ တော်တော်များများက လုံး၀ဆက်လို့မရတာရှိတယ် စက်ပိတ်ထားတာရှိတယ်၊ ဆက်လိုက်တိုင်း ဘယ်လိုမှမအားတဲ့ တောက် လျှောက် တစ်နေကုန်ဆက်နေလည်း လုံး၀မအားတာ၊ သူတို့လည်း ကိုယ့်ထက်ဦးတဲ့သူတွေလည်း ခေါ်ရင် ခေါ်နေမှာပေါ့နော်၊ အဲလိုမျိုးဟာတွေ၊ နောက်တစ်ခုက အောက်ဆီဂျင်က အပြင်ပေါက်စျေးထက် တအား ကို များနေတာတွေ အဲဒါတွေကို ကြုံနေရတယ် ”
တချို့ဝယ်လို့ရတဲ့ အောက်ဆီဂျင်စက်ရုံတွေကိုလည်း တယ်လီဖုန်းနဲ့ တစ်နေကုန်ဆက်သွယ်ပေမယ့် ဘယ်လိုမှ ဆက်သွယ်မရတာနဲ့ စက်ပိတ်ထားတာတွေနဲ့ပဲ ကြုံနေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့ ည ၈ နာရီလောက်ကလည်း ကမာရွတ်မြို့နယ်၊ ဆင်မလိုက်သင်္ဘောကျင်းဝန်း ထဲမှာ အောက်ဆီဂျင်တန်းစီနေတဲ့နေရာကို စစ်ကောင်စီတပ်တွေဟာ အောက်ဆီဂျင်အိုးတွေတင်လာတဲ့ စစ်ကားကြီးတစ်စီးနဲ့အတူ ဟိုင်းလတ်ကား လေးစီးနဲ့ ရောက်လာပြီး အောက်ဆီဂျင်တွေ ဖြည့်သွားတယ်လို့ ဒေသခံတွေရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။အောက်ဆီဂျင်ရဖို့တန်းစီနေတဲ့ ပြည်သူ တွေကို လှည့်ပြန်ခိုင်းတာ၊ မှတ်ပုံတင်တစ်ခုကို တစ်အိုးပဲပေးမှာဖြစ်ပြီး ကမာရွတ်မြို့နယ် ထွေအုပ်ရုံးမှာ အမည်စာရင်းပေးဖို့ စတဲ့ ပြောဆိုခဲ့တာတွေလည်းရှိတယ်လို့ ရေးသားထားကြပါတယ်။
ကိုဗစ်လူနာတွေ အောက်ဆီဂျင်ရဖို့ ကိုယ်တိုင်အောက်ဆီဂျင် လိုက်ရှာဖြည့်ပေးနေသူတစ်ယောက်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်း တောင်ဒဂုံမြို့နယ်မှာ အောက်ဆီဂျင်ရဖို့ တန်းစီနေချိန် စစ်ကောင်စီတပ်တွေ ရောက်လာပြီး လူတွေအရမ်းများနေလို့ လူစုခွဲခိုင်းခဲ့တာကိုမြင်ခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။
“ ပိုက်ဆံရှိပြီး အောက်ဆီဂျင်အိုးဝယ်ဖို့မပြောနဲ့ အိုးဖြည့်ဖို့တောင်မရှိဘူး၊ မနေ့ကသေဆုံးဖြစ်သွားတာက အိုးဖြည့်ဖို့ တန်းစီနေရင်းနဲ့ကို သေသွားတာ၊ လုပ်နေတဲ့ပုံစံတွေက စနစ်မကျတာလည်းပါတာပေါ့ကွာ၊ ဥပမာ ဆိုလိုချင်တဲ့သဘောက သူတို့အိုးနှစ်ရာထုတ်ရောင်းမယ်ဆိုရင် တုံကင်နှစ်ရာပဲပေးထားလိုက်၊ လူ လည်းစုစရာအကြောင်းမရှိတော့ဘူးလေ၊ အဲလိုမဟုတ်ဘဲနဲ့ သူတို့ကစာရင်းကို ငါးရာလောက်ယူထားတယ် လူကငါးရာလောက်ကို အိုးသယ်မှာနဲ့ဘာနဲ့ဆို အဲနေရာမှာတင် လူထောင်ပိုင်းပြုံနေတယ်၊ တပ်ကလာတယ် ဆိုတာလည်း ဟုတ်တယ် ဒါပေမဲ့ သူတို့အိုးလာသိမ်းတာမဟုတ်ဘူး အမကိုယ်တိုင်ရှိနေတာကိုး၊ သူတို့လာ တာက လူစုခွဲ အဲလောက်ကြီး လူပြုံနေလို့မဖြစ်ဘူးဆိုပြီး သူတို့အဲဒါတွေ သတိပေးတယ်၊ ပြည်သူလူထုကို သတိပေးတာ မဟုတ်ဘူး စက်ရုံမှူးကိုသတိပေးတာ၊ အဲလောက်လူအုပ်ကြီး မလုပ်ထားသင့်ဘူးဆိုပြီး စက်ရုံမှူးကိုသတိပေးပြီးတော့ပဲ လူစုခွဲခိုင်းတာ၊ အဲမှာသတင်းကထပ်ပြန့်ကုန်တော့ ပိုဆိုးကုန်တာပေါ့၊ နောက်က စိတ်ပူလို့ မိသားစုတွေလိုက်လာတာရော ဘာရောဆိုတော့ ရှုပ်ယှက်တွေခတ်ကုန်ရော ”
အောက်ဆီဂျင်ရဖို့ တန်းစီစောင့်ဆိုင်းနေရတဲ့နေရာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး အတင်းသိမ်းဆည်းသွားတယ်ဆိုတဲ့သတင်းတွေလည်း လူမှုကွန်ရက်စာမျက်နှာတွေမှာ မြင်တွေ့နေရပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒါပေမဲ့ အောက်ဆီဂျင်ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ နေရာအတော်များများမှာ တစ်ဦးချင်း အောက်ဆီဂျင်ဝယ်မယ် ဆိုရင် ဖြည့်မပေးဖို့ ကန့်သတ်လိုက်တယ်ဆိုတာကိုတော့ စစ်ကောင်စီပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ဇူလိုင်လ ၁၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ခံထားပါတယ်။
“ အောက်ဆီဂျင်နဲ့ ပတ်သက်ပြီးတော့ မှန်ပါတယ်၊ ပုဂ္ဂလိကပိုင်ဆိုင်တဲ့ဟာတချို့ကို ကျွန်တော်တို့အနေနဲ့ ကန့်သတ်ထားတာရှိပါတယ်၊ ဘာကိုကန့်သတ်လိုက်လည်းဆိုတော့ တစ်ဦးချင်းလာဖြည့်တဲ့ဟာတွေကို ဖြည့်မပေးဘဲနဲ့ အဓိကလိုအပ်နေတဲ့ ဆေးရုံ၊ ဆေးခန်းတွေသာဖြည့်ပေးဆိုပြီး ကန့်သတ်လိုက်တာမျိုး ရှိပါတယ် ”
အဲ့လိုကန့်သတ်လိုက်တာက အွန်လိုင်းပေါ်ကနေ အောက်ဆီဂျင်အိုးတွေကို စျေးအဆမတန်တင်ရောင်းနေတာ အောက်ဆီဂျင်အိုးရမယ်ဆိုပြီး ငွေကြိုလွှဲခိုင်းပြီး လိမ်ပြီးရောင်းနေတာတွေကြောင့်နဲ့မလိုအပ်ဘဲ အောက်ဆီဂျင် တွေကို ဝယ်ယူသိမ်းဆည်းထားတာတွေကြောင့်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့တာပါ။
အောက်ဆီဂျင် ၄၀ လီတာဆန့် အိုကြီးတစ်အိုးနဲ့ ဆက်စပ်ပစ္စည်းစုံအပါအဝင်ကို အရင်ကထက် ဆယ်ဆကျော် စျေးတင်ပြီး ကျပ်ငွေ ၁၅ သိန်းနဲ့ ရောင်းချနေတာကြောင့် အရေးယူပေးဖို့ တောင်းဆိုမှုတွေလည်း လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ တွေ့နေရပါတယ်။
လူနာ ရ၀၀၀၀ နီးပါးအတွက် ကိုဗစ်ကုသရေးနဲ့ အသွားအလာကန့်သတ်စောင့်ကြည့်တဲ့စင်တာ ၂၀၀၀ နီးပါး ဆောက်ပြီးပြီလို့ အာဏာသိမ်းကောင်စီဥက္ကဋ္ဌက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စစ်ကောင်စီပိုင် မြဝတီရုပ်သံလိုင်းကနေ ပြောခဲ့သလို အိမ်နီးချင်းထိုင်းနိုင်ငံကနေ အောက်ဆီဂျင်တင်ကားကြီးတွေနဲ့ ဝယ်ယူပြီး ဆေးရုံကြီးတွေနဲ့ ကိုဗစ် စင်တာတွေမှာ အောက်ဆီဂျင်ရရှိဖို့လုပ်နေတယ်လို့ စစ်ကောင်စီဘက်က ပြောနေပေမယ့် လက်တွေ့မှာတော့ လုံးဝလုံလောက်မှုမရှိသေးပါဘူး။ ရန်ကုန်မြို့က သုသာန်တွေမှာလည်း ကိုဗစ်ကြောင့် သေဆုံးသူတွေရဲ့ အလောင်းတွေရောက်ရှိမှုက လျော့ကျသွားတာ မရှိသေးပါဘူး။
မနေ့က ဇူလိုင်လ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ဓာတ်ခွဲအတည်ပြု လူနာ နှစ်သိန်း သုံးသောင်းကျော် ရှိလာပြီဖြစ်ပြီး သေဆုံးသူ ၅၀၀၀ ရှိပြီဖြစ်တယ်လို့ စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။