နိုင်ငံတစ်ဝန်း တစ်နှစ်အတွင်း လက်နက်ကိုင်အဖွဲ့ ၄၀၀ ကျော် တိုးလာ

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းမှုအပေါ် လက်နက်ကိုင်ဆန့်ကျင်ဖို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တွေ ပေါ်ပေါက်လာတာ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့က တစ်နှစ် ပြည့်ခဲ့ပါပြီ။

PDF တည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနား ကျင်းပနေသည့် တပ်ဖွဲ့ဝင်များကို ၂၀၂၂ ခုနှစ် မေလ ၆ ရက်နေ့က တွေ့ရစဉ် Photo: Ministry of Defence - National Unity Government of Myanmar

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ပြီးခဲ့တဲ့ နှစ် စက်တင်ဘာ ၇ ရက်မှာ ပြည်သူ့ ခုခံတော်လှန်စစ် ကြေညာပြီးနောက် တစ်နှစ်အတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ၊ မဟာမိတ်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဝင် ၁,၅၀၀ ကျော်ကျဆုံးခဲ့တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့် ဒီနေ့ မိန့်ခွန်းမှာ ထည့်ပြောပါတယ်။

အခုလို ကျဆုံးခဲ့သူတွေကို အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်သလို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေသကာကွယ်ရေး တပ်ဖွဲ့၊ သပိတ်တိုက်ပွဲ မှာ ပါဝင်နေသူတွေနဲ့ CDM ဝန်ထမ်းတွေ အပါအဝင် အာဏာရှင် စနစ်ကို ဆန့်ကျင် တော်လှန် ခဲ့ကြသူတွေကိုလည်း အသိအမှတ်ပြုကြောင်း ယာယီ သမ္မတက ပြောပါတယ်။

“အကြမ်းဖက်စစ်အုပ်စုက ပြည်သူတွေငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုတာကို လက်နက် အားကိုးပြီးတော့ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်တယ်။ ကလေးသူငယ်နဲ့ အမျိုးသမီး တွေကိုလည်း သတ်ဖြတ်ခဲ့တယ်။ ဒါ့ကြောင့် အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ တရားဝင်တဲ့ ခုခံကာကွယ်မှုဖြစ်ဖို့ ဥပဒေတွေနဲ့ညီညွတ်ဖို့ ခုခံတော်လှန်စစ်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်”

ဒါ့အပြင် NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့အလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေကို ပြည်သူ့ ကာကွယ်ရေးတပ်မတော်ထဲက တပ်ရင်းတပ်ဖွဲ့နဲ့ မြို့နယ်အခြေပြု တပ်ဖွဲ့တွေထဲ ပါလာအောင် ချိတ်ဆက်ဆောင်ရွက်နေပြီး တပ်ရင်း ၃၀၀ ကျော်ဖွဲ့စည်း နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မြို့နယ် ၃၃၀ ကျော်ရှိတဲ့အထဲ မြို့နယ် ၂၅၀ ကျော်မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ဖွဲ့စည်းထားနိုင်ပြီး ၂၄ မြို့နယ်မှာတော့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းတွေ လုပ်ဆောင်နေပြီလို့လည်း ယာယီသမ္မတက ပြောပါတယ်။

လက်ရှိမှာတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ NUG လက်အောက်က ပြည်သူ့ ကာကွယ်ရေး တပ်မတော်တို့အကြား ချိတ်ဆက်ဆောင်ရွက်နိုင်ပြီဆိုပေမဲ့ လက်နက်ခဲယမ်း အပြည့်အစုံ မထောက်ပံ့နိုင်သေးဘူးလို့ ထားဝယ်အရှေ့တော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက RFA ကိုပြောပါတယ်။

“စစ်ရေးအရ ပူးပေါင်းဆောင်ရွက်တာ၊ ချိတ်ဆက်မှုတွေတော့ရှိတယ်။ အခြေအနေ တစ်ခုတော့ ရောက်နေပြီပေါ့။ ဒါပေမဲ့ နယ်မြေခံတပ်ဖွဲ့တွေ အားလုံးကို မချိတ်ဆက် နိုင်သေးဘူး။ လက်နက်ခဲယမ်း ထောက်ပံ့မှုအားနည်းနေသေးတယ်။ စစ်ရေး ဆောင်ရွက်ဖို့ စစ်ကြောင်း လှည့်ရင်တော့ နယ်မြေခံတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်မှုတော့ လိုနေသေးတယ်။ နောက်တစ်ခုက ပြည်သူ့ကာကွယ်ရေး တပ်မတော်ထဲ ပါမလာ သေးတဲ့ အဖွဲ့တွေရှိနေတယ်”

ရန်ပုံငွေ အကန့်အသတ်တွေကြောင့် လက်နက်ခဲယမ်း အပြည့်အစုံ မထောက်ပံ့နိုင်သေးတာ အပါအဝင် စစ်ရေးဦးဆောင်မှု အပိုင်းမှာ အားနည်းချက်တွေ ရှိနေသေးတာကိုတော့ ယာယီသမ္မတက သူ့ရဲ့မိန့်ခွန်းမှာ ဝန်ခံပြောကြားခဲ့ပါတယ်။

ပြည်သူ့ခုခံတော်လှန်စစ် ကြေညာအပြီး တစ်နှစ်အတွင်း စစ်ကောင်စီ ဘက်ကလည်း သေဆုံးသူ ၂၀,၁၅၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၇,၀၀၀ ကျော် ရှိတယ်လို့ ယာယီသမ္မတ သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခိက်ပလက်နဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်း ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org