အာဏာသိမ်းမှုကြောင့် အခက်တွေ့လာတဲ့ အွန်လိုင်းစီးပွားရေး
ကိုဗစ်-19 ကမ္ဘာ့ကပ်ရောဂါ ထိန်းချုပ်မှုရှိလာတဲ့ ၂၀၂၀ နှစ်ဆန်းပိုင်းကစလို့ မြန်မာနိုင်ငံမှာ အွန်လိုင်းဈေးကွက်က သိသိသာသာထွန်းကားလာခဲ့ပါတယ်။
- 2021-11-08
-
-
-
ကိုဗစ်-19 ကမ္ဘာ့ကပ်ရောဂါ ထိန်းချုပ်မှုရှိလာတဲ့ ၂၀၂၀ နှစ်ဆန်းပိုင်းကစလို့ မြန်မာနိုင်ငံမှာ အွန်လိုင်းဈေးကွက် က သိသိသာသာထွန်းကားလာခဲ့ပါတယ်။
အင်တာနက်၊ ဆိုရှယ်မီဒီယာ အသုံးပြုမှုလည်း များလာတဲ့အတွက် လမ်းဘေးမုန့်ဆိုင်ကစလို့ လုပ်ငန်းအရွယ် အစားမျိုးစုံ၊ လူတန်းစားမျိုးစုံဟာ အွန်လိုင်းကတဆင့် ရောင်းဝယ်တဲ့လုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်လာကြ ပါတယ်။ မုန့်ဟင်းခါး၊ ဘုရားပန်းကစ စိန်ရွှေရတနာပစ္စည်းတွေအထိ အွန်လိုင်းစနစ်နဲ့ အရောင်းအဝယ် လုပ်ကြပါတယ်။
မထက်ဇာခြည်လင်း၊ အင်းစိန်ကော်ရည်ခေါက်ဆွဲဆိုင် - “ညီမက ကုမ္ပဏီဝန်ထမ်းပေါ့၊ ကုမ္ပဏီကနေ လစာတွေစပြီးလျော့တဲ့အချိန်မှာ လုပ်တာပေါ့၊ ၄ လပိုင်းအကုန် ၅ လပိုင်းအစမှာ ဒီအွန်လိုင်းရှော့ပ်ကို စပြီးလုပ်တာပေါ့နော်၊ အွန်လိုင်းရှော့ပ်ကို အင်းစိန်ကော်ရည်ခေါက်ဆွဲဆိုပြီး လောလောဆယ်နာမည် ပေးထားတယ်ပေါ့၊ လောလောဆယ်ရနိုင်တာက ကပ်ကြီးကိုက်နဲ့ ကော်ရည်ခေါက်ဆွဲ နှစ်မျိုးကို ရောင်းတယ်ပေါ့နော်”
မသန္တာ၊ အထည်ရောင်းဝယ်ရေး - “ကိုဗစ်ဒုတိယလှိုင်း စတဲ့အချိန်မှာ စလုပ်ဖြစ်တာပါ၊ အစားအသောက်နဲ့ လူသုံးကုန် အဝတ်အထည်တွေ ရောင်းတယ်ပေါ့နော်၊ အဲတုန်းကတော့ ရောင်းရတယ်၊ စားသောက်ကုန် တွေနဲ့ အဝတ်အထည်တွေ အဓိကရောင်းရတယ်၊ လူတွေကလည်း ဝယ်တဲ့သူရှိကြတယ်ပေါ့နော်၊ ဝယ်လို အားတွေ များကြတယ်၊ အရင်တုန်းက ရောင်းတုန်းက ဒယ်လီခတွေ ကုန်ဈေးနှုန်းတွေက မမြင့်ဘူး၊ အမြတ် တွေလည်း အဆင်ပြေတယ်၊ ဝယ်တဲ့သူတွေလည်း အဆင်ပြေတယ်၊ ကိုယ်ကတဆင့် ဝယ်ရရင်လည်း ဝယ်ရသက်သာတဲ့အတွက် ရောင်းရတာလည်း သက်သာတယ်”
ပင်လယ်စာနှင့် ဒေသထွက်ကုန်ရောင်းချသူ - “ကိုဗစ်ဖြစ်ပြီးတဲ့ကာလမှာ အွန်လိုင်းကနေ ရောင်းကြဝယ်ကြ တဲ့ ဓလေ့က တော်တော်လေးကို ထွန်းကာလာတယ်ပေါ့နော်၊ စားသုံးသူတွေဆိုရင်လည်း ကိုဗစ်ကြောင့်မို့ အပြင်မထွက်ဘဲနဲ့ အရင်က အွန်လိုင်းကနေ မှာစားတာမလုပ်တဲ့သူတွေတောင်မှ အွန်လိုင်းကနေ မှာကြ တယ်၊ စားကြတယ်ပေါ့၊ အပြင်ထွက်ဖို့ အခက်အခဲတွေကြောင့်၊ နောက်ပိုင်းမှာလည်း နိုင်ငံရေးမတည်ငြိမ် တာတွေကြောင့် အပြင်မထွက်ကြဘူး၊ အွန်လိုင်းရဲ့လုပ်ငန်းလေးက တော်တော်လေးကို တွင်ကျယ်လာကြ တာပေါ့လေ၊ ရောင်းတဲ့သူအတွက်ရော အဆင်ပြေတယ် ဝယ်တဲ့သူအတွက်ရော အဆင်ပြေတယ်၊ အဲထဲမှာ အစ်မတို့ကျတော့ အွန်လိုင်းကနေ အစားအသောက်တွေရောင်းတာ ၁ နှစ်ကျော်ပြီပေါ့နော်၊ ၁ နှစ်ခွဲလောက် ရှိလာပြီ၊ အွန်လိုင်းကနေ ဈေးရောင်းပြီးတော့ ငွေကိုလည်း အွန်လိုင်းကနေ လက်ခံကြတယ်၊ အရင်တုန်း ကဆိုရင် AYA နဲ့ပဲလွှဲလွှဲ၊ CB နဲ့ပဲလွှဲလွှဲ၊ KBZ နဲ့ပဲလွှဲလွှဲ ဘယ်ကတ်ထဲကိုပဲလွှဲလွှဲ ဘယ် ATM မှာပဲ သွားထုတ်ထုတ် ထုတ်လို့အဆင်ပြေတယ်ပေါ့နော်၊ ဘဏ်ဆိုရင်လည်း ဘယ်မှာပဲ သွားထုတ်ထုတ် အဆင် ပြေတယ်”
ယခုနှစ်မှာတော့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အင်တာနက်လိုင်း ပြတ်တောက်တာ၊ လမ်းပန်းဆက် သွယ်ရေး ခက်ခဲတာ၊ ပြည်တွင်းဝယ်လိုအား ကျဆင်းလာတာ၊ နိုင်ငံခြားငွေလဲနှုန်း မြင့်မားတာ၊ စက်သုံးဆီ ဈေးနှုန်း မြင့်တက်တာ၊ ငွေကြေးဝန်ဆောင်မှု ဈေးနှုန်းကြီးမြင့်တာ၊ ဘဏ်ကငွေထုတ်ရ ခက်ခဲတာ စတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်၊ ဒါတွေကိုရင်ဆိုင်ရင်း အရှုံးနည်းအောင် ကြိုးစားရောင်းဝယ်နေကြရာက အရင်းပျောက်သွား သူတွေလည်း အများအပြားရှိနေပါတယ်။
သန္တာ - “အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ကုန်ဈေးနှုန်းတွေကလည်း တက်လာတယ်၊ ဆီဈေးနှုန်းတွေ ကလည်း တက်လာတော့ ဒယ်လီသမားတွေက ပိုတောင်းကြတယ်၊ ညီမတို့က ကိုယ့်ရဲ့ Customer တွေကို ပြန်တိုးကောက်ဖို့က အဆင်မပြေဘူးလေ၊ သူတို့တွေကလည်း ခုချိန်မှာ ဝယ်တာက နည်းသွားကြတယ်၊ အရင်တုန်းကဆို အစားအသောက်တွေကို ညီမက Taxi နဲ့ ပို့တာဆိုတော့ ကုန်ဈေးနှုန်းတွေ၊ ဆီဈေးနှုန်း တွေတက်လာတော့ Taxi နဲ့ပို့လို့က အဆင်မပြေတော့ဘူး၊ အဲတော့ အစားအသောက်ပိုင်းကို ရပ်လိုက်ရတဲ့ အခြေအနေထိဖြစ်သွားတယ်၊ အဝတ်အထည်လောက်ပဲ မှေးပြီးရောင်းနေရတယ်ပေါ့နော်၊ ဒီကာလကြီး ကတော့ ဘယ်လိုမှ အဆင်မပြေဘူး၊ ဒီလိုပဲ ယက်ကန်ယက်ကန်နဲ့ သွားနေကြရတာပါပဲ၊ ခုအချိန်မှာ အလုပ်ကလည်း ရှာရမလွယ်ဘူးလေ၊ ဒီကာလမှာ အလုပ်လက်မဲ့တွေလည်း များနေတော့ ဒီဟာလေးကိုပဲ မရရသလောက်လေးကိုပဲ မှေးပြီးရောင်းနေရတာပဲ၊ ရှေ့ဆက်လည်း အဲလိုမှေးပြီး ရောင်းနေရမှာပါပဲ”
ထက်ဇာခြည်လင်း - “ပထမဆုံး အခက်အခဲကတော့ ကုန်ဈေးနှုန်းတွေ တဖြည်းဖြည်း တက်လာတာပေါ့ နော်၊ ဆီဈေးဆို ခါတိုင်း ၄၂၀၀ လောက်ပေးရာကနေ ၄၈၀၀ လောက်ဖြစ်သွားတယ်၊ တစ်ခုချင်းစီပေါ်မှာ ၂၀၀၊ ၃၀၀ လောက်တက်လာတော့ အကုန်လုံးစုလိုက်တဲ့အခါကျတော့ တော်တော်ကြီးကို သိသာသွား တယ်ပေါ့၊ ဖေါ့ဗူးတွေ၊ ပလပ်စတစ်အိတ် ဝယ်ရတာတွေကအစ အကုန်တက်တယ်ပေါ့၊ တက်တဲ့အခါကျ တော့ ဈေးကို အရင်က ၁၅၀၀ လောက်ရောင်းရာကနေ ၁၈၀၀ လောက်ဖြစ်သွားတယ်ပေါ့နော်၊ ၁၅၀၀ လောက်က သိပ်မသိသာပေမယ့် ၁၈၀၀ ဖြစ်သွားတော့ စားဖို့ကို လက်တွန့်တယ်ပေါ့နော်၊ ခါတိုင်း ၁၀ ပွဲလောက် ရောင်းနေရတဲ့အချိန်မှာ ထက်ဝက်လောက် ရောင်းအားကျသွားတယ်ပေါ့နော်”
လတ်တလောအခြေအနေမှာ နယ်စပ်ကုန်သွယ်ရေးတွေ ရပ်ဆိုင်းထားတာကြောင့် ပြည်တွင်းမှာ ရောက်ရှိပြီး ဖြစ်တဲ့ သွင်းကုန်ပစ္စည်းတွေ ဈေးမြင့်တက်နေသလို ပြည်တွင်းသုံး ကျပ်ငွေတန်ဖိုး ကျဆင်းနေတာကြောင့် ဈေးကွက်မတည်မငြိမ်မှုတွေ ဖြစ်နေတယ်လို့ ကွန်ပျူတာနဲ့ အီလက်ထရောနစ် ရောင်းဝယ်ရေးလုပ်ကိုင်သူ တွေက ပြောပါတယ်။
"ဒီကာလမှာ အလုပ်လက်မဲ့တွေလည်း များနေတော့ ဒီဟာလေးကိုပဲ မရရသလောက်လေးကိုပဲ မှေးပြီးရောင်းနေရတာပဲ"
အွန်လိုင်းစီးပွါးရေးမှာ အွန်လိုင်းငွေပေးချေမှုစနစ်က အဓိကကျပါတယ်၊ အရင်က အွန်လိုင်းစီးပွါးရေးလုပ်ရင် ဘဏ်ကတဆင့် ဒါမှမဟုတ် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေကနေတဆင့် ငွေလွှဲငွေထုတ်စနစ်ကို အလွယ်တကူ ဆောင်ရွက်နိုင်ကြပါတယ်။ အွန်လိုင်းစနစ်နဲ့ ငွေပေးချေမယ်ဆိုရင် ဝယ်ယူသူတွေအတွက် ကုန်ပစ္စည်းတန်ဖိုးကို ရာခိုင်နှုန်းလျှော့ချပေးတဲ့အထိ ဆောင်ရွက်နိုင်ကြပါတယ်။
လက်ရှိကာလမှာတော့ ကုန်ပစ္စည်းဝယ်ယူသူတွေအနေနဲ့ အွန်လိုင်းစနစ်နဲ့ ငွေပေးချေမယ်ဆိုရင် ကုန်ပစ္စည်း တန်ဖိုးအပြင် ပစ္စည်းတန်ဖိုးရဲ့ ၅ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းအထိ အပိုဆောင်းပေးချေရတဲ့ အခြေအနေကို ပြောင်းလဲလာရတယ်လို့ အွန်လိုင်းစီးပွါးရေးသမားတွေက ပြောပါတယ်၊ ပြည်တွင်းဘဏ်တွေနဲ့ ငွေကြေးဝန် ဆောင်မှု လုပ်ငန်းတွေရဲ့ အခက်အခဲဟာ အွန်လိုင်းစီးပွါးရေး လုပ်ငန်းတွေကို ထိခိုက်လာတဲ့ အချက်တစ်ချက် ဖြစ်တယ်လို့ အွန်လိုင်းလုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။
ပင်လယ်စာနှင့် ဒေသထွက်ကုန်ရောင်းချသူ - “ငွေထုတ်ရတဲ့ ပြဿနာတွေရော ရောင်းရတဲ့အခါမှာ ဈေး တွေတက်တယ်လေ၊ ရောင်းရတဲ့ online shopping သမားတွေလည်း ဈေးတွေတက်ရတယ် ဘာလို့လဲ ဆိုတော့ Kpay ရာခိုင်နှုန်းပေးရတာတွေ ဘဏ်တွေက အလုပ်မဖြစ်တဲ့အခါမှာလေ အဲဟာတွေက အကုန်ရင်ဆိုင်နေရတာ၊ Kpay တို့ဘာတို့ဆိုလည်း ရာခိုင်နှုန်း များများပေးပြီးတော့ ၆ ရာခိုင်နှုန်း ၇ ရာခိုင်နှုန်း အဲလောက်ထိကိုပေးပြီးတော့ ထုတ်ရတယ်၊ Customer ဆီကနေ ငွေလွှဲတာကို ထုတ်ခဆိုပြီး တောင်းရတာမျိုးတွေရှိလာတယ်၊ စားသုံးသူအတွက်ကလည်း ကုန်ဈေးနှုန်းက ထပ်ပြီးတက်လာတာ ပေါ့နော်၊ သူဝယ်စားရတဲ့ ပမာဏထက် ငွေထုတ်ခပါပေးပြီး စားရတာဖြစ်နေတာပေါ့နော်၊ ငွေရေးကြေးရေး Payment ပိုင်းမှာ အခက်အခဲအများကြီး ကြုံလာရတယ်”
အွန်လိုင်းစီးပွားရေးနဲ့ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဖြစ်တဲ့ ပို့ဆောင်ရေးလုပ်ငန်း (Delivery Service) ကလည်း အဓိကကျတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်၊ သယ်ယူပို့ဆောင်စရိတ် မြင့်တက်တာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ လုံခြုံမှုအားနည်းတာတွေဟာ Delivery လုပ်ငန်းကိုပါ ရိုက်ခတ်လာနေပါတယ်။
ထက်ဇာခြည်လင်း၊ - “အစားအသောက်ဖြစ်တဲ့အတွက် အစတုန်းကတော့ ဆိုင်ကယ်ကယ်ရီနဲ့ ပို့တယ်၊ ဈေးမတက်ခင်တုန်းက သူလည်း ပို့ရတာကိုကိုက်တယ် ၅၀၀၊ ၁၀၀၀ ကိုယ်ရောင်းချနေတဲ့မြို့နဲ့ နည်းနည်း ဝေးသွားရင် ၁၀၀၀ ယူတယ်ပေါ့နော်၊ နည်းနည်းနီးရင် ၅၀၀ ယူတယ်ပေါ့၊ ခုကျတော့ အဲလိုမဟုတ်တော့ ဘဲနဲ့ ၁၀၀၀ လောက်ယူမှ သူ့အတွက်လည်း ကိုက်တဲ့ပုံစံဖြစ်သွားတယ်၊ ဒယ်လီပို့ရတာ တော်တော်လည်း အခက်အခဲဖြစ်တယ်၊ စက်ဘီးဒယ်လီနဲ့ ပို့ပြန်တော့လည်း အစားအသောက်ဖြစ်နေတဲ့အတွက် အေးသွား တာတို့ အဲလိုမျိုးတွေတော့ ဖြစ်တာပေါ့နော်၊ နည်းနည်းဝေးတဲ့နေရာကိုတော့ ဆိုင်ကယ်ဒယ်လီကို မဖြစ် မနေ သုံးရတာပေါ့၊ အဲတော့ကိုယ်က ရောင်းတဲ့သူရဲ့အိတ်ထဲက ၅၀၀ လောက်စိုက်ပေးလိုက်ရတာမျိုး ဖြစ်သွားတာပေါ့နော်၊ ဝယ်တဲ့သူဘက်ကလည်း ၁၀၀၀ ပေးရသလို ရောင်းတဲ့သူဘက်ကလည်း ၅၀၀ ပေးပြီး ပို့ခိုင်းရတဲ့အနေအထား ဖြစ်နေတယ်ပေါ့နော်”
ပင်လယ်စာနှင့် ဒေသထွက်ကုန်ရောင်းချသူ - “ရန်ကုန်မှာ ကုန်ကိုပတ်ပြီးပို့ရတဲ့အခါကျတော့ သူ့ရဲ့လုံခြုံရေး အခက်အခဲပေါ့နော် ဟိုတစ်နေ့ကဆို အစ်မ Delivery က ပစ္စည်းပို့တယ် သူပစ္စည်းပို့တဲ့လမ်းမှာပဲ သူ့နောက် ကျောမှာ ဗုံးကွဲတယ် ဒါမျိုးတွေပေါ့နော်၊ နောက်ပြီးလမ်းမှ ကားကိုရပ်ပြီးတော့ အထုပ်တွေဖောက်ပြီး စစ်တာမျိုးတွေ သူ့ရဲ့လုံခြုံရေးဆိုင်ရာ အခက်အခဲလေးတွေတော့ ကြုံရတယ်ပေါ့နော်၊ အဲခါမှာ Customer ဆီကို အချိန်နဲ့တပြေးညီ မရောက်တာမျိုးတွေပေါ့နော်၊ ကိုယ်ကကျတော့ ပုပ်သိုးကုန်ဖြစ်တဲ့အခါကျတော့ အချိန်နဲ့တပြေးညီ ရောက်ဖို့လိုတယ်လေ၊ လမ်းမှာခက်ခဲတာတွေ ကြန့်ကြာတာတွေဖြစ်တယ်၊ ဆီဈေးတွေ အရမ်းတက်လာတဲ့အခါကျတော့ အရင်တုန်းက ၁ သောင်းဖိုး ဝယ်စားတယ်ဆိုရင် ၂၀၀၀ က Delivery ခဖြစ်ပေမယ့် ခုကျတော့ ၂၅၀၀၊ ၃၀၀၀ ဖြစ်လာတယ်၊ အဲဒီမှာ စားသုံးသူက Kpay နဲ့ပေးမယ်ဆိုရင် Kpay ရဲ့ရာခိုင်နှုန်းပေးရတယ်၊ Delivery ခက ပေးရတယ်ဆိုတော့ သူဝယ်စားရတဲ့ တန်ဖိုးထက် Delivery ခတွေ ငွေလွှဲခတွေက ပိုပြီးတော့ မြင့်သွားတာပေါ့နော်၊ စားသုံးသူတစ်ဦးချင်စီမှာ ကုန်ဈေးနှုန်းတိုးပြီးတော့ မြင့်မြင့်ဝယ်နေရတာပေါ့လေ”
အွန်လိုင်းကတဆင့် ရောင်းဝယ်မှုတွေ လုပ်ဆောင်ရတဲ့အတွက် ငွေပေးချေမှုခက်ခဲလာတာ၊ လိမ်ညာမှု၊ လုယက်မှုတွေ ပိုများလာတဲ့အပြင် မြို့တွင်းပစ္စည်းသယ်ယူ ပို့ဆောင်ခတွေလည်း မြင့်မားလာပါတယ်။ နယ်မြို့တွေနဲ့ ဆက်သွယ်ဝယ်ယူရောင်းချရာမှာ ကုန်ပစ္စည်းဆုံးရှုံးနိုင်ချေ ပိုများလာတာကြောင့် အလုပ်အကိုင် ရပ်မသွားအောင် Delivery ဝန်ဆောင်မှုပါ ကိုယ်တိုင်လိုက်လုပ်နေတယ်လို့ ကွန်ပျူတာဆက်စပ်ပစ္စည်း ရောင်းဝယ်ရေးပြုလုပ်နေတဲ့ ကိုဆန်းအောင်က ပြောပါတယ်။
“ကျပ်ငွေတန်ဖိုးကျဆင်းပြီး နိုင်ငံခြားငွေလဲနှုန်း ထပ်မြင့်လာရင် လုပ်ငန်းက အရှုံးပေါ်တော့တာပါပဲ”
ပင်လယ်စာနှင့် ဒေသထွက်ကုန်ရောင်းချသူ - “ပြီးခဲ့တဲ့ ဈေးမတက်ခင်က ရခဲ့တဲ့ပစ္စည်းလေးတွေကို အရင်ဈေးနဲ့ပဲ ထုတ်နေတယ်၊ အခုပြန်စဉ်းစားတယ် အဲပစ္စည်းလေးတွေထုတ်လို့ ကုန်သွားတယ်ဆိုရင် အစ်မ နောက်ထပ်ဝယ်တဲ့အခါ အဲဈေးနှုန်းနဲ့ မရတဲ့အတွက် အချို့ပစ္စည်းတွေဆို အစ်မ မဝယ်နိုင်တော့ဘူး၊ အဲပစ္စည်းကို မရောင်းတော့ဘူးဆိုပြီးတော့ ခဏရပ်ထားလိုက်တယ်ပေါ့၊ ကိုယ်ရောင်းနေတဲ့ဈေးနှုန်းနဲ့ ပေးပြီးဝယ်ရတဲ့အတွက်ကြောင့် အဲဒါကိုမရောင်းနိုင်တော့ဘူး၊ Page မှာတင်ပြီးတော့ မရောင်းတော့ပါ ဘူးလို့ ပြောထားရတယ်”
အွန်လိုင်းက အစားအစာတွေ ရောင်းချနေတဲ့ မထက်ဇာခြည်လင်းကတော့ လုပ်ငန်းရပ်မသွားအောင် အမျိုးမျိုးစဉ်းစားပြီး ကြိုးစားနေပါတယ်။
ထက်ဇာခြည်လင်း - “အာဏာသိမ်းပြီးနောက်ပိုင်း ပိုက်ဆံတွေ အခက်အခဲတွေဖြစ်ကြတယ်၊ ကိုယ့်ပိုက်ဆံ ကိုယ် ထုတ်တာတောင် အဆင်မပြေကြဘူးပေါ့နော်၊ ကိုယ်ကိုယ်တိုင်လည်း ခုဆိုမှာမစားတော့ဘူး၊ ပိုက်ဆံ ကို အရမ်းချွေတာလိုက်တာတွေ ဖြစ်ကုန်တယ်ပေါ့နော်၊ ဒယ်လီသမားတွေလည်း တော်တော်အဆင်မပြေ တာတွေ ကြားတယ်ပေါ့နော်၊ လောလောဆယ်တော့ ဒီအွန်လိုင်းကနေပဲ ပိုက်ဆံရှာနေရတာပေါ့၊ ကိုယ်က အစားအသောက်ပိုင်းနဲ့ပဲ လုပ်နေရတယ်ဆိုတော့ သူများမရောင်းတဲ့ဟာကိုမှ ကိုယ်ဘာရောင်းလို့ ရဦး မလဲဆိုတာကိုပဲ လိုက်ပြီးတော့ လုပ်ဖြစ်တယ်ပေါ့နော်၊ လူတွေစားသုံးနိုင်အောင် ဈေးနည်းနည်းနဲ့ ပို့ခ နည်းနည်းနဲ့ ဘယ်လိုရောင်းလို့ရမလဲဆိုတာပဲ စဉ်းစားနေရတာပေါ့နော်”
နိုင်ငံရေး၊ ငွေကြေး၊ ဘဏ်လုပ်ငန်းနဲ့ အင်တာနက် အခြေအနေတွေ ပြန်တည်ငြိမ်လာပြီး၊ ကုန်စည်စီးဆင်းမှု ပုံမှန်ရှိလာမှပဲ အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေလည်း ပြန်ပြီးဦးမော့လာနိုင်မှာဖြစ်လို့ ဒီအခြေအနေရောက် လာမယ့်နေ့ကို အွန်လိုင်းလုပ်ငန်းရှင်တွေက မျှော်လင့်နေကြပါတယ်။