မြန်မာကို မျှမျှတတဆက်ဆံဖို့ တရုတ်အစိုးရကို NUCC သတိပေး

တရုတ်အနေနဲ့ စစ်ကောင်စီ တစ်ဖက်တည်းကိုမကြည့်ဘဲ ဒီမိုကရေစီအင်အားစုတွေကို အလေးပေးဆက်ဆံမှသာ အကျိုးရှိလိမ့်မယ်လို့ NUCC က သတိပေးလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်းနှင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်။ MYANMAR MILITARY INFORMATION TEAM / AFP

အနာဂတ်မြန်မာနိုင်ငံကို ဒီမိုကရေစီအင်အားစုတွေကသာ ဦးဆောင်မှာဖြစ်လို့ တရုတ်အနေနဲ့ စစ်ကောင်စီတစ်ဘက်တည်းကိုမကြည့်ဘဲ ဒီမိုကရေစီအင်အားစုတွေကို အလေးပေးဆက်ဆံမှသာအကျိုးရှိလိမ့်မယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က သတိပေးလိုက်ပါတယ်။

အဲဒီလိုမဆက်ဆံရင် မြန်မာပြည်သူတွေရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေကို တရုတ်အစိုးရ ပိုပြီးရင်ဆိုင်ရလိမ့်မယ်လို့လည်း တရုတ်ဆန့်ကျင်ရေးလှုပ်ရှားသူတွေက ပြောပါတယ်။

တရုတ်အစိုးရဟာ စစ်ကောင်စီနဲ့ ပိုနီးကပ်လာတာနဲ့အမျှ နိုင်ငံရေး၊ စစ်ရေးကိစ္စတွေမှာ ပိုပြီးစွက်ဖက်လာသလို တစ်ပြိုင်နက်တည်းမှာပဲ အကျိုးစီးပွားကိစ္စတွေ တိုးလုပ်လာတယ် လို့ နိုင်ငံရေးအကဲခတ်တွေ၊ မြန်မာ့အရေးလှုပ်ရှားသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်နဲ့ အခုနှစ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး၊ တရုတ်စစ်ထောက်လှမ်းရေး အကြီးအကဲ အပါ အဝင် အဆင့်မြင့်ထိပ်တန်းအရာရှိတွေက စစ်ကောင်စီ ခေါင်းဆောင်တွေကို သွားတွေ့နေတာ၊ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီတို့ ဆွေးနွေးပွဲတွေ ဖြစ်လာအောင် ကြားပွဲစားလုပ်တာ၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံက ကမကထလုပ်နေတဲ့ မြန်မာ့အရေးဆွေးနွေးပွဲတွေကို တက်ပြီး စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးကို နေရာပေးခဲ့တာတွေဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လျစ်လျူရှုရာ ရောက်တယ်လို့ ထောက်ပြဝေဖန်ပါတယ်။

တစ်ဖက်မှာတော့ ပြီးခဲ့တဲ့ မေလထဲမှာပဲ စစ်ကောင်စီနဲ့ တရုတ်တို့ စီးပွားရေးဆိုင်ရာ သဘောတူညီချက်တွေကို ထပ်ပြီးအတည်ပြုခဲ့ပါတယ်။

တရုတ်အနေနဲ့ စစ်ကောင်စီတစ်ဖက်တည်းကိုပဲ နီးနီးကပ်ကပ်ဆက်ဆံပြီး မြန်မာပြည်သူတွေရဲ့ဆန္ဒကို မျက်ကွယ်ပြုနေတာဟာ မလုပ်သင့်တဲ့ကိစ္စလို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က ဇွန်လ ၂၄ ရက်နေ့က ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံထဲက တရုတ်ရဲ့ အကျိုးစီးပွားကို ရေရှည်မှာ မြန်မာပြည်သူတွေကပဲ အာမခံချက်ပေးနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

"အနာဂတ်က စစ်အုပ်စုမှာ မရှိပါဘူး။ အနာဂတ်က ပြည်သူတွေဖြစ်ပါတယ်"

အနာဂတ်မှာ နိုင်ငံကို ဒီမိုကရေစီအင်အားစုတွေကပဲ ဦးဆောင်မှာမို့လို့ တရုတ်အနေနဲ့ ဒီမိုကရေစီ အင်အားစုတွေကို အလေးပေးဆက်ဆံမှသာ အကျိုးရှိလိမ့်မယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ အဖွဲ့ဝင် ဦးမောင်မောင်က ပြောပါတယ်။

"စစ်အုပ်စုသည် အဖြေမဟုတ်ပါဘူး။ ဒါကြောင့် အဖြေဖြစ်တဲ့ ကျွန်တော်တို့ စုပေါင်းထားတဲ့ အမျိုးသား ကောင်စီ၊ နောက်တစ်ခါ NUG၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနဲ့ ကျွန်တော်တို့နဲ့ တွေ့ဆုံဆွေးနွေးမှသာလျှင် အဆင်ပြေမယ်။ သူတို့အတွက် အာမခံချက်ရှိမယ်ဆိုတာကို ကျွန်တော်တို့က တင်ပြနေတာ ဖြစ်ပါတယ်။ အနာဂတ်က စစ်အုပ်စုမှာ မရှိပါဘူး။ အနာဂတ်က ပြည်သူတွေဖြစ်ပါတယ်"

တရုတ်အစိုးရက NUCC ကို ဆက်သွယ်တာ တစ်ခါမှမရှိသေးဘူးလို့လည်း သူကပြောပါတယ်။

ဒီလိုသာဆက်ဆံနေရင် တရုတ်အနေနဲ့ မြန်မာပြည်သူတွေ ဆန့်ကျင်ကန့်ကွက်တာကို ပြင်းပြင်းထန်ထန်ကြုံရလိမ့်မယ်လို့ တရုတ်ကြေးနီစီမံကိန်းရှိတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်က ရွာပေါင်းစုံသပိတ် ဦးဆောင်ကော်မတီဝင် ကိုသက်ဦးက RFA ကို ပြောပါတယ်။

"ပြည်သူတွေ လုံးဝမနှစ်သက်တဲ့၊ ပြည်သူ လုံးဝမုန်းတီးနေတဲ့ စစ်ကောင်စီဘက်ကို ရပ်တည်နေမယ်ဆိုရင် အကြမ်းမဖက်လှုပ်ရှားမှု၊ လူထုအုံကြွမှုရဲ့တောင်းဆိုမှုကို ခံရနိုင်သလို စစ်ရေးအရ လုပ်နေကြတဲ့သူတွေကလည်း သူတို့လုပ်လို့ရတာတွေရှိတယ်။ အဲဒီဒဏ်တွေကို ပြင်းပြင်းထန်ထန် ခံရနိုင်တယ်"

အခုလအစောပိုင်းက စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က တရုတ်ကြေးနီစီမံကိန်းနားမှာ စစ်ကောင်စီရဲ့ ရဲစခန်းတစ်ခုကို PDF ပူးပေါင်းတပ်တွေက စီးနင်းခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

Mr. Kong လို့ နာမည်ဝှက်ပေးထားတဲ့ ရန်ကုန်မြို့က တရုတ်ဆန့်ကျင်ရေးလှုပ်ရှားသူ တစ်ဦးကလည်း မြန်မာနိုင်ငံသားတွေကို ဆန့်ကျင်တဲ့ဘယ်သူ့ကိုမဆို တုံ့ပြန်မယ်လို့ သတိပေးပါတယ်။

"ကိုယ့်မြေ၊ ကိုယ့်ရေမှာ သူတို့ (တရုတ်) က လာပြီး ရင်းနှီးမြှုပ်နှံထားတဲ့အရာတွေသည် ကျွန်တော်တို့ရဲ့ အာမခံချက်ရှိမှ သူတို့အတွက် အကျိုးစီးပွားဖြစ်မှာပါ။ ကျွန်တော်တို့က အာမခံချက်မပေးနိုင်ဘူး။ ကျွန်တော်တို့ရဲ့ ရန်သူ (စစ်ကောင်စီ) နဲ့ ပူးပေါင်းပြီး နိုင်ငံသူ၊ နိုင်ငံသားတွေကို သတ်ဖို့လုပ်နေတာဆိုရင်တော့ ဘယ်သူ့ကိုမဆို ကျွန်တော်တို့က အရေးယူဆောင်ရွက်သွားမှာပါ"

တရုတ်ဟာ မြန်မာနိုင်ငံအတွက် အိမ်နီးချင်းကောင်း မပီသပေမယ့်လည်း နိုင်ငံရေးအရ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရမယ်ဆိုတဲ့အချက်ကို တော်လှန်ရေးအင်အားစုတွေက နားလည်ထားတယ်လို့လည်း သူက ပြောပါတယ်။

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ ရန်ကုန်အခြေစိုက် တရုတ်သံရုံးကို RFA က အီးမေးလ်ကတစ်ဆင့် စာရေးမေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။ စစ်ကောင်စီရဲ့ သဘောထား သိရအောင်လည်း ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ဒါကြောင့် စစ်တပ်ကအရာရှိဟောင်းတွေဖွဲ့ထားတဲ့ ‌သေနင်္ဂမဟာဗျူဟာအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကိုမေးကြည့်တော့ စစ်ကောင်စီနဲ့ တရုတ်ကို ဆန့်ကျင်တိုက်ခိုက်မယ်ဆိုတာက မိုက်ရူးရဲဆန်တဲ့လုပ်ရပ်ဖြစ်သွားမယ်လို့ RFA ကို ပြောပါတယ်။

"တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေပဲ ဖြစ်စေ၊ NUG၊ PDF ပဲဖြစ်စေ၊ သူတို့ဟာ အခုရပ်တည်နေတာက Stateless နိုင်ငံမဲ့တွေအနေနဲ့ ရပ်တည်နေရတာ။ Stateless နိုင်ငံမဲ့တွေက State actor နိုင်ငံအုပ်ချုပ်သူတွေနဲ့ သွားပြီးရင်ဆိုင်တွေ့တဲ့အခါမှာ အကျိုးအကြောင်း အဆင်အခြင်မဲ့တာမျိုး သွားပြီးတော့ လုပ်လို့မရဘူး။ ကိုယ့်ဘာသာ မှန်နေတဲ့ အမှန်တရားတစ်ခုတည်းနဲ့ သွားလုပ်လို့မရဘူး။ အဲဒါက မိုက်ရူးရဲဆန်တဲ့ လမ်းကြောင်းပေါ် ရောက်သွားမှာ"

ရန်ကုန်မြို့ရှိ၊ တရုတ်သံရုံးရှေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြကြသူများအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ တွေ့ရစဉ်။ (Photo: RFA)

ဆန့်ကျင်မှုအားကောင်းလာရင် တရုတ်အတွက် စဉ်းစားစရာဖြစ်လာလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။

"တရုတ်ကို ကိုယ့်ဘက်ပါလာအောင် လုပ်ဖို့ကတော့ အင်မတန်မှ ခက်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းထဲမှာရှိနေတဲ့ အစုအဖွဲ့တွေပေါ့၊ အင်အားကြီးမားတယ်၊ ကိုယ်စားပြုမှု ခိုင်ခိုင်မာမာရှိတဲ့ အစုအဖွဲ့တွေကနေ တရုတ်ရဲ့ လုပ်ဆောင်မှုတွေကို သတိထားပြီးတော့ ဖြစ်သင့်တယ်၊ မဖြစ်သင့်ဘူးဆိုတဲ့ ထောက်ပြမှုတွေက အနည်းနဲ့အများ တရုတ်အတွက် စဉ်းစားစရာ ဟန့်တားမှုတစ်ခုတော့ အကျိုးသက်ရောက်မှုတော့ရှိတယ်။ တရုတ်က လူမကြိုက်မှန်းသိလျက်နဲ့ ပြောင်ပြောင်တင်းတင်း လုပ်တာမျိုးကို လုပ်လေ့ရှိတယ်"

မြန်မာနိုင်ငံမှာဖြစ်နေတဲ့အခြေအနေတွေကို နားလည်တဲ့အကြောင်းနဲ့ မြန်မာ့နိုင်ငံရေးနဲ့ လူမှုအသိုင်းအဝိုင်း တည်ငြိမ်အေးချမ်းရေးကိုထိန်းသိမ်းဖို့ သဘောထားကွဲလွဲမှုတွေကို အဆင်ပြေပြေ ဖြေရှင်းစေချင်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တရုတ်နိုင်ငံ ဘေကျင်းမြို့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

တရုတ်အစိုးရဟာ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုအလွန်ကာလမှာ တရုတ်-မြန်မာ ထိပ်သီးခေါင်းဆောင်ချင်းဆက်ဆံတာကို သတိထားရှောင်ရှားတဲ့အနေနဲ့ ယူနန်ပြည်နယ် ဒေသအာဏာပိုင်ကတစ်ဆင့် စစ်ကောင်စီနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်တဲ့ကိစ္စတွေမှာ အရှိန်မြှင့်ဖို့ ကြိုးစားလာတယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ISP-Myanmar က သုံးသပ်ထားပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်း၊ ဧရာဝတီတိုင်းက မီးလင်းချိုင်စွမ်းအင်စီမံကိန်း၊ စစ်ကိုင်းတိုင်းက လက်ပံ တောင်းတောင်ကြေးနီစီမံကိန်း၊ ရခိုင်ပြည်နယ်က ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေဇုန် စီမံကိန်းကြီးတွေဟာ တရုတ်ရဲ့ စီမံကိန်းကြီးတွေဖြစ်ပြီး အမေရိကန် ဒေါ်လာ သန်းရာနဲ့ချီပြီး ရင်းနှီး မြှုပ်နှံထားပါတယ်။

တရုတ်အစိုးရရဲ့ one belt one road ပိုးလမ်းမစီမံကိန်း အစိတ်အပိုင်း ၃၅ ခု ရှိနေပြီး အဲဒီအထဲမှာ ရထားလမ်း၊ ကားလမ်း၊ အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းနဲ့ မြို့သစ်စီမံကိန်းကြီးတွေ ပါဝင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org