မြောက်ကိုရီးယားနဲ့ဆက်ဆံလျှင် စစ်ကောင်စီအတွက် အကျိုးမဖြစ်နိုင်ကြောင်း ပြည်ပလေ့လာသူတွေ သုံးသပ်
နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာစစ်ကောင်စီအနေနဲ့ အပေးအယူ လုပ်နိုင်ဖို့ မြောက်ကိုရီးယားနဲ့ဆက်ဆံရေးကိုအသုံးချဖို့ ကြိုးစားချင်တာလည်း ဖြစ်နိုင်တဲ့အကြောင်း ပြည်ပက မြန်မာ့အရေးသုံးသပ်သူတွေက ပြောပါတယ်။
-
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2022-03-28 -
-
-
အာဏာသိမ်းစစ်ကောင်စီဟာ ဆက်ဆံရေး ဖြတ်တောက်ထားတဲ့ မြောက်ကိုရီးယားနဲ့ပုံမှန် ဆက်ဆံရေး ပြန်လည်တည်ထောင်ထားပြီး၊ SS/N-5၊ CK 20 နဲ့ CK 21 အမျိုးအစား မစ်ဇိုင်း ဒုံးကျည်သုံးမျိုး ကို မြောက်ကိုရီးယားအကူအညီနဲ့ ပြည်တွင်းမှာထုတ်လုပ်ဖို့ ကြိုးပမ်းနေတဲ့ အကြောင်း မြန်မာ့အရေး ဆောင်းပါးတွေနှစ်ပေါင်းများစွာရေးနေတဲ့ သတင်းစာဆရာ ဘာတေးလ် လင့်တနာ ရေးလိုက်တဲ့ ဆောင်းပါးနဲ့ပတ်သက်လို့ ဆောင်းပါးရှင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေဆိုဖို့ ငြင်းဆန်ပါတယ်။
“ပထမတစ်ခုက မြန်မာစစ်တပ်မှာ ဒီလောက် အဆင့်မြင့်တဲ့ နည်းပညာအတွက် လူသား အရင်းအမြစ်မရှိနိုင်လို့ပါ။ နောက်တစ်ခုက စစ်တပ်ထဲက အကျင့်ပျက်ခြစားမှုတွေကြောင့်ပါ။”
အမေရိကန် ကြည်းတပ်က အငြိမ်းစားဒုတိယဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ်ကတော့ ဆောင်းပါးမှာပါတဲ့ Missile ဒုံးကျည်နည်းပညာဟာ အလွန်အဆင့်မြင့်တဲ့အတွက် စစ်တပ်ရဲ့လက်ရှိလူသား ရင်းမြစ်နဲ့ အကျင့်ပျက်ခြစားမှုအခြေအနေတွေကြောင့် မြန်မာစစ်တပ်ကပိုင်ဆိုင်ပြီး အသုံးပြုဖို့ မဖြစ်နိုင်သေးဘူးလို့ သုံးသပ်ပါတယ်။
“မဖြစ်နိုင်ရတဲ့ အဓိက အကြောင်းပြချက် နှစ်ခုရှိပါတယ်။ ပထမတစ်ခုက မြန်မာစစ်တပ်မှာ ဒီလောက် အဆင့်မြင့်တဲ့ နည်းပညာအတွက် လူသား အရင်းအမြစ်မရှိနိုင်လို့ပါ။ မြန်မာစစ်တပ်မှာ သာမန်ပြည်သူ တွေထက် ပိုကောင်းတဲ့ပညာရေး စနစ်ရှိတယ်ဆိုပေမယ့် တီထွင်ဆန်းသစ်နိုင်မှုကို အားပေးတဲ့ အခြေ အနေမရှိပါဘူး။ အခြားနိုင်ငံကနည်းပညာကို ပုံတူကူးမယ်ဆိုရင်တောင် အတိုင်းအတာတစ်ခုအထိ တီထွင်ဆန်းသစ်နိုင်ဖို့လိုပါတယ်။ မြန်မာစစ်တပ်ထဲမှာက ဒါမျိုးကိုခွင့်မပြုပါဘူး။ နောက်တစ်ခုက စစ်တပ်ထဲက အကျင့်ပျက်ခြစားမှုတွေကြောင့်ပါ။ သူတို့လက်နက် နည်းပညာအသစ် တစ်ခုခုဝယ်ယူ တိုင်း၊ အဆင့်ဆင့်ကြားကဖြတ်ပြီး ယူထားတာတွေရှိတဲ့အတွက် ဘယ်တော့မှ အပြည့်အဝ မရတတ် ပါဘူး။ မြန်မာစစ်တပ်က ဒီနည်းပညာရဖို့ ကြိုးစားပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ငွေကုန်တာပဲရှိမယ်၊ ဒီလို အဆင့်မြင့်တဲ့နည်းပညာမျိုးပိုင်ဆိုင်ဖို့ မဖြစ်နိုင်ပါဘူး။”
ဝါရှင်တန်ဒီစီ အခြေစိုက် The Diplomat သတင်းဌာနက မြန်မာနိုင်ငံအကြောင်း ပုံမှန်ရေးနေတဲ့ ဆောင်းပါးရှင် Prashanth Parameswaran ကတော့ နိုင်ငံတကာက မြန်မာစစ်ကောင်စီကို မျက်စိ ဒေါက်ထောက်ကြည့်နေတဲ့အတွက် နိုင်ငံတကာလုံခြုံရေးအတွက် အလွန်အရေးကြီးတဲ့ ဒုံးကျည် နည်းပညာနဲ့ လက်နက်ပစ္စည်းတွေလွှဲပြောင်းရယူဖို့တော့ မလွယ်ကူကြောင်း သုံးသပ်ပါတယ်။
“ပြုံယမ်းအစိုးရနဲ့ မြန်မာစစ်ကောင်စီကြားမှာ ဆက်ဆံရေးတိုးလာမယ်ဆိုရင် အမေရိကန်နိုင်ငံဘက်က တင်းတင်းကျပ်ကျပ် လေ့လာစုံစမ်းမှုတွေနဲ့ ကြုံလာရပါလိမ့်မယ်။”
အမေရိကန် မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးအကြောင်း လေ့လာသုတေသနပြုနေတဲ့ သြစတြေးလျ အမျိုးသား တက္ကသိုလ်က ပါရဂူဘွဲ့ ကျောင်းသား Hunter Marston ကတော့ အမေရိကန်နိုင်ငံအနေနဲ့ဆိုရင် မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးဟာ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်နေပြီး၊ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးရပ်ဆိုင်းဖို့ဆိုတဲ့ သဘောတူညီချက်နဲ့ ၂ဝ၁ဝ နောက်ပိုင်းမှာ မြန်မာနိုင်ငံကို ပြန်ပြီး ထိတွေ့ဆက်ဆံခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
“သမိုင်းကြောင်းအရဆိုရင် အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒဟာ မြန်မာနဲ့မြောက်ကိုရီးယား ဆက်ဆံရေးအပေါ်မှာ အများကြီးမူတည်နေတာ တွေ့နိုင်ပါတယ်။ သမ္မတအိုဘားမား လက်ထက်မှာ မြန်မာနိုင်ငံအပေါ်ချထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းဖို့အတွက် မြောက်ကိုရီးယားနဲ့ ဆက်ဆံ ရေးဖျက်သိမ်းဖို့ဆိုတဲ့ အချက်အပေါ်မှာအခြေခံပြီး သဘောတူခဲ့တာပါ။ ၂ဝ၁၆ ခုနှစ်မှာ ဒေါ်အောင် ဆန်းစုကြည်ဘက်ကလည်း လက်ခံတဲ့အတွက် အမေရိကန်နိုင်ငံဘက်က ပိတ်ဆို့အရေးယူမှု အားလုံး ကို ရုပ်သိမ်းပေးခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ပြုံယမ်းအစိုးရနဲ့ မြန်မာစစ်ကောင်စီကြားမှာ ဆက်ဆံရေးတိုးလာမယ်ဆိုရင် အမေရိကန်နိုင်ငံဘက်က တင်းတင်းကျပ်ကျပ် လေ့လာစုံစမ်းမှုတွေနဲ့ ကြုံလာရပါလိမ့်မယ်။ မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့အရေးယူမှုတွေ ပိုတိုးလာပါလိမ့်မယ်။”
နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာစစ်ကောင်စီအနေနဲ့ အပေးအယူ လုပ်နိုင်ဖို့ မြောက်ကိုရီးယားနဲ့ဆက်ဆံရေးကိုအသုံးချဖို့ ကြိုးစားချင်တာလည်း ဖြစ်နိုင်တဲ့အကြောင်း ပြည်ပက မြန်မာ့အရေးသုံးသပ်သူတွေကပြောပါတယ်။
“သူတို့မှာ အဆင့်မြင့်လက်နက်နဲ့နည်းပညာတွေ တကယ်မရှိသေးဘဲ ရှိနေနိုင်တယ်လို့ သတင်းထွက်တာနဲ့တင် သူတို့အတွက် အကျိုးရှိမယ်ဆိုတာကို မြန်မာ စစ်ခေါင်းဆောင်တွေက သဘောပေါက်ပါတယ်။”
မြန်မာစစ်ခေါင်းဆောင်တွေဘက်က ဒီလိုရည်ရွယ်ချက်နဲ့လုပ်နေတာဆိုရင် အမေရိကန်အစိုးရက အခုထက်ပိုပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်အရေးယူမှုတွေ ကြုံရမှာဖြစ်တဲ့အတွက် မှားယွင်းတဲ့ တွက်ဆမှုလို့ ဒေါ်မီမီဝင်းဘတ် က ပြောပါတယ်။
The Diplomat ဆောင်းပါးရှင် Prashanth Parameswaran ကတော့ မြန်မာစစ်တပ်က ဒီ Missile ဒုံးကျည်နည်းပညာကို အမှန်တကယ် အသုံးပြုနိုင်တဲ့အခြေအနေမရှိသေးပေမယ့် သူတို့ တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအပေါ်ကို စိတ်ဓာတ်ရေးရာ ထိုးစစ်ဆင်ဖို့အတွက် ကြိုးပမ်းမှု ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
“မြန်မာစစ်တပ်ဟာ လက်နက်နည်းပညာအချို့ကို ပိုင်ဆိုင်ထားပေမယ့် ပြည်တွင်းက စစ်ရေး ပဋိပက္ခတွေမှာ အမှန်တကယ်ထုတ်သုံးဖို့မဟုတ်ဘဲ သူတို့ရဲ့ အရှိန်အဝါ ကျော်စောမှုရဖို့ ရည်ရွယ်ချက်နဲ့ ရယူခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ မကြာခင်ကပဲ ပထမဆုံး ရေငုပ်သင်္ဘောရလိုက်တဲ့နောက် သူတို့မှာ ရေငုပ်သင်္ဘော ရှိနေပြီဆိုတဲ့အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော်ပြသခဲ့တာကိုပဲ ကြည့်ပါ။ သူတို့မှာ အဆင့်မြင့်လက်နက်နဲ့နည်းပညာတွေ တကယ်မရှိသေးဘဲ ရှိနေနိုင်တယ်လို့ သတင်းထွက်တာနဲ့တင် သူတို့အတွက် အကျိုးရှိမယ်ဆိုတာကို မြန်မာ စစ်ခေါင်းဆောင်တွေက သဘောပေါက်ပါတယ်။”
သြစတြေးလျ အမျိုးသားတက္ကသိုလ် ပါရဂူဘွဲ့ ကျောင်းသား Hunter Marston ကတော့ မြန်မာ စစ်တပ်အနေနဲ့ အမေရိကန်နဲ့ နိုင်ငံတကာက ဖိအားတွေကိုလျှော့ချဖို့ဆန္ဒရှိတယ်ဆိုရင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ တွေ့ဆုံဆွေးနွေးဖို့နဲ့ ပြည်တွင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကို လျှော့ချပြီး ငြိမ်းချမ်းရေးလိုလားတယ်ဆိုတာပြသဖို့ နည်းလမ်းကလွဲပြီး အခြားရွေးစရာမရှိဘူးလို့ သုံးသပ်ပါတယ်။