နိုင်ငံရေးအကျဉ်းသူ မနိုဘယ်အေး ရက်လည်ဆွမ်းကျွေး မဲဆောက်မြို့မှာပြုလုပ်

မိခင်ဖြစ်သူ ဒေါ်အေးမြင့်သန်းနေထိုင်တဲ့ မဲဆောက်မြို့မှာ NLD ပါတီဝင်တွေ၊ နိုင်ငံရေးတက် ကြွလှုပ်ရှားသူတွေစုပေါင်းပြီး မနိုဘယ်အေးအတွက် သံဃာတော်တွေကို ရက်လည်ဆွမ်းကပ်လှူခဲ့တာဖြစ်ပါတယ်။

သေဆုံးသွားသည့် နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်အေးအား ရည်စူးပြီး မိသားစုဝင်များက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ နေအိမ်တွင် ရက်လည်ဆွမ်းကပ်နေကြစဉ်။ RFA

နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်အေးဟာ ကိုအောင်ကိုဟိန်းဆိုသူနဲ့အတူ ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၉ ရက်နေ့က ပဲခူးတိုင်း၊ ဝေါမြို့နယ်ထဲမှာ လက်နက်တွေနဲ့ ဖမ်းဆီးခံလိုက်ရတာပါ။

သူတို့နှစ်ဦးဟာ အမှတ် (၉၀၁) အမြောက်စခန်း ကွပ်ကဲမှုဌာနချုပ်မှာ စစ်ကြောရေးလုပ်ခံခဲ့ရပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့က ဝေါမြို့နယ်တရားရုံးကနေ ရုံးထုတ်ပြီးအပြန်မှာ ထွက်ပြေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်သတ်လိုက်တယ်လို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးတာကိုခံလိုက်ရပြီလို့ သိထားပြီးတဲ့နောက်ပိုင်း အခုလို အသတ်ခံလိုက်ရမယ်လို့ မထင်မိခဲ့ဘူးလို့ မနိုဘယ်အေးရဲ့ မိခင်ဖြစ်သူ ဒေါ်အေးမြင့်သန်းက ပြောပါတယ်။

"အဲဒါတော့ ကျွန်မလည်းမသိဘူး၊ သူဆုံးမှန်းလည်း မသိဘူး၊ အဖမ်းခံနေရပြီဆိုကတည်းက ကျွန်မစိတ်ထဲမှာ ငါ့သမီး သတ်ကွင်းထဲရောက်နေပြီပေါ့နော် ကျွန်မ ဘုရားတွေရှိခိုးပေါ့နော်၊ ဆုတောင်း မနက်ရော ည ရော၊ စနေသမီး အကျဉ်းအကျပ်ထဲမှာဖမ်းဆီးထိန်းသိမ်းခံနေရတယ်၊ ကျွန်မသမီး၊ စနေသမီး၊ မနိုဘယ်အေး ဘေးရန်ခပ်သိမ်းကင်းငြိမ်းပါစေ၊ အဲဒါတွေပဲ ကျွန်မဆုတောင်းပေါ့၊ ကျွန်မသစ္စာတွေလည်း ဆိုတယ်ပေါ့နော်၊ ကျွန်မသမီး ဘေးအန္တရာယ်ကင်းပါစေ၊ ဒါပေမဲ့ ကံကြမ္မာကလေ သူသေရမယ့်နေ့လိုမျိုးတွေမှာ ကျွန်မနေမကောင်းတော်တော်ဖြစ်တယ်၊ ဘုရားတွေလဲ မရှိခိုးနိုင်ဘူး၊ မနက်လည်း သောက်တော် ရေလည်း မကပ်နိုင်ဘူး၊ ကျွန်မဘုရားလည်းပြန်လှည့်မကြည့်နိုင်ဘူး၊ အိပ်ယာပေါ်မှာပဲ တလိမ့်လိမ့်တလှည့်လှည့်နဲ့လေ၊ ဘယ်လိုဝေဒနာကြီးခံစားနေရမှန်းလည်းမသိဘူး။’’

မနိုဘယ်အေးရဲ့ဖခင် ဦးသက်ထွန်းအောင်ဟာ အာဏာရှင်ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) အစိုးရလက်ထက်မှာ တောခိုခဲ့ပြီး နိုင်ငံရေးလှုပ်ရှားခဲ့သူတစ်ယောက်ဖြစ်ခဲ့သလို မိခင်ဖြစ်သူ ဒေါ်အေးမြင့်သန်းဟာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တစ်ယောက်ဖြစ်ပါတယ်။

နိုင်ငံရေးမျိုးရိုးဖြစ်တဲ့ မနိုဘယ်အေးဟာ နဝတ၊ နအဖ စစ်အစိုးရလက်ထက် ၁၉၉၆ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်မှာ တစ်ကြိမ် နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးထောင်ချခံခဲ့ရသလို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခဲ့စဉ်ကလည်း ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွဦးဆောင်ပါဝင်ခဲ့ပြီး စစ်ကောင်စီကိုလက်နက်ကိုင်တော်လှန်ဖို့အတွက် မြေအောက် UG အဖြစ်လှုပ်ရှားနေသူဖြစ်ပါတယ်။

မြေအောက်တော်လှန်ရေးလုပ်နေရင်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံလိုက်ရပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့က အသတ်ခံလိုက်ရတာလို့ မိသားစုဝင်တွေက လက်ခံထားကြပါတယ်။

မိခင်ဖြစ်သူ ဒေါ်အေးမြင့်သန်းနေထိုင်တဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ NLD ပါတီဝင်တွေ၊ နိုင်ငံရေးတက် ကြွလှုပ်ရှားသူတွေစုပေါင်းပြီး မနိုဘယ်အေးအတွက် သံဃာတော်တွေကို ရက်လည်ဆွမ်းကပ်လှူခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင်ကျင်းပသည့် မြင်းခြံထောင် နိုင်ငံရေးအကျဉ်းသားဟောင်းများတွေ့ဆုံပွဲမှာ နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်အေးအား တွေ့ရစဥ်။ (Photo : Citizen Journalist)

သမီးဖြစ်သူအပါအဝင် တော်လှန်ရေးထဲမှာ အသက်ဆုံးရှုံးနေရတာတွေ ထပ်မဖြစ်စေချင်တော့လို့ စစ်အာဏာရှင် အမြန်ဆုံးအမြစ်ပြတ်စေချင်ပြီလို့လည်း ဒေါ်အေးမြင့်သန်းက ပြောပါတယ်။

"ရင်ကွဲရတာပေါ့ကွယ်၊ ရင်ကွဲရတာပေါ့၊ တကယ်ကတော့ ကျွန်မသမီးဟာ ဒီလိုမျိုးမသေသင့်သေးပါဘူး၊ နောက်တစ်ခုကလေ သူက အရမ်းကိုစိတ်စေတနာကောင်းတယ်လေ၊ သူ့အကျိုးတွေကို ဘယ်တော့မှမကြည့်ဘဲနဲ့ အများအကျိုးကိုလုပ်ဖို့ဆိုရင် အဲလိုတစိုက်မတ်မတ်လုပ်တတ်တယ်လေ၊ ဆိုတော့ တိုင်းပြည်အတွက်ဆိုရင်တော့ ကျွန်မသမီးက အဖိုးမဖြတ်နိုင်တဲ့ တန်ဖိုးရှိတဲ့လူသားတစ်ယောက်ပေါ့၊ ဆုံးရှုံးသွားပြီ ကျွန်မအဖို့ဆိုရင်လည်းပဲ အင်မတန်မှအားထားရတဲ့ သမီးတစ်ယောက်ပေါ့၊ ဆုံးရှုံးသွားပြီဆိုတဲ့အခါကျတော့ ကျွန်မတော့ရင်ကွဲပက်လက်ဖြစ်ရတာပေါ့ရှင်၊ သူတို့လုပ်ရက်ကြတယ်ရှင်၊ သူတို့လူတွေကို ကျွန်မတို့ဘက်ကဖမ်းမိပါတယ် ဒါပေမဲ့ ဒီဘက်ကလူတွေက အင်မတန်မှ လူသားပီသတယ်၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ နောက်တစ်ခါ အင်မတန်မှ ကြင်နာတတ်တဲ့နှလုံးသားတွေနဲ့ သူတို့တွေ ဒဏ်ရာတွေရလာကြရင် ဆေးကုပေးတယ်၊ ကျွန်မတို့တွေ ကြင်ကြင်နာနာနဲ့သူတို့ကို ဆက်ဆံတယ်၊ ရက်ရက်စက်စက်နဲ့ ကျွန်မတို့မလုပ်ပါဘူးရှင်၊ သူတို့ကတော့ အခုချိန်အထိ အရမ်းကိုရက်စက်ပါတယ်၊ အရမ်းကိုလူမဆန်ပါဘူးရှင်၊ ကျွန်မဒီပွဲကို အမြန်ဆုံးအဆုံးသတ်ချင်ပါပြီ၊ ဘာဖြစ်လို့လဲဆိုတော့ တကယ့်ကို တိုင်းပြည်ရဲ့အညွန့်အဖူးလေးတွေ ဆုံးရှုံးနေတာ၊ တိုင်းပြည်ရဲ့အနာဂတ်တွေ လူသားအရင်းအမြစ်တွေ ဆုံးရှုံးနေတာ ကျွန်မ အရမ်းနှမြောတယ်ရှင်၊ ကျွန်မသမီးတစ်ယောက်သေလို့ နှမြောတာထက်ကိုပေါ့နော်၊ ထို့ အတူ ကျွန်မသမီးလိုပဲ ကျွန်မသမီးထက်တောင် အသက်ငယ်သေးတဲ့ကလေးငယ်တွေ ကြွေလွင့်ကုန်တာ အင်မတန်မှအဖိုးတန်ပါတယ်၊ တိုင်းပြည်ရဲ့အရင်းအမြစ်တွေပါ၊ ရတနာလေးတွေပါ၊ အဲဒါတွေ ထပ်ပြီးဆုံးရှုံးရမှာကို ကျွန်မ အရမ်းကိုပဲနှမြောနေပါတယ်၊ ဒါကြောင့်မို့ ဒီပွဲကြီးကိုအမြန်ပြီးချင်နေပါပြီ။’’

မနိုဘယ်အေးကို ၁၉၇၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက် စနေနေ့မှာ မွေးဖွားခဲ့တာပါ။ မွေးချင်းလေးယောက်မှာ အကြီးဆုံးဖြစ်ပါတယ်။

သူဟာ ကိုဗစ်-၁၉ ကပ်ရောဂါဘေးကျရောက်ချိန်မှာလည်း လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

သေဆုံးသွားသည့် နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်အေးအား ရည်စူးပြီး မိသားစုဝင်များက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ နေအိမ်တွင် ရက်လည်ဆွမ်းကပ်နေကြစဉ်။ (Photo : RFA)

စစ်အာဏာရှင်တော်လှန်ရေးမှာ မနိုဘယ်အေးဟာ အမျိုးသမီး အာဇာနည်သူရဲကောင်းဖြစ်ထိုက်ပါတယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

"ကျွန်တော်တို့အနေနဲ့ကတော့ အခုချိန်ထိ မယုံထားသေးဘူးပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ ဘာမှလည်း မသိရဘူး၊ မမြင်ရဘူးဆိုတော့နော်၊ တကယ်လို့ကျဆုံးသွားတယ်ဆိုရင်လဲ ရုပ်အလောင်းကိုမြင်ရမယ်လေ၊ အဲလိုမျိုးလဲ မရှိဘူးလေနော်၊ အစ်မတင်မှမဟုတ်ဘူးလေနော် ရှေ့မှာလဲ မိသားစုတွေဆီကို အကုန်လုံး အစဖျောက်သတ်ပြီးတော့မှ အကြောင်းကြားခဲ့တဲ့ဖြစ်စဉ်တွေက အများကြီးရှိတယ်ပေါ့နော်၊ အစ်မဆိုရင် သေချာတယ် တော်လှန်ရေးမှာ ဒီခေတ်မှ မဟုတ်ဘူးပေ့ါနော် ရှေ့ခေတ်တွေမှာလဲ ပါဝင်ခဲ့တဲ့ အာဇာနည်သူရဲကောင်းဖြစ်တယ်ပေါ့နော်၊ အရင်တုန်းက ကျွန်တော်တို့ အာဇာနည်ကိုးဦးရှိတယ်ဆိုပြီး ပြောခဲ့ကြတာ ရှိတယ်ပေါ့နော်၊ အခုကတော့ အာဇာနည်က ကိုးဦးမကတော့ဘူးပေါ့နော်၊ တော်လှန်ရေးအစမှာလည်း ဘယ်သူမှမသိလိုက်ဘဲနဲ့ ကြွေလွင့်ခဲ့ရတဲ့ကြယ်တွေလဲ အများကြီးရှိခဲ့တယ်၊ အဲလိုပဲ အစ်မတို့လိုပဲ တော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါဝင်ပြီးတော့ အသက်စွန့်ခဲ့တဲ့ အာဇာနည်သူရဲကောင်းတွေ အများကြီးရှိခဲ့တယ်၊ ပြောချင်တာက အစ်မကလည်း အာဇာနည်သူရဲကောင်းဖြစ်ထိုက်သလို တော်လှန်ရေးအဆက်ဆက်မှာ ကျဆုံးခဲ့ရတဲ့သူတွေအားလုံးက ကျွန်တော်တို့ရင်ထဲအသည်းထဲမှာ အာဇာနည်တွေလို့ မှတ်ကျောက်တင်ခံရမယ့်သူတွေဖြစ်ပါတယ်။’’

မနိုဘယ်အေးတို့နှစ်ဦး ပစ်သတ်ခံရတာဟာ သတင်းအမှားသာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကတော့ ငြင်းဆိုထားပါတယ်။နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီလ ၁၆ရက်နေ့အထိ ဖော်ပြထားတဲ့စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ စုစု ပေါင်း ၄,၅၄၅ ဦး သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org