စစ်အာဏာသိမ်းပြီး NLD ပါတီရုံး တိုက်ခိုက်ခံရမှုပေါင်း ၄၄ ကြိမ်ရှိ

အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ရုံးခန်းတွေ အကြမ်းဖက်တိုက်ခိုက် ခံရမှုတွေ ရန်ကုန်၊မန္တလေး အပါအဝင် တစ်မြို့ပြီး တစ်မြို့မှာ ဆက်တိုက်ဆိုသလို ဖြစ်လာနေပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး ဖျက်ဆီးခံရတာကို ၂၀၂၁ ဇွန်လ ၂၅ ရက်နေ့က တွေ့ရစဉ် Photo: CJ

အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ရုံးခန်းတွေကို အကြမ်းဖက်တိုက်ခိုက်ခံ ရမှုတွေ ရန်ကုန်၊မန္တလေး အပါအဝင် တစ်မြို့ပြီး တစ်မြို့မှာ ဆက်တိုက်ဆိုသလို ဖြစ်လာနေပါတယ်။

NLD ပါတီက ပြုစုထားတဲ့စာရင်းအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာ သိမ်းချိန်ကစလို့ ဒီနေ့ထိ NLD ရုံး တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ပေါင်း ၄၄ ကြိမ်ထိရှိခဲ့တယ်လို့ ပါတီရဲ့ ဗဟိုကော်မတီဝင် တစ်ဦးက RFA ကို ပြောပါတယ်။

ဒီလိုမျိုး နိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ NLD ပါတီရုံးတွေ အကြမ်းဖက်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဗဟိုကော်မတီဝင် ဦးကျော်ထွေးက အခုလို ပြောပါတယ်။

“အာဏာသိမ်းပြီးကတည်းကဆိုရင် ၄၄ ကြိမ်လောက်ရှိပါတယ်။ ကျွန်တော်တို့ရုံးတွေကို ဝင်ရောက်ဖျက် ဆီးတာ၊ ကျုးကျော်တာ၊ တံခါးတွေကို ဖျက်ဆီးတာ၊ ဆိုင်းဘုတ်တွေကို ဖျက်ဆီးတာ၊ အလံတွေကို ဖျက် ဆီးတာတွေအားလုံး ၄၄ ကြိမ်ရှိပါတယ်။ ထူးခြားဖြစ်စဉ်အနေနဲ့ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီရုံးချုပ်ကို ကျုးကျော်ဝင်ရောက်တာ မီးကွင်းပစ်တာ အဲဒါကလည်း ၃ ကြိမ်ရှိတယ်။ မန္တလေး တိုင်း ရုံးကိုလည်း ကျုးကျော်ပြီး ဝင်ရောက်ဖျက်ဆီးတာတွေ ရှိပါတယ်။ အဲဒါတွေဟာ ညဘက် သူတို့ ၁၄၄ ထုတ်ထားတဲ့အချိန်တွေမှာ လုပ်တာတွေဖြစ်ပါတယ်”

အခု ဒီအောက်တိုဘာလအတွင်းမှာတင် တိုက်ခိုက်ခံရမှုပေါင်း ၁၂ ကြိမ်ရှိခဲ့ပါတယ်။

"ပြည်သူလူထုရဲ့ လေးစားတန်ဖိုးထားတဲ့ အရာတွေကို သူတို့ကို ထောက်ခံတဲ့အဖွဲ့ အစည်းကနေ ဖျက်ဆီးတာပေါ့"

ဒီလထဲ တိုက်ခိုက်ခံရ မှုအများဆုံးကတော့ မွန်ပြည်နယ်မှာဖြစ်ပြီး၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီ တိုင်း တို့မှာလည်း ဖြစ်ခဲ့ပါတယ်။

မန္တလေးရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ တိုင်းရုံးမှာလည်း အောက်တိုဘာလ ၂၇ ရက် နေ့ညက ညမထွက်ရ အမိန့်ထုတ်ထားတဲ့အချိန် ညသန်းခေါင်ယံ ၁၂ နာရီလောက်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။

ဒီပေါက်ကွဲမှာကြောင့် NLD တိုင်းရုံးမှာရှိတဲ့ ပြတင်းပေါက်မှန်တွေ ကွဲခဲ့ပြီး မှန်တွေနဲ့ကာရံထားတဲ့ အဆောက် အအုံ မျက်နှာစာတစ်ခြမ်းလုံး ပျက်ဆီးခဲ့တယ်လို့ မန္တလေးဒေသခံ တစ်ဦးက အခုလို ပြောပါတယ်။

“ဖြစ်တဲ့အချိန်ကတော့ ညသန်းခေါင်ဖြစ်တယ်ဆိုတော့ အနီးနားမှာရှိတဲ့ ပတ်ဝန်းကျင်ကိုတော့ ထိခိုက် တာမျိုး မရှိဘူးပေါ့။ အားလုံးက ညတိတ်ဆိတ်နေတဲ့အချိန်မှာ ဖြစ်သွားတာဆိုတော့လည်း အသံတော့ ကြားတယ်။ ထွက်မကြည့်ကြဘူးပေါ့နော်။ ထွက်မကြည့်ပေမယ့် ဘယ်သူတွေ လုပ်နေတာလဲဆိုတာ စိတ်ထဲကသိနေကြတာပေါ့။ ကိုယ့်အသက်အန္တရာယ်လည်းရှိတော့ ထွက်မကြည့်ကြဘူးပေါ့။ မနက်ကျမှ ဒီသတင်းတွေက ဓာတ်ပုံတွေနဲ့ တက်လာတာပေါ့”

ဒီပေါက်ကွဲမှု မတိုင်ခင် အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း အဲ့ဒီရုံးမှာ ချိတ်ဆွဲထားတဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပုံတူပန်းချီကားတွေလည်း ဖျက်ဆီးခံခဲ့ရပါတယ်။ ဒီတိုင်းရုံးဟာ စစ်အာဏာသိမ်းပြီးကတည်းက ချိတ်ပိတ်ထားတဲ့ရုံးဖြစ်သလို အစောင့်အကြပ်တွေလည်း တစ်ယောက်မှ ရှိမနေဘူးလို့ ဆိုပါတယ်။

တနင်္သာရီတိုင်း မြိတ်မြို့က NLD ပါတီရုံးနဲ့ ထားဝယ်ခရိုင် NLD ပါတီရုံးတွေလည်း အောက်တိုဘာလ ၂၀ နဲ့ ၂၁ ရက်နေ့တွေမှာ ရှေ့ဆင့်နောက်ဆင့် ဗုံးဖောက်ခွဲခံခဲ့ရပါတယ်။ တနင်္သာရီတိုင်း ရေဖြူမြို့ NLD ပါတီ ရုံးရှေ့မှာ လူဦးခေါင်းပြတ်တစ်ခုကို လာရောက် ချိတ်ဆွဲသွားတဲ့ ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။ ဘယ်သူ့ရဲ့ ဦးခေါင်းဆိုတာတော့ မသိရပါဘူး။

အောက်တိုဘာ ၂၄ ရက်နေ့ တစ်ရက်တည်းမှာလည်း မွန်ပြည်နယ် ကျိုက်ထိုမြို့ NLD ရုံး၊ သထုံမြို့က NLD ရုံး၊ ဘီးလင်းမြို့က NLD ရုံးတို့မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ မွန်ပြည်နယ်က မော်လမြိုင် NLD ရုံးလည်း အဲဒီရက်မတိုင်ခင်မှာ တိုက်ခိုက်ခံခဲ့ရတာပါ။

ဧရာဝတီတိုင်း ပုသိမ်မြို့က NLD ရုံးနဲ့ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့က NLD ရုံးတွေလည်း တိုက်ခိုက်ခံရတဲ့ထဲ မှာပါပါတယ်။

စစ်ကိုင်းတိုင်း ကျွန်းလှမြို့က အမည်မဖောလိုတဲ့ ဒေသခံတစ်ယောက်ကတော့ စစ်ကောင်စီတပ်သား ၁၅ ယောက်က သေနတ်တွေနဲ့ အဆက်မပြတ်ဖောက်ပြီးနောက်ပိုင်း NLD ရုံးကို မီးရှို့လိုက်တာလို့ ဆိုပါတယ်။ ဒီရှို့မီးကို ငြှိမ်းဖို့အတွက် မီးသတ်ကို အကြောင်းကြားပေမယ့် မီးလာငြှိမ်းတာလည်း မရှိဘူးလို့ အဲဒီ ကျွန်းလှ မြို့ခံက RFA ကို ပြောပါတယ်။

NLD ပါတီရဲ့ ဒလမြို့နယ်က ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦး ကတော့ သူရဲ့ အမြင်ကို အခုလို ပြောပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွေဆိုတာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေကနေပြီးတော့ သူတို့ရဲ့ လစာချီးမြှင့်ငွေထဲက ၄ ပုံ ၁ ပုံကို စုဆောင်းပြီးတော့ ပြည်သူ လူထုက ပါဝင်လှူဒါန်းတည်ဆောက်ထားတဲ့ ရုံးတွေဖြစ်ပါတယ်။ ရိုးရိုးသားသား ကြိုးကြိုးစားစား လုပ်ခဲ့တဲ့ လူတွေနဲ့ မရိုးမသားလုပ်ခဲ့တဲ့ လူတွေကြားမှာရှိတဲ့ ပဋိပက္ခအခြေခံလေးတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အဲဒီအငုံ့စိတ်ကို အခြေခံပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွေကို အခုလို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးနေတယ်လို့ ကျွန်တော့်အနေနဲ့ ရူ့မြင်ထားပါတယ်”

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို အရင်ဆုံး ဖမ်းဆီးခဲ့ပါတယ်။ ဒီလို ဖမ်းဆီးခံရပြီးနောက် အဖမ်းမခံရတဲ့ NLD ပါတီတာဝန်ရှိသူတွေကတော့ ဘေးလွတ်ရာနေရာတွေမှာ ထွက်ပြေးပုန်းရှောင်ရင်း အာဏာသိမ်းစစ်ကောင်စီကို ဆက်လက်ဆန့်ကျင်နေတာဖြစ်ပါတယ်။ စစ်အာဏာသိမ်း အစောပိုင်းရက်တွေ မှာလည်း NLD ရုံးတွေကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းတဲ့ ဖြစ်ရပ်တွေရှိခဲ့ပါတယ်။ ရန်ကုန်က NLD ပါတီဗဟို ရုံးချုပ်လည်း ဗုံးပစ်တိုက်ခိုက်ခံခဲ့ရတာပါ။

ဒီလို NLD ပါတီရဲ့ ရုံးတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာဟာ ပါတီကို ဖျက်သိမ်းပစ်လိုက်နိုင်ရေးအတွက် ရည်ရွယ်နေတာဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“ရည်ရွယ်ချက်တော့ NLD ပါတီ ရွေးကောက်ပွဲမဝင်နိုင်ရေး မြန်မာ့နိုင်ငံရေးကနေ NLD ပါတီကို ဖျက် သိမ်းပစ်ရေးဆိုပြီးတော့ ယုတ်ညံ့တဲ့ ဦးတည်ချက်နဲ့ လုပ်နေတာပါ။ ဒါပေမဲ့ တစ်ဖက်က စစ်ကောင်စီရဲ့ တစ်ပြည်လုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးတွေဆင်နွဲ ဖိနှိပ်သတ်ဖြတ်မှုတွေ လုပ်နေတာနဲ့ တစ်ပြိုင်တည်း NLD ကို တစ်ပြည်လုံးက ဆက်လက်ထောက်ခံအားပေးနိုင်ရေး စစ်ကောင်စီက သူ့လုံခြုံရေးတပ်နဲ့ စည်းရုံးပေးနေတယ်လို့ ကျွန်တော် ယူဆပါတယ်၊ သူတို့အာဏာထိန်းထားနိုင်တဲ့ ကာလတစ်ခုအထိတော့ ဆက်လုပ်နေကြမှာပဲ”

NLD ပါတီရုံးတွေ တိုက်ခိုက်ခံရမှုတွေ ဆက်လက်ရှိနေနိုင်တယ်လို့လည်း ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

မေလထဲမှာ လုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) နဲ့ နိုင်ငံရေးပါတီတွေရဲ့ ဒုတိယအကြိမ်တွေ့ဆုံပွဲမှာ NLD ပါတီကို ဖျက်သိမ်းပြီး ထိပ်ပိုင်းခေါင်းဆောင်တွေကို နိုင်ငံတော်သစ္စာဖောက် မှုနဲ့ စစ်ဆေးဖို့ စဉ်းစားနေတယ်လို့ UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောခဲ့ဖူးပါတယ်။

နောက်ပြီး NLD ပါတီ က မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်တယ် လို့လည်း စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ UEC က ကြေညာထားပါတယ်။

(မြိတ်မြို့နယ် NLD ခရိုင်နဲ့ မြို့နယ်ရုံး ဖျက်ဆီးခံရတာကို ၂၀၂၁ အောက်တိုဘာ ၂၀ ရက်နေ့က တွေ့ရစဉ် - Photo: CJ)

နိုင်ငံအတွင်းမှာ တရားဥပဒေ စိုးမိုးမှုမရှိတော့တာကြောင့် အခုလို ဥပဒေမဲ့လုပ်ရပ်တွေက မြန်မာနိုင်ငံ အနှံ့အပြားမှာ ဖြစ်လာနေရတာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေ တစ်ဦး က သုံးသပ်ပါတယ်။

“နိုင်ငံကိုတည်ငြိမ်အောင် အုပ်ချုပ်နိုင်တဲ့ အရည်အချင်းမရှိဘဲနဲ့ နိုင်ငံရဲ့ အုပ်ချုပ်ရေးအာဏာ ယူထားတော့ နိုင်ငံကို ငြိမ်အောင်မထိန်းနိုင်ဘူး။ မထိန်းနိုင်တော့ အဖွဲ့အစည်းမျိုးစုံက နှောင့်ယှက်ဖျက်ဆီးမှုတွေ အများ ကြီးလုပ်လာတာပေါ့ဗျာ။ ပြည်သူလူထုရဲ့ လေးစားတန်ဖိုးထားတဲ့ အရာတွေကို သူတို့ကို ထောက်ခံတဲ့အဖွဲ့ အစည်းကနေ ဖျက်ဆီးတာပေါ့။ ဘယ်အဖွဲ့အစည်းလို့ ပြောလို့မရပေမယ့် ဒီအဖွဲ့အစည်းတွေက သူတို့နဲ့ ဆက်နွယ်တဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ ဆက်နွယ်တဲ့ အဖွဲ့အစည်းတွေလို့ ယူဆလို့ရတာပေါ့။ တရားဥပဒေက ဘယ်လိုမှမစိုးမိုးဘူးလေ၊ ဘယ်နေရာမှာမှ အုပ်ချုပ်လို့မရတာ၊ အုပ်ချုပ်လို့မရတဲ့အတွက် ဒါတွေက နေရာ မျိုးစုံမှာ ပြဿနာမျိုးစုံ ဖြစ်လာတာပဲလေ”

NLD ပါတီရုံးတွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို မေးမြန်းနိုင်ဖို့ RFA ကဆက်သွယ်ခဲ့ပေမယ့် လတ်တလော အကြောင်းပြန်တာ မရှိသေးပါဘူး။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တစ်ပြည်လုံးက NLD ပါတီဝင်တွေကို လိုက်လံဖမ်း ဆီးထားရာမှာ ဖေဖော်ဝါရီလကနေ စက်တင်ဘာလအထိ ၈ လတာ ကာလအတွင်းမှာ ၄၅၈ ယောက်အထိ ရှိနေခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org