သတင်းထောက်နှစ်ဦး အပါအဝင် လူငယ်ကိုးဦး ထောင်သုံးနှစ်ချမှတ်ခံရ

ရန်ကုန်မြို့က Myanmar Press Photo Agency သတင်းထောက်တွေဖြစ်တဲ့ ကိုကောင်းဆက်လင်းနဲ့ မမှူးရတနာခက်မို့မို့ထွန်း အပါအဝင် လူငယ်ကိုးဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ဒီဇင်ဘာလ ၂၁ ရက် မနေ့က ထောင်ဒဏ်သုံးနှစ်စီချ မှတ်လိုက်ပါတယ်။

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြစဉ်။ AFP

ရန်ကုန်မြို့က Myanmar Press Photo Agency သတင်းထောက်တွေဖြစ်တဲ့ ကိုကောင်းဆက်လင်းနဲ့ မမှူးရတနာခက်မို့မို့ထွန်း အပါအဝင် လူငယ်ကိုးဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ဒီဇင်ဘာလ ၂၁ ရက် မနေ့က ထောင်ဒဏ်သုံးနှစ်စီချ မှတ်လိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်က ပန်းပင်ကြီးလမ်းမပေါ်မှာ ဆန္ဒပြနေတဲ့သူတွေကို စစ်ကောင်စီတပ်က ကားနဲ့တိုက်ပြီး ဖြိုခွင်းခဲ့ပါတယ်။ အဲဒီဖြိုခွင်းမှုမှာ သတင်းထောက် နှစ်ဦး အပါအဝင် လူငယ်ကိုးဦး စုစုပေါင်း ၁၁ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးပြီးတစ်နှစ်အကြာ သူတို့ထဲက ကိုးဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၅၀၅ (က) နဲ့ အလုပ်နဲ့ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်တာပါ။

"ခြေထောက်က သုံးနေရာကျိုးပြီး ကြေသွားတာဆိုတော့ ချိုင်းထောက်လွှတ်လို့ မရဘူးပေါ့"

အခုအမိန့်ကို အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ မနေ့က ချမှတ်ခဲ့တာလို့ တရားရုံးနဲ့နီးစပ်တဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။

"အလုပ်နဲ့ ထောင်ဒဏ်သုံးနှစ် ချုပ်ရက်တွေကို ထုတ်နုတ်ခံစားခွင့်ပြုတယ်လို့ အမိန့်ချလိုက်ပါတယ်။ နှစ်ယောက်ပဲ ကျနော်တို့က လိုက်ပါဆောင်ရွက်ပေးတာပါ၊ ကိုကောင်းဆက်လင်းနဲ့ မမှူးရတနာနဲ့ပေါ့။ မမှူးရတနာက သီးခြားအမှု တစ်ခုပေါ့၊ ကိုကောင်းဆက်လင်းကျတော့ ရှစ်ယောက်က သီးခြားတစ်မှုပေါ့။ အမျိုးသမီး သုံးဦး၊ အမျိုးသား ငါးဦးပေါ့။ အကုန်လုံးက ၅၀၅ တစ်မျိုးတည်းပါပဲ၊ မမှူးရတနာ တစ်ယောက်ပဲ ၅၀ (ည) ထပ်ကပ်တာပေါ့"

သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းကတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ ထပ်မံတရားစွဲဆိုခံထားရတယ်လို့ သူက ပြောပါတယ်။

အမိန့်ချမှတ်ခံရသူတွေထဲမှာတော့ ကိုကောင်းဆက်လင်းနဲ့ မမှူးရတနာခက်မို့မို့ထွန်း တို့အပြင် ဘယ်သူတွေ ပါဝင်လဲဆိုတာ အသေးစိတ်မသိရသေးပါဘူး။

ပန်းပင်ကြီးလမ်းဆန္ဒပြမှုမှာ ဖမ်းဆီးခံထားရသူတွေက ကိုဘိုဘိုစံ၊ ကိုကောင်းဆက်လင်း၊ ကိုကျော်ဇင်ခန့်၊ ကိုအာကာကျော်၊ ကိုကိုနိုင်၊ ကိုမင်းမင်းဦး၊ ကိုမင်းဟိန်းခန့်၊ ကိုစည်သူ၊ မမှူးရတနာခက်မို့မို့ထွန်း၊ မမြကြူကြုသင်းနဲ့ မယဉ်မေအောင်တို့ဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းဟာ စစ်ကားနဲ့တိုက်ပြီး ဖမ်းဆီးခံရတာကြောင့် ခြေထောက်သုံးပိုင်းကျိုးခဲ့တဲ့ဒဏ်ရာက အခုချိန်ထိ ခံစားနေတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

"ခြေထောက်က သုံးနေရာကျိုးပြီး ကြေသွားတာဆိုတော့ ချိုင်းထောက်လွှတ်လို့ မရဘူးပေါ့။ ချိုင်းထောက်နဲ့ သွားရတာပေါ့၊ အခုလို အေးလာတဲ့ အချိန်ဆိုရင် ဒူးခေါင်းတို့၊ အတွင်းထဲက ခြေဆစ်ရိုးတွေ ကိုက်တာတို့ ခံစားရတယ်။ ခေါင်းတွေထိထားတော့ ခေါင်းကိုက်တာတို့၊ အာရုံကြော ထိခိုက်တာတို့ ခံစားရတယ်၊ စိတ်ကတော့ မကောင်းဘူး ပေါ့။ အရင်တုန်းက တစ်ခုတည်းပဲ ရင်ဆိုင်ရမယ်ဆိုတုန်းက စိတ်ကပေါ့ပေါ့ပါးပါးပဲ၊ အခု နောက်ထပ်ရင်ဆိုင်ရမယ်ဆိုတော့ စိတ်ကတော့ မသက်မသာပဲ ခံစားရတယ်"

မိသားစုက မမှူးရတနာခက်မို့မို့ထွန်းနဲ့ တိုက်ရိုက်တွေ့ခွင့်မရပေမယ့် လိုအပ်တဲ့ဆေးဝါးနဲ့ အစားအသောက်ကို နှစ်ပတ်တစ်ကြိမ် ပို့ခွင့်ရနေတယ်လို့ ပြောပါတယ်။

ကိုကောင်းဆက်လင်းရဲ့ ဖခင်ဖြစ်သူ ဦးမျိုးမြင့်ကတော့ သားဖြစ်သူ ထောင်ဒဏ်ချမှတ် ခံရတဲ့အပေါ် ဝမ်းနည်းရတယ်လို့ ပြောပါတယ်။

"တော်တော် စိတ်မကောင်းဖြစ်ပါတယ်။ သူ့အမေဆိုရင် ကျန်းမာရေးကလည်း မကောင်းတော့ အိပ်ယာထဲ ဗုန်းဗုန်းလဲတာပဲ။ ဦးတို့က သားလေး တစ်ယောက်ပဲရှိတာ၊ သားက တစ်ယောက်ပဲ မွေးထားတာဆိုတော့ သူ့အမေဆို တော်တော်ခံရတယ်။ တင်ပါးဆုံအရိုးနဲ့ ခါးအရိုးကျိုးထားတဲ့သူဆိုတော့ သေချာလေးကုရမှာ၊ အခုကျတော့ ပစ္စည်းပို့ရင်တောင် လိမ်းဆေးပဲ ပို့ရတာဆိုတော့ တော်တော်တော့ စိုးရိမ်တယ်၊ အေးရင် ခါးတွေဘာတွေက ပိုပြီးကိုက်တယ်လို့ ပြောတယ်"

Myanmar Press Photo Agency (MPA) သတင်းဌာနမှ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းအား တွေ့ရစဉ်။ (Photo: Citizen Journalist)

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဖက်ဒရယ်နဲ့ ငြိမ်းချမ်းရေးတွေကို ပါးစပ်ကသာ ပြောနေပေမယ့် လက်တွေ့မှာတော့ ဒီမိုကရေစီ အရေးလှုပ်ရှားသူတွေကို ဖမ်းဆီးထောင်ချနေတယ်လို့ တ.က.သ ကျောင်းသားဟောင်းများ အင်အားစုက ကိုနန်းလင်းက ဝေဖန်ပါတယ်။

"စစ်ကောင်စီက မင်းအောင်လှိုင်နဲ့ သူ့ရဲ့ အပေါင်းအပါတွေက လူ့အခွင့်အရေးတွေ၊ ဖက်ဒရယ်တွေ၊ ငြိမ်းချမ်းရေးတွေ၊ ဒီမိုကရေစီတွေ ပြောနေပေမယ့် တကယ့်လက်တွေ့ အနေအထားမှာတော့ ဒီမိုကရေစီအရေး တတ်ကြွတဲ့ လူငယ်တွေ၊ ကျောင်းသားတွေကို မတရားတဲ့ ပုဒ်မတွေတပ်ပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်တယ်။ သေဒဏ်တွေ ချပစ်တယ်။ စစ်ကြောရေးစခန်းတွေမှာ သတ်ပစ်တယ်။ ဒါတွေက စစ်ကောင်စီ နေ့စဉ်နဲ့အမျှကို ကျုးလွန်တဲ့ ပြစ်မှုတွေပဲ၊ စစ်ကောင်စီနဲ့ စစ်အာဏာရှင် စနစ်ရှိနေသမျှ ကာလပတ်လုံး ကျနော်တို့တိုင်းပြည်မှာ အနာဂတ်ဆိုတာလည်း မရှိဘူး၊ လူ့အခွင့်အရေး ဆိုတာလည်း မရှိဘူး၊ ဖက်ဒရယ်ဆိုတာလည်း စိတ်ကူးယဉ်လို့ မရဘူး။ ဆက်ပြီးတော့ စစ်အာဏာရှင် အမြစ်ဖြတ်ရေးဆိုတာက ပြည်သူတွေရဲ့စိတ်ထဲ ကျောင်းသားလူငယ်တွေ ရဲ့ စိတ်ထဲမှာ ပိုပြီးတော့ အောင်ပွဲရရုံ၊ တိုက်ပွဲဝင်ရုံမှတစ်ပါး အခြားမရှိဘူးလို့ ပြောချင် ပါတယ်"

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီဇင်ဘာလ ၂၁ ရက်မှာ ထုတ်ပြန်တဲ့ စာရင်းအရ အာဏာသိမ်းပြီးနောက် သတင်းထောက်တွေ အပါအဝင် နယ်ပယ်အသီးသီးက လူပုဂ္ဂိုလ် ၁၃,၀၉၈ ဦးဖမ်းဆီးခံထားရပါတယ်။ အဲဒီထဲက ၁,၇၆၅ ဦးက ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org