အစိုးရသစ်လက်ထက် နိုင်ငံခြားရေးမူဝါဒ မပြောင်းရင် အနောက်ထက် အရှေ့နဲ့သာ ပိုနီးနိုင်
လာမယ့် NLD အစိုးရ ဒုတိယသက်တမ်း ငါးနှစ်အတွင်း၊ လက်ရှိ နိုင်ငံခြားရေးမူဝါဒတွေကို သိသိသာသာ မပြောင်းလဲဘူးဆိုရင် အနောက်နိုင်ငံတွေနဲ့ဆက်ဆံရေး ပိုကောင်းလာဖို့မရှိဘဲ အိမ်နီးချင်း တရုတ်နိုင်ငံကြီးနဲ့သာ ပိုနီးကပ်နိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
-
သီဟထွန်း၊ သက်စုအောင်
2020-12-03 -
-
-
လာမယ့် NLD အစိုးရ ဒုတိယသက်တမ်း ငါးနှစ်အတွင်း၊ လက်ရှိ နိုင်ငံခြားရေးမူဝါဒတွေကို သိသိသာသာ မပြောင်းလဲဘူးဆိုရင် အနောက်နိုင်ငံတွေနဲ့ဆက်ဆံရေး ပိုကောင်းလာဖို့မရှိဘဲ အိမ်နီးချင်း တရုတ်နိုင်ငံကြီးနဲ့သာ ပိုနီးကပ်နိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကတော့ မြန်မာအစိုးရရဲ့ လက်ရှိနိုင်ငံခြားရေး မူဝါဒအပိုင်းမှာ အပြောင်းအလဲ သိပ်မရှိနိုင်ပေမယ့်၊ ဖြစ်လာတဲ့အနေအထားတွေပေါ် မူတည်ပြီး လက်တွေ့ ဖော်ဆောင်မှု အပိုင်းမှာတော့ အပြောင်းအလဲတချို့ ရှိနိုင်တယ်လို့ ပြောပါတယ်။
NLD အစိုးရ ပထမငါးနှစ်သက်တမ်းအတွင်း အမေရိကန်အပါအဝင် ဥရောပနိုင်ငံတွေနဲ့ ဆက်ဆံရေး ကောင်း မွန်လိမ့်မယ်လို့ အများက ယူဆခဲ့ပေမယ့်၊ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာပြဿနာကြောင့် ICJ နိုင်ငံတကာ တရားရုံးမှာ တရားစွဲဆိုခံရပြီးနောက်ပိုင်း အနောက်နိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေးမှာ ပိုမိုဝေးကွာခဲ့ပါတယ်။
ဒါကြောင့် လာမယ့်သက်တမ်း ငါးနှစ်အတွင်းမှာ NLD အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒ ပြောင်း မပြောင်းဆိုတာကို ပြည်တွင်းမှာရော နိုင်ငံတကာအသိုင်းအဝိုင်းကပါ စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး က လာမယ့်အစိုးရသစ်လက်ထက်မှာ မူဝါဒပိုင်း အပြောင်းအလဲ သိပ်မရှိနိုင်ပေမယ့်၊ နိုင်ငံတစ်ခုချင်း ကိစ္စတစ်ခုချင်းအပေါ် ချဉ်းကပ်ပုံနဲ့ လက်တွေ့ဖော်ဆောင်မှု အပိုင်းမှာတော့ အနည်းငယ်အ ပြောင်းအလဲရှိနိုင်တယ်လို့ ပြောပါတယ်။
“လက်ရှိအစိုးရကလည်း ဆက်ပြီး တာဝန်ယူမှာပဲလေ၊ အခုလာမယ့် နောက်ဒုတိယသက်တမ်းကို အာဏာရ ပါတီကပဲ ဆက်ပြီး တာဝန်ယူမှာပဲလေ၊ ဆိုတော့ အစိုးရကတော့ အသစ်ဖြစ်ပေမယ့် ဒီခုနကပြောတဲ့ အာဏာရပါတီကတော့ အပြောင်းအလဲမရှိဘူးပေါ့နော်၊ ပြီးရင် ကျနော်တို့ရဲ့ နိုင်ငံခြားရေးမူဝါဒကလည်း သမိုင်းအစဉ်အလာအရ ဒီအတိုင်းပဲ ပုံမှန်အတိုင်းပဲ ရှေ့နောက်ညီပြီးတော့သွားနေတာ၊ ဖော်ဆောင်မှု အပိုင်းမှာသာ အပြောင်းအလဲတွေရှိမယ်၊ မူဝါဒကတော့ ဒီတိုင်းပဲသွားခဲ့တယ်ဆိုတာလည်း သိထားပြီး သားပဲလေ၊ ချဉ်းကပ်မှုပိုင်းတွေ ပြောတာပေါ့နော်။”
NLD အစိုးရ ပထမသက်တမ်းအတွင်း ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ရင် အရင်ကမကြုံခဲ့ဖူးတဲ့စိန်ခေါ်မူတွေ ဖိအားပေးမူတွေကို ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်နဲ့ ရင်ဆိုင်ဖြေရှင်းခဲ့ရပြီး၊ အချုပ်အခြာအာဏာကို ထိခိုက်မယ့် ကိစ္စတွေကို ပြတ်ပြတ်သားသား ငြင်းဆန်ပယ်ချခဲ့ရတယ်လို့လည်း ဦးချမ်းအေးက ဆိုပါတယ်။
NLD ပါတီ ပြောရေးဆိုခွင့်ရှိသူက ဒေါက်တာမျိုးညွန့် ကလည်း “အစိုးရသစ်ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ ပြည်တွင်းက ပြဿနာတွေအပေါ် နိုင်ငံတကာရဲ့ ဖိအားနဲ့ တုံ့ပြန်မှုတွေ ဘယ်လိုရှိလဲဆိုတဲ့အပေါ် မူတည်ပြီး၊ အပြောင်းအလဲတချို့ရှိနိုင်ပေမယ့်၊ ကြီးမားတဲ့အပြောင်းအလဲတော့ မရှိနိုင်ဘူး” လို့ ပြောပါတယ်။
“ကျနော်တို့ နိုင်ငံတကာမူဝါဒအနေနဲ့ကတော့ အခြေအနေပေါ်မူတည်ပြီးတော့ လိုက်လျောညီထွေ ပြောင်းလဲမှုတချို့တော့ ရှိကောင်းရှိနိုင်ပါတယ်။ နိုင်ငံတကာရေးရာတွေက တခါတရံမှာ မူဝါဒတွေပေါ်မှာ သက်ရောက်မှုရှိနိုင်ပါတယ်၊ ဥပမာဆိုပါတော့ နိုင်ငံတကာကနေပြီးတော့ ရခိုင်ပြည်မြောက်ပိုင်းအရေးနဲ့ ပတ်သက်ပြီးတော့ ဖိအားတွေ ဘယ်လောက်ရှိလာမလဲ၊ စီးပွားရေးအရ ဘယ်လောက်တုံ့ပြန်မှုတွေရှိလာမလဲ ဒီအချက်ပေါ်မူတည်ပြီးတော့ နိုင်ငံခြားရေးမှာလည်း အပြောင်းအလဲတချို့တော့ရှိပါမယ်၊ သို့သော် ကြီးကြီးမားမားအပြောင်းအလဲတော့ မရှိနိုင်ဘူးလို့ ကျနော်တို့က ရှုမြင်ထားပါတယ်”
NLD ပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာတော့ လွတ်လပ်တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေး မူဝါဒကို ဆက်လက်ကျင့်သုံးမယ်၊ လွတ်လပ်စွာ အတူယှဉ်တွဲနေထိုင်ရေးမူ ငါးရပ် စတဲ့မူဒဝါဒတွေအပေါ်မှာ အခြေခံမယ်လို့ ဖော်ပြထားပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ဦးဆောင်တဲ့ အစိုးရသစ်က၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစံနှုန်းတွေအပေါ် ပိုပြီးအာရုံစိုက်လာမယ်လို့ ယူဆတယ်၊ ဒါပေမဲ့ မြန်မာအစိုးရအနေနဲ့ တာဝန်ရှိတဲ့ တာဝန်ယူရမယ့်အပိုင်းကို ကျေပြွန်အောင်ဆောင်ရွက်နေတဲ့အတွက် မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ ပကတိအခြေအနေကိုထောက်ဆပြီး NLD ဦးဆောင်တဲ့အစိုးရကို အကဲဖြတ်နိုင်မယ်လို့လည်း ဒေါက်တာမျိုးညွန့်က ဖြည့်စွက်ပြောကြားသွား ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အခြေချနေထိုင်တဲ့ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုပြီး နိုင်ငံတရားရုံး ICJ မှာ တရားစွဲခံထားရတဲ့ မြန်မာအစိုးရဟာ ဒုတိယအကြိမ် အစီရင် ခံစာကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့ကမှ တင်သွင်းထားတာပါ။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူမိုမန်ကလည်း ရွေးကောက်ပွဲမှာ အာဏာရ NLD ပါတီ ပြန်လည် အနိုင်ရရှိတာကို ကြိုဆိုတယ်၊ အစိုးရသစ်ဖွဲ့စည်းပြီးရင် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံတို့ပါဝင်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးမှု မကြာခင် စတင်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်းက ပြောခဲ့ဖူးပါတယ်။
မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ ကပ်ဘေးအခြေအနေကြာင့် ဆွေးနွေးပွဲတွေ မဖြစ်နိုင်သေးဘူးလို့ RFA ပြောခဲ့ပါတယ်။
ကိုဖီအာနန်ကော်မရှင် အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ ဦးအေးလွင် က မြန်မာအစိုးရမှာ လုပ်ချင်ပါလျက် မလုပ်နိုင်တဲ့အခြေအနေတွေ ရှိနေတယ်လို့ အပြုသဘော မှတ်ချက်ပေးပါတယ်။
“မြန်မာနိုင်ငံ ဒီမိုကရေစီအစိုးရသည် သူလုပ်ချင်တာကို လုပ်လို့မရဘူး၊ သူ့မှာ ကန့်သတ်မှုတွေက ၂၀၀၈ ဖွဲ့စည်းပုံကြောင့် ရှိနေတယ်၊အထူးသဖြင့် ကာကွယ်ရေးနဲ့ပတ်သက်ပြီး ထိလို့ တို့လို့ မရဘူးဆိုတာကို အပြည်ပြည်ဆိုင်ရာက သဘောပေါက်မယ်ဆိုရင်၊ လုပ်နိုင်ပါလျက်နဲ့ မလုပ်ဘူးဆိုရင်တော့ မြန်မာအစိုးရကို ရှုတ်ချရမယ်၊ လုပ်ချင်ပါလျက်နဲ့ မလုပ်နိုင်တဲ့ကိစ္စတွေဖြစ်နေတယ်၊ တချို့ဆိုရင် ပြည်ထဲရေးဟာ အခု ဆိုလို့ရှိရင် တပ်ချုပ်ရဲ့ nominate (အဆိုပြု) လုပ်တဲ့ဝန်ကြီးက အုပ်ချုပ်နေတယ်”
လူ့အခွင့်အရေးဆောင်ရွက်နေတဲ့ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်း ကတော့ မြန်မာအစိုးရအနေနဲ့ လာမယ့် သက်တမ်း ငါးနှစ်အတွင်း၊ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုကို ပိုတွေ့လာရဖို့ရှိပြီး တရုတ်နိုင်ငံကိုပဲ အားကိုးနေရတဲ့အခြေအနေကို ပြန်သုံးသပ်ဖို့ လိုတယ်လို့ ထောက်ပြ ပါတယ်။
“အဲတော့ ရိုဟင်ဂျာကိစ္စ လူ့အခွင့်အရေးကိစ္စရပ်တွေကို ပိုပြီးတော့ ထောက်ပြတဲ့ကိစ္စရပ်မျိုးတွေ ဖြစ်လာ မယ်၊ နောက်တစ်ခု မြန်မာအစိုးရက အနောက်အုပ်စုတွေနဲ့ အဆင်မပြေဘဲနဲ့ ခုနတုန်းက တရုတ် အားကိုး တဲ့အတွက်ကြောင့် ပိုပြီးဖိအားတွေများလာစရာရှိတယ်၊ ဘာကြောင့်လဲဆိုရင် တရုတ်က ကမ္ဘာ့အလယ် မှာက သူ့ရဲ့ဒီပြုမှုဆောင်ရွက်တဲ့ကိစ္စရပ်တွေကြောင့်မို့လို့ ဒီမိုကရေစီနိုင်ငံတွေအနေနဲ့ ထိပ်တိုက်တွေ့ရတဲ့ ကိစ္စရပ်မျိုးတွေရှိတယ်။ အဲဒါမျိုး တရုတ်ကိုပဲအားကိုးလို့ရှိရင် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြေလည်မှာ မဟုတ်ဘူး”
တရုတ်-မြန်မာအရေး ကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇော် ကတော့ အမေရိကန်လို အင်အားကြီး နိင်ငံတောင်မှ တရုတ်ကို ပြန်ပြီးပျော့ပျော့ပြောင်းပြောင်း ဆက်ဆံနေရတာ၊ မြန်မာနိုင်ငံအနေနဲ့လည်း တရုတ်နဲ့ အမေရိကန် အင်အားကြီး နှစ်နိုင်ငံကြား ဘက်မလိုက်တဲ့ မူဝါဒနဲ့ဆက်ဆံရင် ပိုပြီးအကျိုးရှိနိုင် တယ်လို့ ပြောပါတယ်။
“ဘိုင်င်ဒန် တက်လာမယ်ဆိုရင်တော့ ဒီအရှေ့တောင်အာရှဘက်ကို ပိုလှည့်လာမယ်ထင်တယ်။ ပေါ်လစီ တို့ ဘာတို့ဆိုတာ အိုဘားမားခေတ်က လုပ်ခဲ့တာဖြစ်တာပေါ့၊ အဲတော့ ဒီဘက်ပိုလှည့်လာမယ်၊ ဒီဘက်ပို လှည့်လာရင် ကျမတို့က နေတတ်ထိုင်တတ်ဖို့လိုတယ်၊ တရုတ်နဲ့လည်း မိတ်ဆွေမပျက် အမေရိကန်နဲ့ လည်း မိတ်ဆွေမပျက်၊ ကျမတို့ ဘယ်သူ့ဘယ်သူကိုမှ ရွေးစရာမလိုဘူးလေ၊ ဘက်မလိုက်ရေးဝါဒ ကြားနေ ရေးဝါဒ ကောင်းကောင်းကျင့်သုံးပြီးတော့ အမေရိကန်နဲ့လည်း ကောင်းကောင်းမွန်မွန်ဆက်ဆံ တရုတ်နဲ့ လည်း ကောင်းကောင်းမွန်မွန်ဆက်ဆံရင် ပိုပြီးတော့ အကျိုးရှိနိုင်မယ်ထင်တယ်၊ အမေရိကန်တောင်မှ တရုတ်ကို အများကြီး ပြန်ပြီးပျော့ပျော့ပြောင်းပြောင်း ဆက်ဆံရမယ့်သဘောရှိတယ်”
စီးပွားရေးနဲ့ပတ်သက်ရင် မြန်မာနဲ့ပတ်သက်တဲ့ စီမံကိန်းတွေကိုတော့ အမြန်ဆုံးအကောင်အထည်ဖော်အောင် တရုတ်ဘက်က တွန်းတွန်းတိုက်တိုက် လုပ်မယ်လို့ ယူဆတယ်လို့လည်း ဒေါက်တာလှကျော်ဇောက ပြော ပါတယ်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ISP-Myanmar အဖွဲ့ရဲ့ ပြင်ပဆက်ဆံရေးအရာရှိ ဦးအောင်သူငြိမ်း ကလည်း “ရိုဟင်ဂျာကိစ္စကြောင့် မြန်မာနိုင်ငံအတွက် ငါးနှစ်ထက်မကတဲ့ ရေရှည်ဖိအားတွေ ရှိလာနိုင်ပြီး၊ နိုင်ငံရေးအရရော စီးပွားရေးအရပါ တရုတ်နဲ့ ပိုးနီးကပ်လာဖို့ရှိတယ်” လို့ သုံးသပ်ပါတယ်။
“လာမယ့် ငါးနှစ်တင်မဟုတ်ဘူး၊နောက်ထပ် ဟိုဘက်မှာထိကို ဆက်ပြီးတော့ ဖိအားဖြစ်နိုင်တာက ရိုဟင် ဂျာ ပြဿနာလို့ထင်ပါတယ်၊ အဲဒါက ချက်ချင်းကြီး ပြေလည်ဖို့မလွယ်သလို အခုအနေအထားတွေကလည်း သုံးသပ်မိတာက ဖိအားတွေ ဆက်လာမယ်လို့ ထင်တယ်ဗျ၊ နောက်တစ်ခုက အိမ်နီးချင်း တရုတ်နဲ့ CMEC ကိစ္စပေါ့၊ ဒါစာချုပ်ထိုးထားတာလည်း ၂၀၁၈ ထဲကလေ၊ ဆိုတော့ အဲဒီလိုအနေအထားမှာတော့ ကျနော် သုံးသပ်တာတော့ ဒီတရုတ်ပြည်ကို ကျနော်တို့စီးပွားရေးအရ နိုင်ငံရေးအရ ဒီလိုမျိုးဆက်ပြီးတော့ နီးစပ်တယ်ပဲ ပြောမလား၊ မှီခိုရတယ်ပဲပြောမလား ဆက်ရှိဦးမယ်လို့ ထင်တယ်ဗျ။”
CMEC ဆိုတာ (China Myanmar Econominic Corridor) တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် စီမံကိန်းဖြစ်ပြီး၊ တရုတ်ပြည်မကြီးက အကောင်အထည်ဖော် နေတဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစိတ်အပိုင်း ဖြစ်ပါတယ်။
အဲဒီစီမံကိန်းမှာပါဝင်တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်း၊ ရန်ကုန်မြို့သစ်စီမံကိန်း၊ မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်း စတာတွေနဲ့ ပတ်သက်ပြီး အခုနှစ်အစောပိုင်း တရုတ်သမ္မတရှီကျင့်ဖျင်ရဲ ခရီးစဥ်အတွင်း သဘောတူ လက်မှတ်ရေးထိုးခဲ့ပေမယ့်၊ မြန်မာနဲ့ဆွေးနွေးမူတွေက ထင်သလောက် ခရီးမ ရောက်တဲ့အတွက် တရုတ်ဘက်က ဖိအားပေးဆောင်ရွက်တာတွေ ရှိလာနိုင်တယ်လို့လည်း နိုင်ငံရေးအကဲခတ် တချို့က ခန့်မှန်းပါတယ်။
အစိုးရသစ်ရဲ့ နောင်လာမယ့် ငါးနှစ်ကာလအတွင်း မြန်မာနဲ့ဆက်ဆံရေးမှာ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေ၊ အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယတို့သာမက အာရှနိုင်ငံတွေထဲက ဂျပန်ကလည်း အရေးပါလာမယ်လို့ သုံးသပ်ကြပါတယ်။
နောင်လာမယ့် NLD အစိုးရ ဒုတိယသက်တမ်းအတွင်း နိုင်ငံခြားရေးဝန်ကြီး ဘယ်သူဖြစ်လာနိုင်မလဲ ဆိုတာကိုလည်း အများက စိတ်ဝင်တစားစောင့်ကြည့်နေပါတယ်။
နိုင်ငံရေးအကဲခတ်တွေကတော့ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ)မှာ ပြဌာန်းချက်အရ သမ္မတ ရာထူး တာဝန်ယူခွင့် တားမြစ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့၊ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ခေါ်) ကာလုံမှာ နေရာယူနိုင်ဖို့အတွက် တိုင်းပြည်ရဲ့အရေးကြီးတဲ့ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ဆက်ယူမယ့် အလားအလာ ပိုများနေတယ်” လို့ မှတ်ချက်ပေး သုံးသပ်ကြပါတယ်။