စစ်ကောင်စီပညာရေး နိုင်ငံတကာ အသိအမှတ်ပြုမှာ မဟုတ်

မတ်လ ၂၃ ရက်နေ့ကပြုလုပ်တဲ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခြေခံပညာသင်ကျောင်းတွေမှာ တနှစ်ကို ၂ တန်းပြီးစီးအောင် သင်ကြားဖို့စီစဉ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီလိုသင်ကြားမယ်ဆိုရင် တန်ဖိုးရှိတဲ့ပညာတွေ တတ်ကျွမ်းမှာ မဟုတ်သလို မြန်မာပြည်က ဘွဲ့ရလူငယ်တွေကို နိုင်ငံတကာ တက္ကသိုလ်တွေက လက်ခံတော့မှာ မဟုတ်ဖူးလို့ ပညာရှင်တွေက သတိပေးပြောကြားလိုက်ပါတယ်။

CDM အာဏာဖီဆန်ရေးဝန်ထမ်းလှုပ်ရှားမှုမှာ ပါဝင်တဲ့ ဆရာမများ။ Photo: RFA

မတ်လ ၂၃ ရက်နေ့ကပြုလုပ်တဲ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခြေခံပညာသင်ကျောင်းတွေမှာ တနှစ်ကို ၂ တန်းပြီးစီးအောင် သင်ကြားဖို့စီစဉ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီလိုသင်ကြားမယ်ဆိုရင် တန်ဖိုးရှိတဲ့ပညာတွေတတ်ကျွမ်းမှာ မဟုတ်သလို မြန်မာပြည်က ဘွဲ့ရလူငယ်တွေကို နိုင်ငံတကာတက္ကသိုလ်တွေက လက်ခံတော့မှာ မဟုတ်ဖူးလို့ ပညာရှင်တွေက သတိပေးပြောကြားလိုက်ပါတယ်။

စစ်ကောင်စီကပြောကြားခဲ့သလို အခြေခံပညာသင်ကျောင်းတွေမှာ တနှစ် ၂ တန်းပြီးအောင် သင်ကြားမယ်ဆိုရင် ကျောင်းသားတွေ ဘာစာမှ ထိထိရောက်ရောက် တတ်ကျွမ်းတော့မှာ မဟုတ်ဘူးလို့ ရန်ကုန်မြို့ရှိ CDM အာဏာဖီဆန်ရေးဝန်ထမ်းလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ အထက်တန်းပြဆရာမတဦးက RFA ကို ပြောပါတယ်။

“ကျမတို့လက်ရှိ သင်ရိုးညွှန်းတမ်းတွေနဲ့ အခုလက်ရှိ ပြင်ဆင်ဆွဲထားတဲ့ KG plus ဆိုတဲ့ သင်ရိုးညွှန်းတမ်းသစ်အကြောင်းကို သူတို့ကောင်းကောင်းနားမလည်လို့ ကောင်းကောင်းမသိလို့ သင်ရိုးညွှန်းတမ်းတွေကို သေချာလေ့လာမထားလို့သာ ဒီလို ၁ နှစ် ၂ တန်း သင်ချလိုက်မယ်ဆိုတဲ့ စကားကိုပြောထွက်တာလို့ထင်တယ်။ ကျမတို့ လက်ရှိဆရာဆရာမတွေ အနေနဲ့ ခုလက်ရှိဆွဲထားတဲ့ လပိုင်း မာတိကာတွေအရ ၊ ပြီးရင် မြန်မာ့ရိုးရာပွဲတော်တွေကလဲ လစဉ်ရှိနေတဲ့အခါကျတော့ အဲဒီအတွက်လဲ အချိန်ပေးရတယ်၊ သင်ကြားရေးအတွက်လဲ အချိန်ပေးရတယ်။ ပြီးရင် တခြား activities လို့ခေါ်တဲ့ စာရိတ္တတွေ ဘာတွေကိုပါ အချိန်ပေးရတဲ့အတွက်ကြောင့် တစ်နှစ် ၁ တန်းတောင်မှ ချမှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းအပြည့်ကို သင်နိုင်ဖို့ဆိုတာ တော်တော်ကြီး တိုက်တိုက်တွန်းတွန်း အားထုတ်ပြီး သင်ရတယ်၊ ကလေးတွေလဲ တော်တော်ကြီးကို ကြိုးကြိုးစားစား လိုက်ရတဲ့ အနေအထားရှိတယ်။ သူတို့က ကျောင်းပြန်ဖွင့်ချင်တာပဲ သိတယ်။ စာနောက်ကျနေတာကို နောက်မကျအောင် သူတို့က ပြန်လည်ဖြည့်ဆည်းချင်လို့ ၁ နှစ် ၂ တန်း နဲ့ ပြောလိုက်တယ်လို့ ယူဆတယ်။ ပုံမှန် ၄၅ မိနစ် တချိန်တောင်မှ ကလေးတွေ တကယ်စိတ်ဝင်စားတာ အလွန်ဆုံး ၂၅ မိနစ်ထက် မပိုဘူး။ အဲဒီအချိန်မှာ သူတို့က ၁ နှစ် ၂ တန်းကို အတင်းအဓမ္မသုံးပြီး သင်မယ်ဆိုရင် ကလေးတွေဆီမှာ အတင်းဖိအားပေးတယ်ဆိုတဲ့ pressure ပဲရှိမယ်။ သင်တာမဟုတ်ဘဲ ဒီတိုင်း ထည့်ပေးတာပဲရှိမယ်။ ကလေးတွေ လုံးဝ ရမှာမဟုတ်ဘူး။ သင်ကြားပေးရမယ့် ဆရာဆရာမတွေဘက်ကလည်း ဝန်ပိယုံတင်မကဘူး။ မဖြစ်နိုင်တဲ့ကိစ္စကို ခိုင်းတဲ့အတွက်ကြောင့်မို့ ဒီ ၁ နှစ် ၂ တန်းဆိုတာက လုံးဝမဖြစ်နိုင်ဘူး။”

ဒါ့အပြင် လက်ရှိမှာ ဆရာဆရာမတွေရော ကျောင်းသားတွေနဲ့ ကျောင်းသားမိဘအများစုကပါ အာဏာသိမ်းစစ်အုပ်စု လက်အောက်မှာ ပြန်ဖွင့်မယ့်ကျောင်းတွေကို အသိအမှတ်ပြုမှာ မဟုတ်ဖူးလို့လည်း ဆရာမက ပြောပါတယ်။ စစ်ကောင်စီက ပညာရေးနဲ့ပတ်သက်ပြီးကိုင်တွယ်ပုံဟာ လူငယ်တွေကို တကယ်တန်ဖိုးရှိတဲ့ ပညာတွေ သင်ပေးဖို့ ရည်ရွယ်တာမဟုတ်ပဲ ဟန်ပြသက်သက်ဖြစ်နေတယ်လို့ ကျောင်းသားမိဘတချို့ကလည်း ပြောပါတယ်။ အရင်က ပေါ်ပေါက်ခဲ့ဘူးတဲ့ လူထုအရေးတော်ပုံတွေမှာလည်း စစ်ခေါင်းဆောင်တွေဟာ ကျောင်းတွေကို ရက်ရှည်ပိတ်ထားကာ ကျောင်းသားတွေကို တနှစ်တခါဆိုသလို ရက်ပိုင်းလောက်ပဲ သင်ကြားပေးပြီး အလွယ်တကူ စာမေးပွဲ စစ်ဆေးအောင်မြင်မှုပေးတဲ့အတွက် လက်တွေ့တန်ဖိုးမရှိတဲ့ ပညာတတ်ဘွဲ့ရတွေဖြစ်လာခဲ့တဲ့ အစဉ်အလာ ရှိပါတယ်။

သြစတေးလျတက္ကသိုလ်နဲ့ လန်ဒန်အောက်စဖို့ထ် တက္ကသိုလ်တွေမှာ သင်ကြားခဲ့တဲ့ လူမှုသိပ္ပံပညာရှင် ပါမောက္ခ ဒေါ်ခင်မာမာကြည်ကလည်း ဒီဆုံးဖြတ်ချက်ဟာ ဒီမိုကရေစီပညာရေး စနစ်အောက်မှာ နှစ်အနည်းငယ် ရှင်သန်သင်ကြားခွင့်ရခဲ့တဲ့ မြန်မာလူငယ်တွေရဲ့ အနာဂတ်ကို စစ်ကောင်စီက ဖျက်ဆီးပစ်မယ့် လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။

“အခု ဆန္ဒပြနေတဲ့ ကလေးတွေဆိုရင် ဘာသာစကားမျိုးစုံ ပြောနိုင်တယ်၊ technology ကိုလည်း ကောင်းကောင်းကျွမ်းတယ်။ ဒါဟာ လွတ်လပ်မှုရဲ့ အတိုင်းအတာတခုကို သူတို့က အသုံးချလိုက်နိုင်တယ်။ ကျမတို့လို အလွတ်ကျက်တဲ့ ပညာရေးနဲ့ ကြီးလာတဲ့ လူကြီးတွေနဲ့ အခုနောက်ပိုင်း critical thinking နဲ့ ကြီးလာတဲ့လူတွေနဲ့ မတူဘူး။ ကျမတို့ အလွတ်ကျက်မှုနဲ့ ကြီးလာတဲ့အခါမှာ ကျမတို့ရဲ့ စဉ်းစားတွေးတောနိုင်တဲ့ ဉာဏ်တွေကို သွားပြီးတော့ ကန့်သတ် ချုပ်ချယ်ထားလိုက်တယ်။ အခု ကျမတို့ရဲ့ ပညာရေးစနစ်ကို ပြန်ပြီးတော့ အဲဒီဘောင်ထဲမှာ ထည့်ရုံမကဘဲနဲ့ ၁ နှစ် ၂ တန်း ဆိုတော့ ၁၄ နှစ်မှာ ကလေးတယောက်က ဘွဲ့ရသွားမယ်၊ တကမ္ဘာလုံးမှာ ကလေးတွေနဲ့ ယှဉ်လိုက်ရင် အရည်အချင်း အရည်အသွေး ဘယ်လိုမှ မမီနိုင်ဘဲနဲ့ ပိုပြီးတော့ နောက်ကျဆုတ်ယုတ်အောင် စီမံထားတဲ့ အစီအစဉ်လို့ ကျမမြင်တယ်။ ဒါဟာ နောင်လာနောက်သားတွေရဲ့ မျိုးဆက်ကို သတ်ပစ်တာနဲ့ အတူတူပါပဲ”

ဒါ့အပြင် တကယ်လို့သာ အဲဒီလို သင်ကြားမယ်ဆိုရင် မြန်မာပြည်က ဘွဲ့ရလာတဲ့ ကျောင်းသားတွေကို ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်တက္ကသိုလ်ကမှ အသိအမှတ်ပြုလက်ခံတော့မှာ မဟုတ်ဘူးလို့လည်း ဒေါက်တာ ဒေါ်ခင်မာမာကြည် က သတိပေးလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org