စစ်အာဏာသိမ်း ၁၁ လအတွင်း အမျိုးသမီး ၁၀၀ နီးပါး အသတ်ခံရ

ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းချိန်ကနေ ဒီဇင်ဘာ ၂၇ ရက်နေ့အထိ ၁၁ လနီးပါး ကာလအတွင်း ရဲနဲ့စစ်တပ်ရဲ့ ပစ်ခတ်ဖြိုခွင်းမှု၊ သံသယနဲ့ ဖမ်းဆီးနှိပ်စက်မှု၊ လက်နက်ကိုင် တော်လှန်ရေးကို အင်အားသုံး နှိမ်နင်းမှုတွေကြောင့် သေဆုံးသူ အမျိုးသမီးအရေအတွက် ၉၄ ယောက် ရှိတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (WLB) က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ နေပြည်တော်က မမြသွဲ့သွဲ့ခိုင်ရဲ့ ဈာပနအခမ်းအနားကို ၂၀၂၁ ဖေဖော်ဝါရီ ၂၁ ရက်နေ့က တွေ့ရစဉ်

ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းချိန်ကနေ ဒီဇင်ဘာ ၂၇ ရက်နေ့အထိ ၁၁ လနီးပါး ကာလအတွင်း ရဲနဲ့စစ်တပ်ရဲ့ ပစ်ခတ်ဖြိုခွင်းမှု၊ သံသယနဲ့ ဖမ်းဆီးနှိပ်စက်မှု၊ လက်နက်ကိုင် တော်လှန်ရေးကို အင်အားသုံး နှိမ်နင်းမှုတွေကြောင့် သေဆုံးသူ အမျိုးသမီးအရေအတွက် ၉၄ ယောက် ရှိတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (WLB) က ပြောပါတယ်။

အဲဒီထဲမှာ လက်နက်ကိုင်ခုခံမှုတွေကို စစ်တပ်က အင်အားသုံးဖြိုခွင်းတာကြောင့် အသက်ဆုံးခဲ့ရတဲ့ စစ်ကိုင်း တိုင်း ကလေးမြို့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ချင်းအမျိုးသမီး မချင်းချင်းလည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့က ကလေးမြို့အနီးရှိ PDF စခန်းတစ်ခုကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းရာမှာ အသက် ၂၃ နှစ်အရွယ် မချင်းချင်း ဦးခေါင်းကို ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာပါ။

"အကျဉ်းသားကို ဒီလို ရိုက်ခွင့်ရှိတယ်ဆိုတဲ့ အသိပေါ့ အင်မတန် အောက်တန်းကျတဲ့အသိ အခုထိ သူတို့မှာရှိနေတုန်းပဲ"

တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်တဲ့ သမီးငယ် မချင်းချင်း သေဆုံးမှုကြောင့် ယူကျုံးမရဖြစ်ရတယ်လို့ ဖခင် ဖြစ်သူက ပြောပါတယ်။

"ကျွန်တော်တို့ ဆုံးရှုံးရပါတယ်။ အသက်မသေသေးဘူးလို့ စိတ်ထဲမှာ စွဲနေတော့ ကျွန်တော်တို့က ဘာမှကို မတွေးနိုင်ဘူး။ အလောင်းသွားယူမယ်ဆိုရင်လည်း ဘယ်မှာသွားယူရမလဲမသိ၊ ဘယ်သူ့ကို အကူညီတောင်း ပြီး သွားယူရမလဲဆိုတာလည်း နားမလည်ဘူးဆိုတော့ တစ်နေ့ကျတော့ အသက်ရှင်ပြီး ကျန်ရစ်တဲ့ မိသားစု တွေ လွတ်လပ်တဲ့အချိန်မှာ သူ့အရိုးစုတွေ သွားယူပြီးမှ သုသာန်မှာ သေချာလေး မြှုပ်ချင်တာပေါ့နော်"

ကလေးမြို့အနီးမှာ အခုချိန်ထိ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေလို့ မချင်းချင်းရဲ့ ရုပ်အလောင်းကို မိသားစုဝင် တွေ မတွေ့လိုက်ရတဲ့အပြင်၊ ဈာပနကိုလည်း ချင်းရိုးရာဓလေ့ထုံးတမ်းနဲ့အညီ အခုချိန်ထိ မကျင်းပနိုင်သေး ဘူးလို့လည်း ဖခင်ဖြစ်သူက ဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ အမျိုးသမီး ၁၀၀ နီးပါး သေဆုံးခဲ့တယ်ဆိုတဲ့ အချက်အလက်ဟာ မှားယွင်းမှု၊ စွပ်စွဲမှုသက်သက်သာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

"အမျိုးသမီးများ ထိခိုက်သေဆုံးမှုပဲဖြစ်ဖြစ်၊ အကြမ်းဖက်လုပ်ဆောင်ဖို့လို့ အမျိုးသားပဲဖြစ်ဖြစ် ထိခိုက် သေဆုံးမှုပဲဖြစ်ဖြစ် ကျနော်တို့ ထိခိုက်သေဆုံးမှုတွေဖြစ်ရင် တချို့နေရာတွေမှာ ကျနော်တို့ ထုတ်ပြန်ပါ တယ်၊ ပြန်ကြားပေးလျှက် ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း နိုင်ငံခြားရေး ဝန်ကြီးဌာနအနေနဲ့ ကျနော်တို့ သေဆုံးမှုပေါင်း သေဆုံးမှုဆိုတာ AAPPက စွပ်စွဲတာရှိတယ်၊ တချို့အဖွဲ့အစည်းတွေက စွပ်စွဲတာရှိတယ်၊ အဲဒီစွပ်စွဲချက်တွေသည် သက်သေအထောက်အထားအရ မှန်ကန်မှု မရှိဘူး။ ဘယ်သူတွေက ဘယ်နေရာ မှာရှိတယ်ဆိုတာ ကုလသမဂ္ဂရဲ့ ပရီတစ်ရှယ် ကော်မတီပေါ့နော် အဲဒီကိုလည်း တင်သွင်းတဲ့ အဖြစ်မှန်ကို ပြောပြတဲ့ အစီရင်ခံစာလည်းရှိတယ်၊ အဲဒီကနေလည်း ကိုးကားလို့ရပါတယ်"

သေဆုံးခဲ့သူ ၉၄ ဦးအနက် တချို့က မချင်းချင်းလို လက်နက်ကိုင်တိုက်ပွဲအတွင်း အသက်ဆုံးခဲ့ပြီး၊ နေပြည် တော်က မမြသွဲ့သွဲ့ခိုင်နဲ့ မ‌န္တလေးက မကြယ်စင် တို့လို အမျိုးသမီးငယ်တွေကတော့ မြို့ပြဆန္ဒပြပွဲတွေ ဖြိုခွင်းခံရချိန်မှာ ဦးခေါင်းကို ချိန်ရွယ်ပြီး ပစ်ခတ်ခံခဲ့ရတာပါ။ WLB က ထုတ်ပြန်တဲ့ သေဆုံးသူ ၉၄ ဦးစာရင်း မှာ မကြာသေးခင်ကမှ ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုရွာအနီး အစုအပြုံလိုက် သတ်ဖြတ်ခံရတဲ့ အမျိုး သမီးတစ်ဦးလည်း ပါဝင်ပါတယ်။

စစ်အာဏာသိမ်း ၁၁ လအတွင်း အသက်ဆုံးခဲ့တဲ့ အမျိုးသမီးတွေ ရှိသလို၊ အသက်ရှင်လျှက် အဖမ်းခံထားရတဲ့ အမျိုးသမီး၂၀၀၀ ကျော်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။

အဖမ်းခံရတဲ့ အမျိုးသမီးတိုင်းဟာ ထောင်ထဲမရောက်ခင် စစ်ကြောရေးလို ငရဲခန်းကို ဖြတ်သန်းရတဲ့အပြင် ထောင်ထဲမှာလည်း နှိပ်စက်ညှဉ်းပန်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ရင်ဆိုင်ခဲ့ရတယ်လို့ ပြန်လွတ် လာတဲ့ အမျိုးသမီးငယ်တွေက ပြောကြပါတယ်။

ထောင်ထဲရောက်ပြီဆိုတာနဲ့ အကျဉ်းသားတိုင်းကို ရိုက်ခွင့်၊ နှိပ်စက်ခွင့်ရှိတယ်ဆိုတဲ့ အကျင့်ဆိုးက ထောင် ဝန်ထမ်းတိုင်းမှာ ရှိနေတယ်လို့ အင်းစိန်ထောင်မှာ ၄၅ ရက်ကြာ တိုက်ပိတ်ခံရပြီးမှ ပြန်လွတ်လာသူ မမျိုးက ပြောပါတယ်။

"အမျိုးသမီးကို လုပ်တာကိုင်တာတွေပေါ့နော်၊ တိုက်ပိတ်စဉ်မှာရော အတွင်းမှာခေါ်တာ ဘာညာတွေရော တချို့ချိုးဖောက်ခံရတာရှိရင် ကျွန်မဆို အမြဲပြောတယ်၊ ဒါလူ့အခွင့်အရေးနဲ့ မညီဘူး၊ ဒါမလုပ်သင့်ဘူး၊ ဒါအမျိုးသမီးအခွင့်ရေးကို ချိုးဖောက်တယ်။ အဲဒီလို ပြောတိုင်း ပြောတိုင်းမှာ သူ့တို့အမြဲပြောတာရှိတယ် ထောင်ထဲမှာ လူ့အခွင့်အရေး စကားလာမပြောနဲ့၊ ဘယ်တော့မှ မပြောနဲ့၊ ထောင်ထဲကိုရောက်တာနဲ့ ငါတို့ရဲ့ အုပ်ချုပ်မှုအောက်ရောက်ပြီ၊ ငါတို့ခိုင်းတာကိုလုပ်၊ မောမကြည့်နဲ့၊ ပုံစံထိုင်ဆိုတဲ့ ပုံစံမျိုးပေါ့။ ကျွန်မက ပုံစံမထိုင်ဘူး ထောင်ယူနီဖောင်းကို ဝတ်လို့ရှိရင် အကျဉ်းသားကို ဒီလို ရိုက်ခွင့်ရှိတယ်ဆိုတဲ့ အသိပေါ့ အင်မတန် အောက်တန်းကျတဲ့အသိ အခုထိ သူတို့မှာရှိနေတုန်းပဲ"

အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြလို့ ဖမ်းဆီးအကျဉ်းချခံရသူ အမျိုးသမီးတွေထဲမှာ အသက် ၄ နှစ်ကနေ ၆၀ ကျော်အထိ ပါဝင်တယ်လို့လည်း မမျိုးက ဆိုပါတယ်။

စစ်ကြောရေးမှာ စစ်ဆေးမေးမြန်းတဲ့ ရဲနဲ့ စစ်တပ်အရာရှိတွေဟာ အရက်သေစာ သောက်စားထားသလို၊ အမျိုးသမီးတွေကို နှုတ်နဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားတာ၊ ဆဲဆိုကြိမ်းမောင်းတာတွေလည်း ရှိတယ်လို့ စက်တင်ဘာလ ၂၈ ရက်နေ့က ပြန်လွတ်လာသူတချို့က RFA က မေးမြန်းစဉ် ပြောပြခဲ့ဖူးပါတယ်။

(စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ မန္တလေးယူနန်သင်္ချိုင်းက မကြယ်စင်ရဲ့ အုတ်ဂူကို တွေ့ရစဉ်) Photo: CJ

စစ်ကောင်စီအနေနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှု၊ နှိပ်စက်မှုတွေအတွက် တစ်နေ့မှာ တာဝန်ယူမှု တာဝန်ခံမှုကို ပြန်ပေးဆပ်ရမယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (WLB) ရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး မနန်းမို့မို့ က ပြောပါတယ်။

"စစ်တပ်ကနေ တကယ့်ကို ကြီးမားတဲ့ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတာ ဖြစ်တယ်။ တကယ့်ကို ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်။ ဒါကို ကမ္ဘာ ကနေလည်း မျက်ဝါးထင်ထင် မြင်ရတဲ့ အနေထားတွေ တွေ့တယ်။ ဒါတွေက လူထုတွေအနေနဲ့ရော အမျိုးသမီးတွေ အနေနဲ့ရော အမျိုးသမီးတွေကို သတ်ဖြတ်နေတာ လက်မခံနိုင်ဘူး။ အကြမ်းဖက် စစ်တပ်ကနေပြီး တစ်နေ့တစ်ချိန် တာဝန်ယူမှု တာဝန်ခံမှုတွေ ရှိသင့်တယ်လို့ နောက်ဆုံး ပြောချင်တယ်"

စစ်အာဏာသိမ်း ၁၁ လအတွင်း သေဆုံးသူ ၉၄ ဦး၊ အဖမ်းခံထားရသူ ၂၀၀၀ ကျော်အပြင် ရဲက ဖမ်းဝရမ်း ထုတ်လို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ အမျိုးသမီးအရေအတွက် ၇၀၀ ကျော်ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org