NCA အပစ်ရပ်ခုနစ်ဖွဲ့ စစ်ကောင်စီနဲ့ လျှို့ဝှက်ဆွေးနွေးဖို့ ကြိုးပမ်းနေ
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ထဲက ခုနစ်ဖွဲ့ဟာ စစ်ကောင်စီနဲ့ အလွတ်သဘောရော တရားဝင်ပါ ဆက်လက်ဆွေးနွေးဖို့ တိတ်တဆိတ် ကြိုးပမ်းနေပါတယ်။
-
RFA Burmese
2022-12-14 -
-
-
စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား နိုင်ငံတစ်ဝန်း တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ထဲက ခုနစ်ဖွဲ့ဟာ စစ်ကောင်စီနဲ့ အလွတ်သဘောရော တရားဝင်ပါ ဆက်လက်ဆွေးနွေးဖို့ တိတ်တဆိတ် ကြိုးပမ်းနေပါတယ်။
NCA ခုနစ်ဖွဲ့က စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိုနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ထံ ဒီဇင်ဘာ ၇ ရက် ရက်စွဲနဲ့ ပေးပို့တဲ့စာမှာ အခု ဒီဇင်ဘာလအတွင်း သုံးကြိမ်တိတိ တွေ့ဆုံနိုင်ဖို့ တင်ပြထားပါတယ်။
"တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ အဖြေရှာရမယ်ဆိုတာကို ရည်မှန်းချက် တစ်ခုပေါ့နော်"
NCA ခုနစ်ဖွဲ့က ကိုယ်စားလှယ်တစ်ဦးချင်းစီနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ ဒီဇင်ဘာ ၁၂ ရက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပထမအကြိမ်၊ ဒီဇင်ဘာ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ တောင်ကြီး ဒါမှမဟုတ် မော်လမြိုင်မြို့မှာ ကိုယ်စားလှယ်အပြည့်အစုံနဲ့ ဒုတိယအကြိမ်၊ ဒီဇင်ဘာ ၂၀ ရက်ကနေ ၂၁ ရက်နေ့အထိ ရန်ကုန်မြို့မှာ ပိုအရေးပါတဲ့ တတိယအကြိမ် ဆွေးနွေးပွဲတွေ လုပ်ချင်ကြောင်း ကမ်းလှမ်းထားတာပါ။
တစ်နိုင်ငံလုံး အခက်အခဲ အကျပ်အတည်းမျိုးစုံ ကြုံနေရတာ နှစ်နှစ်နီးပါးရှိပြီမို့ ငြိမ်းချမ်းရေး ဦးမော့ရှင်သန်လာအောင် တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းခဲ့တာလို့ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကရင်အမျိုးသား ငြိမ်းချမ်းရေးကောင်စီ (KNLA - PC) က ဗိုလ်မှူးကြီး စောကျော်ညွန့်က ရှင်းပြပါတယ်။
“တစ်နိုင်ငံလုံးရဲ့ ခြေအနေတွေ ပြန်ကြည့်လိုက်မယ်ဆိုရင် ကျနော်တို့ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ အခက်အခဲတွေက အချိန်ကာလအားဖြင့် နှစ်နှစ်နီးပါးအချိန်ကို ရောက်ရှိလာ နေပြီ။ အဲဒီလိုမျိုး အခက်အခဲ အကျပ်အတည်းကလည်း တဖြည်းဖြည်းလျော့ပါးပြီး ငြိမ်းချမ်းရေးအတွက် ဦးမော့လာတဲ့အခြေအနေကို မမြင်ရသေးဘဲနဲ့ အခက်အခဲ အကျပ်အတည်းတွေ ဆက်ပြီးရှင်သန်နေမှုအပေါ်မှာ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် (EAO) အဖွဲ့တွေ အနေနဲ့ကတော့ ဒါက နိုင်ငံရေးပြဿနာဖြစ်တယ်၊ တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ အဖြေရှာရမယ်ဆိုတာကို ရည်မှန်းချက် တစ်ခုပေါ့နော်။ သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု အခင်းအကျင်းကို မတက်လှမ်းနိုင်သေးခင် နောက်တစ်ခါကျရင် တစ်ဖွဲ့ချင်းစီ မဟုတ်ဘဲနဲ့ ခုနစ်ဖွဲ့က နေပြီးတော့ စုပေါင်းပြီးတော့ သွားရောက်တွေ့ဆုံဆွေးနွေးနိုင်အောင် စတင်ပြီး ချဉ်းကပ်တယ်။ အဆိုပြုတယ်။ ကမ်းလှမ်းတာပေါ့ဗျာ”
ဒီကမ်းလှမ်းချက်ကို စစ်ကောင်စီဘက်က တွေ့ဆုံဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုပြီး လက်မခံဘဲ ပယ်ချထားကြောင်း ဒီဇင်ဘာလ ၈ ရက်နေ့က တုံ့ပြန်အကြောင်းကြား လာတယ်လို့လည်း ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။
စစ်ကောင်စီနဲ့ ဆက်ဆွေးနွေးဖို့ ကြိုးပမ်းနေတဲ့ NCA ခုနစ်ဖွဲ့မှာ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသား ငြိမ်းချမ်းရေးကောင်စီ (KNLA - PC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ ပါဝင်ပါတယ်။
NCA ခုနစ်ဖွဲ့က အခုလို ကြိုးပမ်းနေချိန်မှာပဲ ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ KNU၊ KIO၊ KNPP နဲ့ CNF တို့သာမက အခုနောက်ပိုင်း ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းက ကိုးကန့် MNDAA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် (TNLA) တို့ဟာလည်း စစ်ကောင်စီတပ်နဲ့ နေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်နေပါတယ်။
ဒီလိုအခြေအနေမျိုးမှာ ငြိမ်းချမ်းရေးရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ ကြိုးပမ်းနေတာဟာ စိတ်ကူးယဉ်ကြိုးစားချက်သာဖြစ်တယ်လို့ ကရင် အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီးက ပြောပါတယ်။
“နည်းလမ်းပေါင်းစုံနဲ့ ကျနော်တို့ လုပ်မှသာလျှင် စစ်ကောင်စီက ပြုတ်ကျနိုင်မယ်လေ။ ကျနော်တို့မြင်တာ ဒါက ရှင်းရှင်းလေးပဲ။ စစ်ရေးအရ အရေးယူတာ လုံးဝမပါဘဲနဲ့တော့ ဒါက စိတ်ကူးယဉ်သက်သက်ပဲ။ အဲတော့ ကျနော်ပြောချင်တာ ထပ်ခါထပ်ခါ ကြိုးပမ်း လာတဲ့ အနေအထားက ဘာဖြစ်လာသလဲဆိုတော့ ဒါက လုံးဝမအောင်မြင်နိုင်တာ၊ မဖြစ်နိုင်တာကို စိတ်ကူးယဉ်သက်သက် လုပ်နေတာဖြစ်သလို အင်မတန် တန်ဖိုး ကြီးမားတဲ့ အရာတစ်ခု ရယူဖို့အတွက်လည်း လုံးဝအနာမခံချင်ဘဲနဲ့ ရယူလိုစိတ်နဲ့ စိတ်ကူးယဉ်တာပဲဖြစ်တယ်လို့ ပြောချင်တယ်။ အဲဒါကြောင့်မို့လို့ ဒါတွေက လုံးဝမဖြစ်နိုင်ဘူး”
စစ်ကောင်စီနဲ့ ဆက်ဆွေးနွေးဖို့ ကြိုးပမ်းနေတဲ့ အဖွဲ့တွေဟာ အခု ၂၀၂၂ ခုနှစ် အတွင်းမှာပဲ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နှစ်ကြိမ်စီ တွေ့ခဲ့ကြပြီးပါပြီ။
အဲဒီတွေ့ဆုံပွဲတွေမှာ မွန်ပြည်သစ်ပါတီက ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲခွင့် ရရှိခဲ့သလို ရှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ (RCSS) အဖွဲ့ကလည်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်တွေ ရရှိခဲ့ပါတယ်။
စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအင်စတီကျု ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ NCA ခုနစ်ဖွဲ့ရဲ့ ကမ်းလှမ်းချက်ကို စစ်ကောင်စီဘက်က ငြင်းပယ်လိုက်တဲ့အပေါ် ဘာမှမှတ်ချက်မပေးလိုပေမယ့် တိုင်းရင်းသားဒေသတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဟာ မဖြစ်မနေလိုအပ်တယ်လို့ RFA ကို ပြောပါတယ်။
“တိုက်ပွဲဖြစ်လို့ ဒေသခံပြည်သူတွေ အလုပ်ပျက်အကိုင်ပျက်ဖြစ်တယ်။ ဒေသ ငြိမ်းချမ်းရေး မရဘူး၊ ပြီးတော့ စီးပွားရေးပါ နိမ့်ကျသွားမယ်ဆိုရင် အဲဒီပြည်နယ်က သူတို့ လိုချင်တဲ့၊ သူတို့သွားချင်တဲ့ ပန်းတိုင်ကို ရောက်စရာအကြောင်းမရှိဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရချင်တယ်၊ ရဖို့အတွက် သူတို့ဆီမှာ အခြေခံ အဆောက်အအုံတွေ ရှိဖို့လိုတယ်။ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး အေးအေးချမ်းချမ်း စီးပွားရှာလို့ရတယ်။ အဲတော့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲက လိုကိုလိုအပ်တယ်”
NCA ခုနစ်ဖွဲ့ထဲက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးကတော့ စစ်ကောင်စီနဲ့ တိတ်တဆိတ် ဆက်ဆွေးနွေးဖို့ ကြိုးပမ်းနေတဲ့ အဖွဲ့တွေဟာ NCA ၁၀ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ရဲ့ သဘောတူဆုံးဖြတ် ချက်အရ လုပ်ဆောင်နေတာ မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌနဲ့ နေပြည်တော်မှာ တစ်ဖွဲ့ချင်းစီ လာတွေ့ခဲ့ကြစဉ်က သူတို့ မရရှိခဲ့တဲ့ လိုလားချက်တွေကို အခု ခုနစ်ဖွဲ့ပေါင်းပြီး စစ်ကောင်စီနဲ့ ထပ်ဆွေးနွေး၊ ထပ်တောင်းဆိုချင် တာကြောင့် အခုလို ကြိုးပမ်းနေတာလို့ သူက ဆိုပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဒီကြိုးပမ်းချက်တွေဟာ တစ်ဖွဲ့ချင်းစီရဲ့ စီးပွားရေး အကျိုးအမြတ်နဲ့ နိုင်ငံရေးအရအရေးပါမှု အခန်းကဏ္ဍကို မြှင့်တင်လိုချင်တဲ့ ဆန္ဒသက်သက်သာဖြစ်ပြီး ပြည်တွင်းစစ်ပြဿနာကို ဘာမှဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ မှတ်ချက်ပေးပါတယ်။
“အဲဒီခုနစ်ဖွဲ့က အဖွဲ့ငယ်တွေလည်းဖြစ်တယ်။ ဥပမာအားဖြင့် လားဟူအဖွဲ့လို အင်အားငယ်တဲ့ အဖွဲ့တွေလိုမျိုးပေါ့။ အလားတူ အင်အားကြီးမားတဲ့ အဖွဲ့တွေက NCA လက်မှတ်ထိုးထားတဲ့အထဲမှာ ပါကြသော်လည်းပဲ (NCA) ကို အကောင်အထည် မဖော် နိုင်ကြတော့ စစ်ကောင်စီနဲ့ အပြင်းအထန် တိုက်ပွဲဝင်နေတဲ့ အဖွဲ့ကြီးတွေလည်းရှိတယ်။ ကျန်တဲ့အဖွဲ့တွေကတော့ သူတို့က ရထားတဲ့ အခွင့်အရေးကို အသုံးချပြီးတော့ သူတို့ရဲ့ ဒေသဆိုင်ရာ အကျိုးစီးပွားနဲ့ သူတို့ရဲ့အခန်းကဏ္ဍကို နိုင်ငံရေးအရ မြှင့်တင်နိုင်ဖို့ စစ်ကောင်စီနဲ့ ပူးပေါင်းဖို့ ကြိုးပမ်းနေတဲ့သဘောပါ။ ဗမာပြည်ရဲ့ ပြည်တွင်းစစ်ပြဿနာ ကို ဘာမှဖြေရှင်းနိုင်မှာ မဟုတ်ဘူး”
လက်ရှိ တိုင်းပြည်မှာ နိုင်ငံရေးလမ်းကြောင်း ပိတ်နေပြီး တစ်နိုင်ငံလုံးနီးပါး လက်နက်ကိုင် လမ်းစဉ်ကို ပါဝင်လာကြပေမယ့်လည်း တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ကိုသာ ဆက်လက် ကိုင်စွဲထားချင်တာကြောင့် NCA ခုနစ်ဖွဲ့က ဆက်ဆွေးနွေးဖို့ ကြိုးပမ်းနေတာဖြစ်နိုင်တယ် လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။
“အခုက နိုင်ငံရေးသဘောအရဆိုရင် လမ်းကြောင်းက မရှိသလို ပိတ်နေပြီ။ နိုင်ငံရေးနဲ့ အဖြေထွက်ဖို့ မရှိတော့ဘူး။ လက်နက်ကိုင်လမ်းစဉ်တွေ တစ်နိုင်ငံလုံးနီးပါး ပါဝင် လာကြတဲ့ အခြေအနေမျိုးမှာ နိုင်ငံရေးအရ အဖြေရှာဖို့လိုတယ်ဆိုတဲ့ ယူဆချက်ကို စဉ်းစားကြတဲ့ အဖွဲ့တွေတော့ ရှိနေနိုင်တယ်။ အဲဒီလိုမျိုး ရှိနေကြတဲ့အတွက်ကြောင့် လည်း အခု ဒီလိုမျိုး နိုင်ငံရေးအရ ကြိုက်ကြိုက်၊ မကြိုက်ကြိုက်၊ ကောင်းခြင်း၊ မကောင်းခြင်းတွေမှာ ကိုယ့်ရဲ့စိတ်ခံစားမှုကို ဘေးဖယ်ထားပြီးတော့ ဒီလိုမျိုး ကောင်းလာနိုင်တဲ့ အခြေအနေမျိုး ဘာတွေရှိနိုင်မလဲဆိုတဲ့ စဉ်းစားတဲ့အဖွဲ့တွေ ရှိနေတယ်လို့ပဲ ယူဆလို့ရတယ်”
အခု ဆက်ဆွေးနွေးဖို့ ကြိုးပမ်းနေတဲ့အဖွဲ့တွေဟာ စစ်ကောင်စီရဲ့ ၂၀၂၃ - ရွေးကောက်ပွဲမှာ ပါဝင်ဖို့ ရည်မှန်းထားတာမျိုးလည်း ဖြစ်နိုင်ပါတယ်လို့ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဖြည့်စွက်ပြောဆိုပါတယ်။
အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ၊ ကရင်အမျိုးသား ငြိမ်းချမ်းရေးကောင်စီ (KNLA - PC) က ဗိုလ်မှူးကြီး စောကျော်ညွန့်ကတော့ သူတို့အနေနဲ့ ရွေးကောက်ပွဲတွေကတစ်ဆင့် နိုင်ငံရေးလောကထဲ ပြန်ဝင်ဖို့မရှိဘူးလို့ ပြောပါတယ်။
၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီး ဖွဲစည်းလိုက်တဲ့ စစ်ကောင်စီအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် ကြွေးကြော်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို သူကိုယ်တိုင်တွေ့ဆုံဆွေးနွေးဖို့ ဧပြီ ၂၂ ရက်နေ့က စတင်ကမ်းလှမ်းခဲ့တာပါ။
အဲဒီကမ်းလှမ်းချက်ကို မွန်ပြည်သစ်ပါတီနဲ့ RCSS အပါအဝင် NCA ခုနစ်ဖွဲ့နဲ့ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) အပါအဝင် NCA မထိုးရသေးတဲ့ သုံးဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့က လက်ခံခဲ့တာပါ။ အဲဒီ့နောက် ၂၀၂၂ ခုနှစ် မေလကစလို့ နေပြည်တော်မှာ နှစ်ကြိမ်စီ အဖွဲ့လိုက် လာရောက်ဆွေးနွေးခဲ့ပါတယ်။
NCA ၁၀ ဖွဲ့ထဲက ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ကတော့ စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်ကို လက်မခံဘဲ ပယ်ချထားပါတယ်။