NCA အနှစ်သာရကို ဖျက်ဆီးပြီး ငြိမ်းချမ်းရေးဖိတ်ခေါ်မှု KNU နဲ့ KNPP လက်မခံ

လက်ရှိမှာ စစ်ကောင်စီက KNPP အဖွဲ့တွေရှိနေတဲ့ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်းကို တပ်ရင်း ၄၀ ကျော်နဲ့ ထိုးစစ်ဆင်နေတယ်လို့လည်း ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့စဉ်။ Myanmar Military

NCA အနှစ်သာရကို ဖျက်ဆီးပြီးမှ ငြိမ်းချမ်းရေး ဖိတ်ခေါ်နေတဲ့ စစ်ကောင်စီနဲ့ ဆက်ဆွေးနွေးစရာမလိုတော့ဘဲ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် အဆုံးထိ ဦးဆောင်တိုက်ပွဲဝင်သွားမယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) တာဝန်ရှိသူတွေက ပြောပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရှစ်နှစ်ပြည့် အခမ်းအနားနဲ့ပတ်သက်ပြီး RFA က ဆက်သွယ်မေးမြန်းစဉ် အဲဒီလိုပြောဆိုလိုက်တာပါ။ အဲဒီအခမ်းအနားကို အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခုနစ်ဖွဲ့နဲ့ နိုင်ငံတကာ သံတမန်အချို့ကို ဖိတ်ခေါ်ပြီး ပြုလုပ်ခဲ့တာပါ။

သံတမန်တွေထဲမှာ ထူးထူးခြားခြား မြောက်ကိုးရီးယား သံအမတ် Jong Ho Bom တက်ရောက်လာပြီး သူ့အမည်ကို စစ်ကောင်စီက ထိပ်ဆုံးကနေ ဖော်ပြထားပါတယ်။ သူနဲ့အတူ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ ဆော်ဒီအာရေဗျနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်တွေ တက်ရောက်ခဲ့ပါတယ်။ တရုတ်နိုင်ငံကတော့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်း (Deng Xijun) ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

“လူထုအကျိုးအတွက်မပါဘဲ နိုင်ငံတကာကိုလှည့်စားဖို့ သက်သက်သာဖြစ်တယ်”

စစ်ခေါင်းဆောင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဆီ လာခဲ့ဖို့ အဲဒီအခမ်းအနားကနေ ဖိတ်ခေါ်လိုက်တာပါ။

စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးစရာ ဘာမှမရှိတော့ဘဲ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် အဆုံးထိ တိုက်သွားမယ်လို့ ကရင် အမျိုးသား အစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒိုစောတောနီးက ပြောပါတယ်။

“သေချာတာတစ်ခုက အဲဒီငြိမ်းချမ်းရေးပွဲတွေကို ဟန်ပြလုပ်ရင်းနဲ့ နောက်ဆုံးကျတော့ သူတို့က မဖြစ်ဖြစ်တဲ့နည်းနဲ့ ရွေးကောက်ပွဲကို လုပ်တော့မှာ။ အဲဒီရွေးကောက်ပွဲသာလျှင် သူတို့အသက်ပဲ။ သူတို့က ထွက်ပေါက် ဒီတစ်ခုပဲရှိတော့တယ်။ အဲ့ဒါကြောင့် သူတို့က ဒါကို တဖြည်းဖြည်း ငြိမ်းချမ်းရေးဟန်ပြပြီး နောက်ဆုံးကျတော့ ရွေးကောက်ပွဲ မရမက လုပ်မယ်။ သူ အဲဒီလို ခြေလှမ်းလှမ်းမယ်ဆိုရင် လူထုက လုံးဝ ငုံ့ခံနေမှာ မဟုတ်ဘူး။ ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီအတိုင်း ထိုင်ကြည့်နေမှာမဟုတ်ဘူး။ ကျွန်တော်တို့က ဆန့်ကျင်သွားမယ်ဆိုတာ ပြောလည်း ပြောထားတယ်။ တကယ်လည်း လုပ်မှာပဲ”

ဆွေးနွေးပွဲတွေ ဖြစ်လာဖို့ဆိုရင် စစ်တပ်နိုင်ငံရေးက ထွက်ခွာပြီး အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ နေမယ်ဆိုတာကို ကတိပေးရမှာဖြစ်သလို ကျူးလွန်ထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို တာဝန်ခံရမယ်လို့လည်း ပဒိုစောတောနီးက ပြောပါတယ်။

စစ်ကောင်စီရဲ့ NCA နှစ်ပတ်လည် အခမ်းအနားကို NCA ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ထဲက ခုနစ်ဖွဲ့သာတက်ရောက်ပြီး KNU၊ CNF၊ ABSDF က ကိုယ်စားလှယ်တွေ မတက်ရောက်ခဲ့ပါဘူး။

နိုင်ငံတစ်ဝန်းမှာ ထိုးစစ်ဆင်နေပြီး တစ်ဖက်က ငြိမ်းချမ်းရေး ဖိတ်ခေါ်တဲ့ စစ်ကောင်စီဥက္ကဋ္ဌရဲ့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ငြိမ်းချမ်းရေးမူဝါဒကို အယုံအကြည် မရှိဘူးလို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က RFA ကို ပြောပါတယ်။

“သူတို့ပြောသလို ဒီနေ့ ငြိမ်းချမ်းရေးလိုချင်ရင် နိုင်ငံရေး စားပွဲခုံပေါ် လာရမယ်ဆိုတာက ဒါက တကယ့်နိုင်ငံရေး အဆုံးအဖြတ်လည်း မဟုတ်ဘူး။ ဒီနေ့ အခင်းအကျင်းက အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းလည်း မဖြစ်ဘူးဗျ။ ဆိုတော့ နိုင်ငံရေး ဆွေးနွေးပွဲ အခင်းအကျင်း ပုံသဏ္ဌာန်ကိုပြပြီးမှ နိုင်ငံတကာကို ကျွန်တော်တို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို လုပ်နေပါတယ်ဆိုပြီး နိုင်ငံတကာ ဖိအားတွေ လျော့ကျရုံလောက်လုပ်တဲ့ ဟန်ဆောင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို ကျွန်တော်တို့ တက်သွားမှာမဟုတ်ဘူး”

လက်ရှိမှာ စစ်ကောင်စီက KNPP အဖွဲ့တွေရှိနေတဲ့ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်းကို တပ်ရင်း ၄၀ ကျော်နဲ့ ထိုးစစ်ဆင်နေတယ်လို့လည်း ဦးအောင်ဆန်းမြင့်က ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြည်တွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေပြီး တစ်ဖက်က ငြိမ်းချမ်းရေး ဖိတ်ခေါ်နေတာဟာ နိုင်ငံတကာကို လှည့်စားဖို့ သက်သက်သာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ လက်ရှိမှာ စစ်ကောင်စီနဲ့ ဆွေးနွေးတာဟာ တိုင်းပြည်ရဲ့ အခြေအနေကို ပိုပြီးဆိုးဝါးစေလိမ့်မယ်လို့ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ကလည်း ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။ NCA စာချုပ် ပျက်ပြယ်သွားပြီလို့လည်း အဲဒီအဖွဲ့တွေက ဆိုပါတယ်။

စစ်ကောင်စီနဲ့ စေ့စပ်ဆွေးနွေးနေတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) နဲ့ အပစ်ရပ်အဖွဲ့တွေရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး စောကျော်ညွန့်ကတော့ လက်ရှိအချိန်မှာ NCA အလုပ်မဖြစ်တာ မှန်ပေမယ့် စာချုပ်ဟာ ဆက်လက်တည်ရှိနေတယ်လို့ ပြောပါတယ်။

“တစ်ခုက လူတွေကို ညာမယ်၊ ဖြားယောင်းမယ်။ နောက်တစ်ခုက အကြမ်းဖက်မယ်။ ခုတစ်လော ထူးခြားတာက ဒါကို တစ်ပြိုင်နက်တည်း သုံးနေတာပါ”

ဝေဖန်မှုတွေကြားကပဲ စစ်ကောင်စီနဲ့ ဆက်ဆွေးနွေးနေတာဟာ လက်ရှိနိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ဖြစ်တယ်လို့ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။

“ဒီအချိန်ကတော့ ရှင်းပါတယ်။ NCA မှာပါတဲ့ သဘောတူညီချက်တွေ ကျွန်တော်တို့ ဘာမှမလုပ်နိုင်ပါဘူး။ မလုပ်နိုင်ခဲ့တာလည်း ကြာပါပြီ။ နှစ်နှစ်ကျော် သုံးနှစ်ရှိပါပြီ။ ကျွန်တော်တို့အနေနဲ့ကလည်း လက်ရှိအချိန်အထိ လုပ်နေတဲ့တွေ့ဆုံဆွေးနွေးမှုတွေ ဘာတွေက ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေး အခက်အခဲတွေ၊ အကျပ်အတည်းတွေ၊ ပစ်ခတ်တိုက်ခိုက်မှု မီးရှို့သတ်ဖြတ်မှုတွေ၊ အဲ့ဒီဟာတွေကို ကျော်လွှားချင်တယ်၊ လျှော့ချချင်တယ်ဆိုတာ ကျွန်တော်တို့ရဲ့ အဓိက အာသီသဖြစ်ပါတယ်”

ဆွေးနွေးမှုတွေ မထိရောက်တာကြောင့် ပြစ်တင်ဝေဖန်နေကြတာကိုလည်း နားလည်တယ်လို့ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။

NCA နဲ့ပတ်သက်တဲ့ ပြောဆိုချက်တွေအပေါ် အမြင်သဘောထား သိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်ပြီး တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးတာဟာ ရွေးကောက်ပွဲကျင်းပရေး အပါအဝင် စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ငါးရပ်ကို အကောင်အထည်ဖော်ဖို့ဖြစ်တယ်လို့ ပြောထားပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်ကျော်အတွင်း NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခုနစ်ဖွဲ့၊ NCA မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် သုံးဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့နဲ့ ဆွေးနွေးမှုပေါင်း ၉၈ ကြိမ် လုပ်ခဲ့တယ်လို့လည်း စစ်ကောင်စီဥက္ကဋ္ဌကပြောပါတယ်။

အဲ့ဒီဆွေးနွေးမှုတွေအရ ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်ရေး၊ ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းရေးဆိုတဲ့ ဘုံသဘောတူညီချက် လေးချက်ရရှိထားပြီလို့ အောက်တိုဘာလ ၁၅ ရက်မှာ စစ်ကောင်စီဥက္ကဋ္ဌက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့စဉ်။ (Photo: Myanmar Military)

ဒီပြောဆိုချက်တွေဟာ လူထုအကျိုးအတွက်မပါဘဲ နိုင်ငံတကာကိုလှည့်စားဖို့ သက်သက်သာဖြစ်တယ်လို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

“စစ်အာဏာရှင်တွေဟာ ငြိမ်းချမ်းရေးစကားနဲ့ ကစားတာဟာ အခုမှမဟုတ်ဘူး။ သူတို့ရဲ့ ပျက်နေတဲ့ပုံရိပ်ကို ပြန်ဆည်ဖို့လုပ်ခဲ့တာပဲ။ စစ်တပ်ဟာ ငြိမ်းချမ်းရေးနဲ့ အမြဲတမ်း ကစားနေကျ။ တကယ့်တကယ် ပြည်သူလူထုအကျိုးကို လိုလားတယ်ဆိုတဲ့သူတွေ အားလုံးဟာ သူ (စစ်ကောင်စီ) ပြောတဲ့ ငြိမ်းချမ်းရေး၊ သူပြောတဲ့ ရွေးကောက်ပွဲ ဘာမှမယုံပါနဲ့လို့ ကျွန်မ ပြောချင်တယ်။ စစ်ကောင်စီက လုပ်မယ့်ဟာက နှစ်ခုပဲ ရှိတယ်။ တစ်ခုက လူတွေကို ညာမယ်၊ ဖြားယောင်းမယ်။ နောက်တစ်ခုက အကြမ်းဖက်မယ်။ ခုတစ်လော ထူးခြားတာက ဒါကို တစ်ပြိုင်နက်တည်း သုံးနေတာပါ”

လက်တွေ့မှာတော့ စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်း စစ်ဆင်ရေးတွေလုပ်နေပြီး အထူးသဖြင့် ဆွေးနွေးမှုကို လက်မခံတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ကိုးကန့်အဖွဲ့ (MNDAA) တို့ကို အင်အားသုံး ထိုးစစ်ဆင်နေပါတယ်။

စစ်ကောင်စီက တိုင်းရင်းသား လက်နက်ကိုင်အားလုံးကို NCA ရှစ်နှစ်ပြည့် အခမ်းအနားတက်ဖို့ တစ်ဖွဲ့ချင်းစီ ဖိတ်ကြားခဲ့ပေမယ့် စစ်ကောင်စီရဲ့ ဆွေးနွေးဖက် NCA ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခုနစ်ဖွဲ့က ကိုယ်စားလှယ်တွေသာ တက်ရောက်ခဲ့ပါတယ်။ KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး တက်ရောက်ခဲ့ပေမယ့် ဒါဟာ KNU ရဲ့ သဘောထား မပါဘူးလို့ KNU က ထုတ်ပြန်ထားပါတယ်။

အလားတူ ABSDF ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းနဲ့ အဖွဲ့ဝင်နှစ်ဦး တက်ရောက်ခဲ့ပေမယ့် ဒါဟာ အဖွဲ့အစည်းရဲ့ သဘောထားကို ဆန့်ကျင်တာကြောင့် တက်ရောက်သူ သုံးဦးစလုံးကို နိုင်ငံရေး၊ စစ်ရေးတာဝန်တွေကနေ ရပ်စဲကြောင်း ABSDF က အောက်တိုဘာ ၁၆ ရက် မနေ့က ထုတ်ပြန်ကြေညာထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org