မြဝတီမှာ တိုက်ပွဲပြင်းထန်ပြီး ဒေသခံလေးထောင်နီးပါး ထွက်ပြေးရ
မြဝတီမြို့နယ် ထိုင်းနိုင်ငံဘက်ကိုကူးတဲ့ အမှတ် (၂) တံတားအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲနေတာကြောင့် ဒေသခံ လေးထောင်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
-
RFA Burmese
2024-04-20 -
-
-
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ထိုင်းနိုင်ငံဘက်ကိုကူးတဲ့ အမှတ် (၂) တံတားအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲနေတာကြောင့် ဒေသခံ လေးထောင်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။
အမှတ် (၂) တံတားအနီးက မွေးမြိူရေးဇုန်ရပ်ကွက်၊ စိုက်ပျိုးရေးဇုန်ရပ်ကွက်၊ ရေပူကျေးရွာနဲ့ မြေနီကုန်းရပ်ကွက်က ဒေသခံတွေအပြင် မြဝတီမြို့ပေါ် ရပ်ကွက်တချို့က ဒေသခံတွေပါ ထွက်ပြေးနေရတာပါ။
ခလရ (၂၇၅) တပ်ရင်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၅၀ နီးပါး ခိုလှုံနေတဲ့ အဲဒီတံတားနေရာကို KNLA နဲ့ ပူးပေါင်းအဖွဲ့တွေ ဧပြီလ ၁၉ ရက် ညပိုင်းကစပြီး ဒရုန်းဗုံးတွေနဲ့ စတင်တိုက်ခိုက်ခဲ့ပါတယ်။
ဧပြီလ ၂၀ ရက် ဒီနေ့မနက်မှာလည်း တိုက်ပွဲ ဆက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က Y-12 ထောက်ပို့လေယာဥ်၊ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဥ်နဲ့ ဗုံးကြဲနေတယ်လို့ မဲဆောက်ရောက် မြန်မာတစ်ဦးက RFA ကို ပြောပါတယ်။
“Y-12 ကတော့ ဆယ်မိနစ်တစ်ခါလောက် ပတ်ပြီးတော့ ဗုံးတွေကြဲတယ်။ တစ်ခါကြဲရင် နှစ်လုံးသုံးလုံး ပစ်ပစ်ချသွားတယ်။ ပြီးရင် ပြန်ပတ်တယ်။ လောလောဆယ် စစ်ဘေးဒုက္ခသည် လူဦးရေက လေးထောင်ကျော်ရှိနေပြီ။ စက်သေနတ်တွေနဲ့ ပစ်တာတွေလည်း ရှိတယ်။ ကျည်ဆန်တွေက ထိုင်းဘက်ကိုပါ ရောက်တယ်။ ကျွန်တော်ဘေးနားက နှစ်ခါဖြတ်သွားတာ တွေ့လိုက်တယ်”
ဒေသခံတွေဟာ ထိုင်း-မြန်မာ နယ်စပ်ဂိတ်တွေဖြစ်တဲ့ အမှတ် (၁၀)၊ အမှတ် (၁၁)၊ အမှတ် (၁၂)နဲ့ အမှတ် (၁၃) ဂိတ်ပေါက်တို့မှာ ထိုင်းဘက်ကို ဝင်ရောက်ခွင့်ရဖို့ စောင့်ဆိုင်းနေကြတယ်လို့ ဆိုပါတယ်။
မဲဆောက်ဘက်ကနေ မိသားစုကိုစောင့်နေတဲ့ အမျိုးသမီးတစ်ဦးကလည်း မြန်မာဘက်ခြမ်းက မိခင်ကိုတွေ့နေရပေမယ့် ထိုင်းအာဏာပိုင်တွေ ဝင်ခွင်မပေးသေးလို့ မရောက်လာသေးဘူးလို့ RFA ကို ပြောပါတယ်။
“အမေကို လာစောင့်နေတာပါ။ မနက်ကတည်းက ကူးလာမယ်ဆို ကူးလို့မရဘူး။ ပိတ်မိနေတယ်။ အမေက ဟိုနေရာလေးမှာ ထိုင်နေတယ်။ အမေနဲ့ အစ်ကိုနဲ့ မောင်လေးနဲ့ သုံးယောက်ကျန်နေတယ် ဟိုဘက်မှာ။ ပြောတာတော့ ရှစ်နာရီ ရှစ်နာရီခွဲလောက် ညဘက်ဆိုရင် ပေးကူးလောက်မယ်တဲ့။ မနက်တုန်းက တံတား (၂) က ကူးသွားတာ ၁၂၀၀ လောက်ရှိတယ်”
ဒီနေ့ညနေ လေးနာရီခန့်မှာတော့ မြဝတီဘက်အခြမ်းက ဒေသခံ နှစ်ရာကျော်လောက် ထိုင်းဘက်အခြမ်းကို ဝင်ရောက်လာပြီး ထိုင်းစစ်တပ်က အကူအညီပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမှတ် (၂) တံတားအောက်မှာ ခိုလှုံနေကြတဲ့ စစ်ကောင်စီတပ်သားတွေလည်း နယ်စပ်တစ်လျှောက်ကနေ သောင်ရင်းမြစ်ကိုဖြတ်ပြီး ထွက်ပြေးသွားကြတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။
ဒီအပေါ် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို အသေးစိတ်သိရဖို့ ကရင် အမျိုးသား အစည်းအရုံး (KNU) ဗဟိုတာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
မြဝတီမြို့ခံတစ်ဦးကတော့ လေကြောင်းတိုက်ခိုက်မှု ရှိနေပေမယ့် အမှတ် (၂) တံတားကို (KNLA) နဲ့ (PDF) ပူးပေါင်းတပ်အဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ RFA ကို ပြောပါတယ်။
“သိမ်းလိုက်ပြီ တံတား (၂) ကို သိမ်းလိုက်ပြီတဲ့။ အခုပဲ အဖွဲ့အစည်းက ဖုန်းဆက်လာတယ်။ လမ်းတော့ တချို့တစ်ဝက်က ဖွင့်ထားတယ်။ တစ်ခြမ်းပဲ ဖွင့်ထားတယ်။ သိမ်းလိုက်ပြီဆိုတော့ ရပ်ကွက်ထဲ ပြေးဝင်တာတော့ မဟုတ်ဘူး။ သူတို့ကို အခုပဲ မေးလိုက်တာ၊ အသေအပျောက်စာရင်း သိရလားဆိုတော့ အတိအကျ မသိသေးဘူးတဲ့။ အခုပဲ သိမ်းတယ်တဲ့”
ကရင် အမျိုးသား အစည်းအရုံး (KNLA) မဟာမိတ်စစ်ကြောင်း တာဝန်ရှိသူတစ်ဦးကတော့ အမှတ် (၂) တံတားကို နယ်မြေရှင်းလင်းရေးတွေလုပ်ပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ RFA ကို ပြောပါတယ်။
“နောက်ဆုံးတော့ အမှတ် (၂) တံတားထိပ်ကို ကျွန်တော်တို့ KNLA ပူးပေါင်းတပ်ရင်းတွေက ဝင်သိမ်းနေတယ်။ ၉ နာရီ ၁၅ မိနစ်လောက်မှာ သိမ်းလို့ရတယ်။ အခုရေပူဘက်ကို ထပ်ပြီးတော့ ရှင်းနေတယ်။ ကျွန်တော်ထင်တာ (၃) တံတားအနောက်ကို ကြဲနေတယ်။ ဒီတံတားနားတော့ ကြဲလို့မရဘူး။ တချို့ကျတော့ အမှတ် (၁) တံတားကနေ ကူးလာကြတယ်။ တချို့ကျတော့ မင်းလက်ပံတို့ အင်ကြင်းမြိုင်တို့ကို ရှောင်ကြတယ်”
စစ်ကောင်စီဘက်ကလည်း မြဝတီမြို့ကိုပြန်ရဖို့ တင့်ကားတွေ ပါဝင်တဲ့စစ်ကြောင်းတွေနဲ့ စစ်ကူလာခဲ့ပေမယ့် ကော့ကရိတ်မြို့နယ်ထဲမှာ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ရှေ့မဆက်နိုင်ဖြစ်နေတယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မရှိသေးသလို စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံမဖြေဆိုပါဘူး။
တိုက်ပွဲကြောင့် ထိုင်းဘက်အခြမ်း နယ်စပ်တစ်လျှောက်မှာလည်း ထိုင်းစစ်တပ်က လုံခြုံရေးအင်အား တိုးချပြီး စစ်ရေးအသင့် ပြင်ထားတာ တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။