မြန်မာပြည်သူတွေ မျှော်လင့်ချက်နည်းပါးလာနေကြောင်း ကုလမဟာမင်းကြီး‌ပြော

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.03.06
မြန်မာပြည်သူတွေ မျှော်လင့်ချက်နည်းပါးလာနေကြောင်း ကုလမဟာမင်းကြီး‌ပြော ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာတွင် ၂ဝ၂၃ ခုနှစ် မတ် ၆ ရက်နေ့က ပြုလုပ်သည့် ၅၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံတက်ရောက်လာသော ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ဗော်လ်ကာ တာ့က် (Volker Türk)။
AFP

စစ်တပ်က အာဏာသိမ်းထားတာ နှစ်နှစ်ကျော်လာချိန်မှာ မြန်မာပြည်သူတွေအတွက် မျှော်လင့်ချက် နည်းပါးလာနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ဗော်လ်ကာ တာ့က် Volker Türk က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ မတ် ၆ ရက်က ပြုလုပ်တဲ့ ၅၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ ပြောကြားလိုက်ပါတယ်။

စစ်အုပ်ချုပ်ရေးကာလ သုံးနှစ်ထဲ ဝင်လာချိန်မှာ မြန်မာပြည်သူတွေဟာ ဆိုးဝါးပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်အာဏာပိုင်တွေဟာ ရာဇဝတ်မှု ကျူးလွန်ပေမယ့် အရေးယူမခံရမှုတွေ၊ များပြားလာနေတဲ့ လူသားချင်းစာနာမှုအကျပ်အတည်းနဲ့ စီးပွားရေးအကျပ်အတည်းတွေ ကြုံနေရပြီး စစ်ရေးပဋိပက္ခတိုက်ခိုက်မှုတွေလည်း နိုင်ငံအနှံ့ ပိုဆိုးလာနေတယ်လို့ ပြောပါတယ်။

လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးက လေ့လာစုံစမ်းမှုတွေအရ စစ်အုပ်ချုပ်ရေးဒုတိယနှစ်မှာ လေကြောင်းကနေ တိုက်ခိုက်မှု ၁၄၁ ရာခိုင်နှုန်းအထိ တိုးလာပြီး စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘုရားကျောင်းတွေ အပါအဝင် အရပ်ဘက် အဆောက်အဦတွေကို လက်နက်ကြီးနဲ့ပစ်ခတ်မှု ၁ဝဝ ရာခိုင်နှုန်း၊ စစ်ကောင်စီတပ်တွေက နိုင်ငံအနှံ့မှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးမှု ၃၈၀ ရာခိုင်နှုန်းနဲ့ ပျက်စီးဆုံးရှုံးတဲ့ နေအိမ်အရေအတွက် ၁၂ဝ၀ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ သူက ပြောသွားပါတယ်။

ဒီလို တိုက်ခိုက်မှုတွေဟာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့အုပ်စုတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်တဲ့အကြောင်း စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန်ကြေညာထားပေမယ့် လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးက လေ့လာစုံစမ်းချက်အရ တိုက်ခိုက်ခံရတဲ့နေရာတွေမှာ ဒီလိုအုပ်စုတွေ ခိုအောင်းနေတာမရှိတဲ့အကြောင်း မစ္စတာ ဗော်လ်ကာတာ့က်က ပြောသွားပါတယ်။

အထူးသဖြင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း မြောက်ပိုင်းတွေမှာ မြန်မာစစ်တပ်က တပ်သားတွေ တစ်ရွာပြီးတစ်ရွာ ဝင်ရောက်ပြီး အရပ်သားပြည်သူတွေရဲ့နေအိမ်တွေ၊ လယ်မြေတွေက ပိုင်ဆိုင်မှုပစ္စည်းတွေ ခိုးယူဖျက်ဆီးပြီး မီးရှို့ပစ်ခဲ့တဲ့ ဖြစ်ရပ်တွေ နေ့တိုင်းလိုလို သတင်းရရှိနေတဲ့အကြောင်း၊ ထွက်မပြေးနိုင်တဲ့ အရပ်သား ပြည်သူတွေဟာ မီးရှို့သတ်ဖြတ်ခံနေရပြီး ထွက်ပြေးလွတ်မြောက်သွားသူတွေဟာလည်း စစ်ပြေးဒုက္ခသည်တွေ အဖြစ် နေထိုင်ကြရတဲ့အကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း အရပ်သားပြည်သူ အသက်သေဆုံးမှု ၂၉၄၇ ရှိခဲ့ပြီး အများစုက အာဏာပိုင်တွေ ဖမ်းဆီးထားချိန်မှာ သေဆုံးခဲ့တဲ့အကြောင်း၊ ဒါ့အပြင် စစ်တပ်က ဖမ်းဆီးထားတဲ့သူတွေကို တရားစီရင်ရေး စံနှုန်းတွေနဲ့ လုံးဝမကိုက်ညီတဲ့ စစ်ခုံရုံးတွေမှာ အမိန့်ချမှတ်အပြစ်ပေးနေပြီး သေဒဏ်တွေအတွက်တောင် အယူခံဝင်ခွင့် မရှိတဲ့အကြောင်းလည်း သူက ပြောသွားပါတယ်။

အခုလို မြန်မာစစ်တပ်ကနေ ဆက်လက်ပြီး လူ့အသက်တွေကို အလေးအနက်မထားမှု၊ ဂရုမစိုက်မှုတွေဟာ လူသားထု တစ်ရပ်လုံးကို မထီမဲ့မြင်ပြုမူနေတာ ဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက ပြောပါတယ်။

UN.jpg
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာတွင် ၂ဝ၂၃ ခုနှစ် မတ် ၆ ရက်နေ့က ပြုလုပ်သည့် ၅၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံတက်ရောက်လာသော ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ဗော်လ်ကာ တာ့က် (Volker Türk)။ (Photo: AFP)

၂၀၁၇ခုနှစ်ကတည်းက မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေအနေနဲ့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆင်းရဲဒုက္ခ အမျိုးမျိုး ကြုံနေကြရပြီး နေရပ်ပြန်နိုင်တဲ့အခြေအနေ မရှိတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့သူတွေကို လက်ခံထားတဲ့ နိုင်ငံတွေအနေနဲ့ ဆက်လက်ပြီး အကူအညီပေးကြဖို့ လည်း ပြောသွားပါတယ်။

လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေကို နယ်စပ်ဖြတ်ကျော်ပေးပို့တာအပါအဝင် ပြည်သူတွေဆီကို တိုက်ရိုက်ပေးပို့ကြဖို့နဲ့ မြန်မာနိုင်ငံက ပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့အတွက် မြန်မာပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားပြုတဲ့ ကိုယ်စာလှယ်တွေနဲ့တွေ့ဆုံဆွေးနွေးပြီး ကြဖို့လည်း တိုက်တွန်းသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။