မြန်မာ့ခရီးသွားလုပ်ငန်းကို တရုတ်ဧည့်သည်တွေနဲ့ မြှင့်တင်ဖို့ စစ်ကောင်စီ ကြိုးပမ်းနေ

စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း သိသိသာသာကျဆင်းနေတဲ့ ခရီးသွားကဏ္ဍကို တရုတ်ဧည့်သည်တွေနဲ့ ပြန်လည်မြှင့်တင်နိုင်ဖို့ စစ်ကောင်စီက ကြိုးစားနေပါတယ်။

မြန်မာ - တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရင်နှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ် (Familiarization Trip– FAM Trip) တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၄ ခုနှစ်၊ မေလ ၁၀ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ရစဉ်။ Ministry of Hotels and Tourism

စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း သိသိသာသာကျဆင်းနေတဲ့ ခရီးသွားကဏ္ဍကို တရုတ်ဧည့်သည်တွေနဲ့ ပြန်လည်မြှင့်တင်နိုင်ဖို့ စစ်ကောင်စီက ကြိုးစားနေပါတယ်။

ပြီးခဲ့တဲ့မေလထဲမှာ တရုတ်နိုင်ငံက ခရီးသွားလုပ်ငန်း အေဂျင်စီတွေရော၊ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့ လူပုဂ္ဂိုလ် လေးဆယ်ကျော်ကိုပါ ဖိတ်ခေါပြီး ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပုဂံနဲ့ ငွေဆောင်တို့ကို လိုက်ပြခဲ့တာပါ။

"မြန်မာနိုင်ငံဟာ အခုအခြေအနေအရ လာလည့်သင့်တဲ့ နေရာမဟုတ်သေးဘူးလို့ ပြောကြတယ်"

ဒါပေမဲ့ လုံခြုံမှုမရှိတဲ့နိုင်ငံကို ဘယ်သူမှ လာလည်မှာမဟုတ်ဘူးလို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းရှင် တစ်ယောက်က RFA ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ခရီးသွားလုပ်ငန်းအပေါ် ကုစားမှုတွေ လုပ်ပေးနေတာ တွေ့ရပါတယ်။ ဒါပေမဲ့ အကျိုး သက်ရောက်မှုတွေရှိလာမှာ မဟုတ်ဘူး။ ဒီလေးနှစ်တာအတွင်းမှာ ခရီးသွားလုပ်ငန်းက သုံးစားလို့မရအောင် ပျက်စီးသွားပြီ။ မီးမမှန်လို့ ပိတ်လိုက်ရတဲ့ ဟိုတယ်တွေ၊ တိုက်ပွဲတွေကြောင့် ရပ်တန့်ထားရတဲ့ ဟိုတယ်တွေရှိတယ်။ ဆိုတော့ ဒီလိုအောက်ခြေမှာ ဖြစ်ပျက်နေတာတွေကို အရင်မကုစားဘဲ ဧည့်သည်ကိုခေါ်နေလည်း ဘယ်သူမှ လာမှာမှ မဟုတ်တာ၊ တရုတ်ခရီးသည်တွေက လည်တာမှ သူတို့အတွက် လုံခြုံမှုမရှိတဲ့နေရာကို ဘာလို့အသေခံပြီး လာကြမလဲ"

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ထားတဲ့ ရှေးဟောင်းပုဂံဒေသကိုတောင် ပြည်ပခရီးသည်တွေ မလာတော့ဘူးလို့ ဧည့်လမ်းညွှန်တစ်ယောက်က ပြောပါတယ်။

"အာဏာသိမ်းပြီးနောက်ပိုင်း ပုဂံမှာ နိုင်ငံခြားသားဆိုရင် အရုပ်ရေးပြမှပဲ ရတော့မယ်။ တွေ့ကို မတွေ့တော့တာ။ ဆိုတော့ ကျွန်တော့် ဧည့်သည်တွေက စပိန်ကနေ အီးမေးလ်လှမ်းပို့တယ်။ သူတို့ လာလည်ချင်ပါတယ်။ ပုဂံကို သတိလည်းရတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဟာ အခုအခြေအနေအရ လာလည့်သင့်တဲ့ နေရာမဟုတ်သေးဘူးလို့ ပြောကြတယ်"

စစ်ကောင်စီက တရုတ်ဧည့်သည်တွေ လာအောင်စည်းရုံးနေတာလည်း အောင်မြင်မှာ မဟုတ်ဘူးလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းရှင်တစ်ယောက်က သုံးသပ်ပါတယ်။

"အောင်မြင်မှု ရနိုင်မလားလို့မေးရင် အောင်မြင်မှုက လုံးဝမရနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုရင် တစ်ဖက်လူက သူ့အကျိုးစီးပွားကို ကြည့်ပြီးမှ လာတာ။ မြန်မာနိုင်ငံရဲ့ ပထဝီအနေအထားအခြေအနေအရ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတာလည်း သူတို့ သုံးသပ်ပြီးသား၊ ထို့အတွက်ကြောင့်မို့ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် စစ်ကောင်စီသည် အခွင့်အရေးတွေ အများကြီးပေးလည်း သူရရှိနိုင်မယ့် အကျိုးအမြတ်နဲ့ သူတို့လုပ်ရမယ့်
လုပ်ငန်းစဉ်က အဆင်မပြေရင် အကုန်လုံးကတော့ လာသာလာသွားတယ်။ သွားသာ သွားကြတယ်။ အကုန်လုံးက အဆင်မပြေဘူးလို့ပဲ မြင်ပါတယ်"

ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံကို ကမ္ဘာ့လှည့်ခရီးသည် ၄ ဒသမ ၃၆ သန်း ဝင်ရောက်ခဲ့တယ်လို့ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ရဲ့ စာရင်းတွေမှာဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ထုတ်ပြန်တဲ့စာရင်းတွေမှာ ၂၀၂၁ ခုနှစ်မှာ တစ်သိန်းသုံးသောင်း၊ ၂၀၂၂ ခုနှစ်မှာ နှစ်သိန်းသုံးသောင်းနဲ့ ၂၀၂၃ ခုနှစ်မှာ ၁ ဒသမ ၂၈ သန်းအထိ ပြည်ပဧည့်သည် ဝင်ရောက်ခဲ့တယ်လို့ ဖော်ပြထားတဲ့အတွက် တစ်နှစ်ထက်တစ် နှစ်ပိုများလာတာ တွေ့ရပါတယ်။

ဒါကြောင့် ၂၀၂၃ ခုနှစ်မှာ ပြည်ပဧည့်သည် တစ်သန်းကျော် ဝင်ခဲ့တယ်ဆိုတာနဲ့ပတ်သက်လို့ ခရီးသွား အေဂျင်စီတွေ၊ ဧည့်လမ်းညွှန်တွေကို မေးကြည့်တဲ့အခါ ပြည်ပကနေ မြန်မာနိုင်ငံကို အကြောင်းတစ်ခုခုကြောင့် မဖြစ်မနေလာဖို့ရှိတဲ့သူတွေက Tourist Visa နဲ့ဝင်တာဟာ တခြား Visa တွေထက် ပြည်ဝင်ခွင့်ရဖို့ ပိုလွယ်တာကြောင့် ဒီဗီဇာအမျိုးအစားကို ပိုပြီးအသုံးပြုကြတာလို့ ပြောကြပါတယ်။

မြန်မာ - တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရင်နှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ် (Familiarization Trip– FAM Trip) တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၄ ခုနှစ်၊ မေလ ၁၀ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ရစဉ်။ (Photo: Ministry of Hotels and Tourism)

ဒါပေမဲ့ မြန်မာပြည်ကို ဘယ်လိုလာလာ နိုင်ငံအတွက်ဝင်ငွေရတယ်လို့ မြန်မာနိုင်ငံ ဟိုတယ်နဲ့ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့ အမည်မဖော်လိုတဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“အဓိကကတော့ ဘယ်သူပဲလာလာ နိုင်ငံတော်က ဝင်ငွေရတာပေါ့၊ ကိုဗစ်ထက်တော့ တော်တော်လေး တက်လာပြီပေါ့၊ ကိုဗစ်တုန်းကတော့ ဧည့်သည်မလာဘူး၊ အခုက ကိုဗစ်က ကြောက်စရာ မလိုတော့ဘူးဆိုတော့ Tourism ကတော့ ပြန်ကောင်းလာတယ်။ ဧည့်သည်ကတော့ သူ့ဟာနဲ့သူ ပြန်ဝင်နေတာပဲ”

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ တရုတ်ခရီးသွားတွေအပြင် ရုရှားနဲ့ အိန္ဒိယနိုင်ငံသား ခရီးသွားတွေလာအောင် ကြိုးစားနေသလို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့မှာလည်း ရန်ကုန်နဲ့ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ရုရှားနိုင်ငံ နိုဗိုဆီဗရစ်မြို့ကို တိုက်ရိုက်လေ ကြောင်းပျံသန်းမှု စတင်ကြောင်း ကြေညာခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ မတ်လအထိ မြန်မာနိုင်ငံကို နိုင်ငံခြားသားခရီးသည် သုံးသိန်းခွဲ ဝင်ရောက်ခဲ့တယ်လို့ မေလ ၁၀ ရက်နေ့ထုတ် စစ်ကောင်စီအာဘော် သတင်းစာတွေကနေ ထုတ်ပြန်ထားပါတယ်။ အဲဒီသူတွေထဲမှာ တရုတ်နိုင်ငံက အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံက ဒုတိယဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org