အိန္ဒိယရောက် မြန်မာဒုက္ခသည်တွေ NUG ဆီက အထောက်အပံ့ မျှော်လင့်

အာဏာသိမ်း စစ်ကောင်စီနဲ့ ဒေသခံ လက်နက်ကိုင် တပ်ဖွဲ့တွေကြား တိုက်ပွဲ တွေကြောင့် ချင်းပြည်နယ်ကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေး နေရတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သောင်းလောက် ရှိနေပြီလို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်။

မြန်မာ-အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာဒုက္ခသည်များကို ၂၀၂၁ စက်တင်ဘာ ၂၃ ရက်နေ့က တွေ့ရစဉ် Photo: AFP

အာဏာသိမ်း စစ်ကောင်စီနဲ့ ဒေသခံ လက်နက်ကိုင် တပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်ကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သောင်းလောက် ရှိနေပြီလို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကစလို့ ချင်းပြည်ထဲမှာ ဒေသခံလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေ ပြင်းထန်လာခဲ့တာဖြစ်ပြီး ဒီနေ့ထိ ဆက်တိုက် ဖြစ်နေတာဖြစ်ပါတယ်။

စစ်ကောင်စီ တပ်တွေဟာ မင်းတပ်၊ ထန်တလန်၊ ဟားခါး၊ ဖလမ်း စတဲ့ မြို့တွေမှာ တပ်စွဲထားပြီး သေနတ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဟားခါးမြို့မှာ လနဲ့ချီပြီး ဗုံးတွေ သေနတ်တွေ ပစ်ခတ်နေတာ မခံနိုင်တော့လို့ နို့စို့အရွယ်ကလေးနဲ့အတူ မီဇိုရမ်ပြည်နယ်၊ သင်းဆိုင်ရွာ (Thingsai) ဆီ ထွက်ပြေးလာတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦးက RFA ကို အခုလို ရင်ဖွင့်ပြောပြပါတယ်။

“ကျွန်တော်တို့ မိသားစုဆိုရင် ဟားခါးမှာနေပြီး ကိုယ်ရပ်ကွက်မှာ ဗုံးသံတွေ၊ သေနတ်တွေ လနဲ့ချီပြီး ဖောက်တာ မခံနိုင်တော့လို့ နို့စို့ကလေးရှိတယ်လေ။ နို့စို့ကလေးရှိတဲ့အတွက် ဒီဘက်ကို ကားနဲ့ထွက်လာ တာ စိုးရိမ်တကြီးနဲ့ ရှိခဲ့တယ်ပေါ့နော်။ ကားခကတော့ ဆယ်သိန်းလောက်ကုန်တယ်။ ဘယ်သူမှ မသွားရဲ ကြဘူးလေ။ မီဇိုရမ်ဆိုတော့ ကိုယ့်အမျိုးတွေရှိတော့ ဒီတိုင်းပဲ ထွက်ပြေးလာပြီးတော့ ရဲနဲ့စစ်ဆေးရေး ဂိတ်လည်းရှိတော့ အဲဒီမှာသေချာရှင်းပြပြီးမှ သူတို့က လက်ခံတဲ့ သဘောမျိုးရှိတယ်ပေါ့ နော်”

မီဇိုရမ်ပြည်နယ်၊ သင်းဆိုင် (Thingsai) ရွာကို ထွက်ပြေးတိမ်းရှောင်လာသူ စုစုပေါင်း ၄၀၀ ဝန်းကျင်ရှိပါတယ်။ အဲဒီကိုရောက်ရင် ရွာကစာသင်ကျောင်းမှာ ကွာရန်တင်း ဆယ်ရက်ဝင်ပြီးမှ ရွာထဲမှာ ဝါးနဲ့ဆောက်ပေးထားတဲ့ ဒုက္ခသည်စခန်းမှာ နေထိုင်ကြရတယ်လို့ သူက ပြောပြပါတယ်။

တချို့ကတော့ ဒုက္ခသည်စခန်းမှာမနေဘဲ အပြင်မှာ ကိုယ့်ဟာကိုယ် အိမ်ငှားနေကြပါတယ်။

မီဇိုရမ်မှာ နေခွင့်ရတာဟာ အိန္ဒိယအစိုးရက တရားဝင် ဒုက္ခသည်အဖြစ် လက်ခံ ထားတာတော့ မဟုတ်ပါဘူး။ မီဇိုရမ်ပြည်နယ်က ဒေသခံတွေကပဲ လူသားချင်းစာနာ နားလည်မှုနဲ့ လက်ခံထားပြီး ကူညီပေးထားတာလို့ ဒုက္ခသည်တွေက ပြောပါတယ်။

မြန်မာပြည်ကနေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို လာရောက်ခိုလှုံသူ အများစုဟာ Champhai ခရိုင်၊ Hnahthial ခရိုင် တို့မှာနေကြတာဖြစ်ပါတယ်။

မီဇိုရမ်ပြည်နယ် တောင်ပိုင်း ဆေးဟား (Siaha) ရွာအနီးက ဆန်ဂို (Sango Camp) ဒုက္ခသည်စခန်း မှာတော့ စစ်ဘေးရှောင် ၈၀၀ နီးပါးရှိနေပါတယ်။

"လူတွေ တအားများပြီဆိုတော့ ဆန်တွေ တအားလိုအပ်တယ်။ ထမင်းချက်ဖို့က ဟင်းလည်းလိုပြီလေ"

ဆေးဟား (Siaha) ရွာမှာ ရပ်ကွက်လေးခုရှိပြီး စစ်ဘေးဒုက္ခသည်တွေ နေထိုင်ဖို့ စခန်းဆောက်လုပ် ပေးထား တယ်လို့ Sango Camp မှာ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့သူက ပြောပါတယ်။

ဒုက္ခသည်တွေက များများလာတဲ့အတွက် ရိက္ခာလိုအပ်ချက်ရှိနေပြီး ရာသီဥတု အေးလာတော့မှာမို့ စောင်နဲ့ အနွေးထည်တွေလည်း လိုအပ်တယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ အမည်မဖော်လိုသူ တစ်ယောက်က RFA ကို ပြောပါတယ်။

“လူတွေ တအားများပြီဆိုတော့ ဆန်တွေ တအားလိုအပ်တယ်။ ထမင်းချက်ဖို့က ဟင်းလည်းလိုပြီလေ ဥပမာ အာလူး၊ ပြောင်းတို့ အဲဒါတွေလည်း လိုတယ်။ အခုက နည်းနည်းချမ်းလာပြီဆိုတော့ စောင်တို့ အဲဒါတွေလည်း လိုတယ်။ အများအားဖြင့် အိန္ဒိယဘက်မှာဆိုတော့ နည်းနည်းသက်သာတယ် ”

စခန်းတွေမှာလည်း ဖျားနာသူတွေ ရှိနေသလို ဆေးဝါး အခက်အခဲလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို ရောက်လာသူတွေထဲမှာ စစ်ကောင်စီကို အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM လုပ်ထားကြတဲ့ ဝန်ထမ်းတွေလည်း ပါပါတယ်။

(မြန်မာ-အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်ထဲက မြန်မာဒုက္ခသည်စခန်းကို ၂၀၂၁ စက်တင်ဘာ ၂၃ ရက်နေ့က တွေ့ရစဉ်) Photo: AFP

CDM ဝန်ထမ်းတွေရော၊ ဒုက္ခသည်တွေကပါ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆီက ကူညီ စောင့်ရှောက်မှု တစ်စုံတစ်ရာ ရနိုင်ဖို့လည်း မျှော်လင့်နေကြတယ်လို့ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ဖူးတဲ့ ဆလိုင်းဒိုခါရ်က ပြောပါတယ်။

“ကိုယ်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်း အချင်းချင်း တက်နိုင်သလောက်ကူညီပေးပြီး ရတဲ့ဟာနဲ့ စားနေရတဲ့ အခြေအနေဖြစ်တယ်။ ရေရှည်ကြာလာရင် သူတို့အိမ်ငှားဖို့ အဆင်မပြေတော့ဘူး။ နောက်ပြီးကျတော့ တချို့ CDM တွေဆို ဒီဘက်မှာ CDM ကူညီရေးကော်မတီရှိတယ်။ သူတို့ဆီ တင်ပြရင်တော့ ကူညီတော့ ကူညီတယ်။ ဒါပေမဲ့ နေ့တိုင်း၊ လတိုင်း ကျွန်တော်တို့ အခက်အခဲ ရှိပါတယ်ဆိုပြီးတော့ သွားပြောနေတဲ့ ဟာမျိုး မဟုတ်ဘဲနဲ့ လစဉ်တက်နိုင်သလောက် ဘယ်လောက်ကူညီပေးနိုင်လဲဆိုတဲ့ အစီအစဉ်မျိုး လိုအပ်နေတဲ့ အခြေအနေမျိုးဖြစ်နေတယ်”

အိန္ဒိယနိုင်ငံရဲ့ အစိုးရက တရားဝင် လက်ခံထားတာမျိုး မဟုတ်တဲ့အတွက် နောင်တစ်ချိန်မှာ ဒီနိုင်ငံက တရားဝင် နိုင်ငံသားတွေနဲ့ ခွဲခြားဆက်ဆံခံရတာတွေလည်း ကြုံလာနိုင်တယ်လို့ ဆလိုင်းဒိုခါရ်က ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ မိုင် ၃၀၀ ကျော်ထိစပ်နေတဲ့ မီဇိုရမ်ပြည်နယ်က ပြည်နယ်ဝန်ကြီးချုပ် Zoramthanga ကတော့ မြန်မာပြည်က တိမ်းရှောင်လာသူတွေကို အကူအညီ ပေးဖို့အတွက် အသုံးစားရိတ် လျာထား ချက်ရှိတယ်လို့ ဇွန်လ ၁၅ ရက်နေ့က အိန္ဒိယမီဒီယာ NDTV သတင်းမှာ ဖော်ပြခဲ့ပါတယ်။

နောက်ပြီး မီဇိုရမ်ဒေသတွင်း မီဒီယာဖြစ်တဲ့ The Aizawl Post ရဲ့ သတင်းမှာလည်း မြန်မာပြည်က စစ်ဘေး ရှောင်လာတဲ့ ကလေးငယ် ၄၀၀ နီးပါးကို မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီးက ကျောင်းတက်ခွင့် ပေးလိုက် တယ်လို့ စက်တင်ဘာလက ဖော်ပြထားပါတယ်။

မီဇိုရမ်ပြည်နယ် ကျန်းမာရေးဝန်ကြီးကလည်း ရိက္ခာမပြတ်ရေး ကူညီမယ်လို့ စက်တင်ဘာလထဲမှာပဲ ဒေသတွင်း မီဒီယာမှာ ပြောဆိုထားပါတယ်။

ဒါပေမဲ့ မီဇိုရမ်ရောက် မြန်မာစစ်ဘေး ဒုက္ခသည်တွေကတော့ မြန်မာပြည်ဘက်က အကူအညီပေးတာမျိုး မရှိသေးတာကြောင့် တစ်စုံတစ်ရာ အထောက်အပံ့ရဖို့ မျှော်လင့်နေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org