နိုင်ငံတစ်ဝန်း ဒုက္ခသည်တွေ ရပ်တည်ရေး ပိုခက်ခဲလာ
နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့ကလွဲရင် ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေသလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြတာပါ။
-
RFA Burmese
2024-06-11 -
-
-
နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့ကလွဲရင် ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေသလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြတာပါ။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) စာရင်းတွေအရ တစ်နိုင်ငံလုံးမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် သုံးသန်းကျော်ရှိနေပြီး စစ်ကိုင်းတိုင်း တစ်ခုတည်းမှာတင် ၁ ဒသမ ၂ သန်း ရှိတယ်လို့ ဖော်ပြထားပါတယ်။
"အခုလောလောဆယ် ပြေးလွှားနေတဲ့ လူတွေကလည်း ဆန်ကိုပဲ အဓိကလိုက်ဝယ်ကြတာပေါ့"
ချင်း၊ မကွေးနဲ့ စစ်ကိုင်းတိုင်းတို့မှာ ဒုက္ခသည် တစ်သန်းခွဲနီးပါး၊ ကယား၊ ပဲခူး၊ ကရင်၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ မွန်ပြည်နယ်နဲ့ တနင်္သာရီ အရှေ့တောင်ပိုင်းတို့မှာ ကိုးသိန်းကျော်၊ ရခိုင်ပြည်နယ်မှာ သုံးသိန်းခွဲကျော် ရှိနေပါတယ်။ စစ်ပွဲတွေ ကျယ်ပြန့်လာပြီး စစ်ဘေးရှောင်ရတာ အချိန်ကြာလာတာနဲ့အမျှ ဒုက္ခသည်တွေ တိုးလာပြီး စားနပ်ရိက္ခာ အခက်အခဲနဲ့ နေထိုင်စရာ ပိုကျပ်တည်းလာကြတာပါ။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် မိုးရာသီဆိုရင် အလိုအပ်ဆုံးက အမိုးအကာတွေပဲလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“စားနပ်ရိက္ခာကတော့ ဆယ်နှစ့်ရာသီပတ်လုံး လိုအပ်နေတာပေါ့၊ အဓိကကတော့ မိုးရာသီဆိုရင် အများဆုံး လိုအပ်တာကတော့ အမိုးအကာတို့၊ နောက်ပြီးတော့ မိုးကာနဲ့ မိုးကာအင်္ကျီ အဲဒါတွေ လိုတယ်ဗျ”
စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ ဒီပဲယင်း၊ ဘုတလင်၊ ရွှေဘို၊ ရေဦးနဲ့ ခင်ဦးမြို့နယ်တို့မှာ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ရှစ်သောင်းနီးပါး မီးရှို့ခံထားရပါတယ်။ အဲဒီထဲက နေအိမ် ၁၂၀၀ ကျော်သာ ပြန်ဆောက်ပေးနိုင်သေးတယ်လို့ ဒီပဲယင်းစစ်ဘေးဒုက္ခသည် အရေးကူညီနေသူတွေက ပြောပါတယ်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာတော့ မိုးတွင်းကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် ဆန် အဓိက လိုအပ်နေတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ မင်းတပ်စစ်ဘေးဒုက္ခသည် တစ်ဦးက ပြောပါတယ်။
“အခု မိုးအရမ်းရွာတော့ ကားတွေသွားလို့ မရတဲ့အတွက် ဆန်စျေးနှုန်းတွေ ပိုပြီးမှ စျေးမြင့်လာတယ်။ အခုလောလောဆယ် ပြေးလွှားနေတဲ့ လူတွေကလည်း ဆန်ကိုပဲ အဓိကလိုက်ဝယ်ကြတာပေါ့။ ဆန်တွေကလည်း လိုသလောက် ဝယ်လို့မရ၊ ရတဲ့ဆန်ကျတော့လည်း စိုထိုင်းပြီး ပျက်စီးတာ များပါတယ်”
ချင်းပြည်နယ်မှာ ၁၆ ပြည် ဆန်တစ်တင်းကို နွေရာသီကာလမှာ ကျပ် လေးသောင်းခွဲကနေ ငါးသောင်းဝန်းကျင် စျေးရှိပြီး၊ အခုချိန်မှာ ခြောက်သောင်းခွဲကျော်ကနေ ခုနစ်သောင်းနီးပါးအထိ စျေးမြင့်တက်နေပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ ဇွန်လထုတ်ပြန်ချက်အရ ချင်းပြည်နယ်မှာ လူဦးရေ နှစ်သိန်းခွဲလောက်ဟာ စစ်ဘေးဒုက္ခသည်အဖြစ် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
ပြည်နယ်တစ်ခုလုံးနီးပါး စစ်ဘေးဒုက္ခသည်အဖြစ် ရပ်တည်နေရတဲ့ ကယားပြည်နယ်မှာလည်း မိုးရာသီဆိုရင် ရိက္ခာရှားပါးမှုက အကြီးမားဆုံး ပြဿနာတစ်ခုဖြစ်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။
“စစ်ဘေးရှောင်ကလည်း နှစ်နှစ်၊ သုံးနှစ် ဖြစ်သွားပြီပေါ့နော်၊ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့မှာ နေ့တဓူ၀ စားဖို့သောက်ဖို့ ဝယ်ခြမ်းဖို့အတွက်က ငွေကြေးက အလုပ်အကိုင်ပြဿနာ ဝင်ငွေပြဿနာ ဖြစ်နေတယ်။ အခြားတစ်ဖက်မှာ ကုန်စည်ရှားပါးမှုနဲ့ ကုန်စျေးနှုန်း အဆမတန် မြင့်မားမှုတွေက ပြည်နယ်ရဲ့ စစ်ဘေးရှောင်အတွက်ဖြစ်စေ စစ်ရဲ့ဆိုးကျိုး (Conflict Efftive) ပဋိပက္ခရဲ့ ဆိုးကျိုးကို ခံစားနေရတဲ့ လူထုတွေကတော့ တော်တော်ရုန်းရမှာ ဖြစ်ပါတယ်”
ကယားပြည်နယ်ဟာ စစ်ကောင်စီက ရိက္ခာသယ်ယူတဲ့ လမ်းကြောင်းတွေကို နည်းလမ်းပေါင်းစုံနဲ့ ဖြတ်တောက်ခံထားရတာလည်းဖြစ်ပါတယ်။ စစ်ဘေးဒုက္ခသည် စခန်းအများစုက တောတောင်တွေထဲမှာ တည်ဆောက်ထားတာကြောင့် မိုးတွင်းမှာ သောက်သုံးရေ အခက်အခဲအပြင် ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ သူက ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကတော့ မိသားစု တစ်စုချင်းစီကို အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်တွေ ထောက်ပံ့ပေးဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။
“အဓိကကတော့ မိသားတစ်စုချင်းစီတိုင်းကို ဆန်ဆီဆား စတဲ့ မီးဖိုချောင်သုံး အရေးကြီးတဲ့ စားကုန်တွေပေါ့ ဒါနဲ့ပတ်သက်ပြီးတော့ ထုတ်ပိုးတာတွေ ကျွန်တော်တို့ လုပ်တယ်။ ဒါတွေက်ို စနစ်တကျ စီစဉ်တယ်။ အဲဒီမှာမှ အမိုးအကာဖျင်တွေ၊ နောက်တစ်ခု အရေးကြီးတာက စောင်ကအစ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်အောင် စုစည်းချိတ်ဆက် ဆောင်ရွက်မှုတွေ လုပ်နေပါတယ်”
နိုင်ငံတစ်ဝန်းက စစ်ဘေးဒုက္ခသည် ဘယ်လောက်ကို ထောက်ပံ့ပေးနိုင်ထားလဲ ဆိုတာကိုတော့ အတိအကျ မပြောပါဘူး။
စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ ပေးနေတဲ့ အခြေအနေသိရဖို့ စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီးရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယအမြဲတမ်း အတွင်းဝန် ဒေါ်ခင်မေနုကို RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမဖြေပါဘူး။
ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) နဲ့ ကုလသမဂ္ဂ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာအဖွဲ့ (FAO) တို့ကတော့ မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ် ဇွန်လကနေ ဩဂုတ်လအထိ သုံးလအတွင်း လူ ၂ ဒသမ ၇ သန်းဟာ စားနပ်ရိက္ခာ မလုံလောက်မှု အရေးပေါ်အခြေအနေနဲ့ ကြုံတွေ့နိုင်တယ်လို့ ဇွန်လ ၅ ရက်နေ့က ပူးတွဲအစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေပြင်းထန်လာတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူ အရေအတွက် တိုးလာနေပေမဲ့ အစားအသောက်နဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စတွေကတော့ ကန့်သတ်ခံထားရတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။