ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် စခန်းတချို့ ICRC အကူနဲ့ ဘဝသစ် ထူထောင်

ဒီအစီအစဉ်အရ ၂ဝ၂၁ ခုနှစ်နဲ့ ၂ဝ၂၂ ခုနှစ် အစောပိုင်းကာလတွေမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က ဘုရားပေါင်ရွာနဲ့ တောင်ပေါက်ရွာတွေက မိသားစု ၉ဝ လောက် စုစုပေါင်း လူဦးရေ ၄ဝဝ လောက်အတွက် အထောက်အပံ့ပေးထားတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က စစ်ဘေးဒုက္ခသည် ကိုအောင်စောထွန်းကို ICRC အဖွဲ့က ကူညီနေစဉ်။ Photo: ICRC

ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်က ကိုအောင်စောထွန်းဟာ ပြီးခဲ့တဲ့ ၂ဝ၂ဝ ပြည့်နှစ်က ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူတစ်ဦး ဖြစ်ပါတယ်။ အဲဒီကာလက သူ့အနေနဲ့နေရပ်ပြန်ဖို့ အခက်အခဲတွေရှိနေပြီး တိုက်ခိုက်မှုတွေ ပြန်ဖြစ်လာမှာကို စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

သူ့လို စစ်ရေးပဋိပက္ခတိုက်ခိုက်မှုတွေကြောင့် နေအိမ်စွန့်ခွာထွက်ပြေးနေရသူတွေဟာ ဆွေမျိုးနီးစပ်သူတွေနဲ့ အခြားသူတွေပေးတဲ့ အကူအညီအပေါ် မှီခိုပြီး ရပ်တည်နေခဲ့ရတာပါ။ အခုအချိန်မှာတော့ သူနဲ့ သူ့မိသားစုတွေနေရပ်ကို ပြန်နိုင်ပြီဖြစ်ပေမယ့် မိသားစု ရပ်တည်နိုင်ရေးအတွက် စိန်ခေါ်မှုတွေ ရင်ဆိုင်နေရပါတယ်။ စစ်ဘေးဒုက္ခသည်စခန်း အများစုဟာ နေရပ်ပြန်ရောက်ပြီးချိန်မှာ သူတို့ဘာသာ ရပ်တည်နိုင်ဖို့ ဝင်ငွေရှာနိုင်ဖို့ အခြေအနေ ကြုံခဲ့ရပါတယ်။

ဒါပေမယ့် ကိုအောင်စောထွန်းနဲ့ သူ့မိသားစုဟာ ICRC အဖွဲ့က စစ်ပြေးဒုက္ခသည် မိသားစုတွေအတွက် အလုပ်အကိုင်ဖန်တီးပေးတဲ့ အစီအစဉ်မှာ ပါဝင်ခွင့်ရခဲ့ပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က စစ်ဘေးဒုက္ခသည်မိသားစုတစ်စုအား နိုင်ငံတကာကြက်ခြေနီအဖွဲ့(ICRC) က ကူညီနေစဉ်။ (Photo: ICRC)

ဒီအစီအစဉ်က စစ်ဘေးဒုက္ခသည်စခန်းမိသားစုတွေအနေနဲ့ မိမိကိုယ်ကို ထောက်ပံ့ဖို့ ဝင်ငွေရှာဖွေနိုင်မယ့် နည်းလမ်းကို ကိုယ်တိုင်ကြံဆရပြီး လုပ်ငန်းတည်ထောင်ဖို့ လိုအပ်တဲ့ ငွေသားကို ပေးအပ်တဲ့ အစီအစဉ်ဖြစ်ပါတယ်။

ဒီအစီအစဉ်အရ ၂ဝ၂၁ ခုနှစ်နဲ့ ၂ဝ၂၂ ခုနှစ် အစောပိုင်းကာလတွေမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က ဘုရားပေါင်ရွာနဲ့ တောင်ပေါက်ရွာတွေက မိသားစု ၉ဝ လောက် စုစုပေါင်း လူဦးရေ ၄ဝဝ လောက်အတွက် အထောက်အပံ့ပေးထားတာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကနေ ကိုအောင်စောထွန်းဟာ ဝါးဦးထုပ်တွေ ပြုလုပ်ရောင်းချတဲ့ လုပ်ငန်းငယ်တစ်ခု စတင်တည်ထောင်ဖြစ်ခဲ့ပြီး အခုအခါမှာ ကြက်မွေးမြူရေး လုပ်ငန်းဘက်ကိုပါ တိုးချဲ့ဖို့ ကြိုးစားနေပါတယ်။

ဒီအစီအစဉ်ကနေ ငွေကြေးရရှိခဲ့တဲ့ မလှစောခိုင်ကလည်း အခုဆိုရင် ဝက်မွေးမြူရေး ခြံတစ်ခြံ တည်ထောင်ထားပါတယ်။ သူက စစ်ဘေးဒုက္ခသည်စခန်းကို မရောက်ခင် ကတည်းက ဝက်မွေးမြူရေး ခြံတစ်ခြံ ရှိခဲ့တာပါ။ အခုနေရပ်ပြန်ရောက်ချိန်မှာတော့ အိမ်နောက်ဖေးမှာပဲ ဝက်မွေးမြူရေး ခြံလေးတည်ဆောက်ပြီး ဝက်တွေမွေးရင်း မိသားစုအတွက် ဝင်ငွေကိုရှာနိုင်နေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ စစ်ရေးပဋိပက္ခတွေအတွင်းမှာ မလှစောခိုင်နေထိုင်ခဲ့တဲ့ အိမ်မီးလောင်ခံရပြီး၊ စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံခဲ့ရတာပါ။ အဲဒီကနေ နေအိမ်ရှိရာကို ပြန်လာနိုင်ချိန်မှာတော့ စားစရာ၊ နေစရာဘာဆိုဘာမှမရှိဘဲ ပိုင်ဆိုင်မှုအားလုံး ဆုံးရှုံးခဲ့တဲ့အခြေအနေကို ရောက်ခဲ့တာပါ။

မအေးရုံသာကတော့ စစ်ဘေးဒုက္ခသည်စခန်းကို မသွားဘဲ ဆွေမျိုးနီးစပ်တော်သူတွေ အိမ်မှာ ခိုလှုံနေခဲ့သူပါ။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က မအေးရုံသာဟာ အကူအညီပေးရေး အဖွဲ့အစည်းတွေဆီက ရတဲ့ အကူအညီနဲ့ နေရပ်ပြန်ဖို့ ကြိုးစားခဲ့ပေမယ့် မိမိကိုယ်ကို ထောက်ပံ့ဖို့ လုံလောက်တဲ့ ဝင်ငွေမရှိတာကြောင့် အိမ်ပြန်ဖို့ အခက်အခဲ ဖြစ်နေခဲ့တာပါ။

အခုအချိန်မှာတော့ မအေးရုံသာဟာ ICRC ရဲ့ အကူအညီနဲ့ အိမ်ဆိုင်လေး တစ်ဆိုင် ဖွင့်ရောင်းနိုင်ခဲ့ပြီး လုပ်ငန်းတိုးချဲ့ဖို့လည်း ကြိုးစားနေပါပြီ။

ရခိုင်ပြည်နယ်မှာ ၂ဝ၁၂ ခုနှစ်၊ ၂ဝ၁၇ ခုနှစ်နဲ့ ၂ဝ၁၉ ခုနှစ်တွေမှာ ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေ၊ စစ်ရေးပဋိပက္ခတွေကြောင့် နေအိမ်စွန့်ခွာထွက်ပြေးခဲ့ရသူတွေဟာ အခုအချိန်မှာ တဖြည်းဖြည်းနဲ့ နေရပ်ကို ပြန်နေကြပါတယ်။ ဒီအထဲမှာ အများစုက နေရပ်ကို ပြန်ရင် လုံလုံခြုံခြုံနေထိုင်နိုင်ပါ့မလားဆိုတာ မသေချာသလိုပဲ နေရပ် ပြန်ရောက်ရင် ဘယ်လိုလုပ်ကိုင်စားသောက်မလဲဆိုတဲ့ မသေချာမှုကလည်း အဓိက အခက်အခဲဖြစ်နေကြတာပါ။

အသက်မွေးဝမ်းကျောင်းမှုအတွက် မသေချာမှုတွေက စစ်ဘေးဒုက္ခသည်တွေရဲ့ဘဝ ပြန်တည်ဆောက်နိုင်ဖို့ အဓိကအခက်အခဲတစ်ခုဖြစ်တယ်လို့ ICRC က ပြောပါတယ်။

စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေအနေနဲ့ ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်ဖို့အတွက် လုံခြုံစိတ်ချရပြီး စဉ်ဆက်မပြတ် အကျိုးဖြစ်ထွန်းစေတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့ အရေးကြီးတယ်လို့ ICRC ရဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org