အာဏာသိမ်းခံရပြီးနောက် ပြည်သူတွေ ပိုမိုကျပ်တည်းလာ

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်နေကြတဲ့ ဝန်ထမ်း ပြည်သူတွေဟာ အလုပ်အကိုင်တွေ ဆုံးရှုံးနေရပြီး စားဝတ်နေရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်မှာ ပိုရင်လှူ၊ လိုရင်ယူ လှုပ်ရှားမှုပြုလုပ်ပြီး အစားအသောက်လှူဒါန်းနေတာကို ၂၀၂၁၊ ဧပြီ ၉ ရက်နေ့က တွေ့ရစဉ် Photo: CJ

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်နေကြတဲ့ ဝန်ထမ်း ပြည်သူတွေဟာ အလုပ်အကိုင်တွေ ဆုံးရှုံးနေရပြီး စားဝတ်နေရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာာ စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြနေတဲ့ ဝန်ထမ်းပြည်သူတွေကို မျိုးစုံ ဖိနှိပ်မှုတွေ လုပ်နေတာကြောင့် ဝန်ထမ်း၊ စက်ရုံလုပ်သား၊ လက်လုပ်လက်စားလူတန်းစား အားလုံးနီးပါးဟာ အလုပ်အကိုင်တွေ ဆုံးရှုံးနေရပြီး စားဝတ်နေရေး ခက်ခဲနေကြပါတယ်။

မိုဘိုင်းနဲ့ ဝိုင်ဖိုင် အင်တာနက်ဖြတ်တောက်လိုက်တာကြောင့် အွန်လိုင်းကနေ စားသောက်ကုန် သယ်ပို့ရေး လုပ်ငန်း ဖြစ်တဲ့ food panda အလုပ်သမားတွေအကုန် အလုပ်လက်မဲ့ဖြစ်သွားကြရပါတယ်။

အလုပ်လက်မဲ့ဖြစ်နေတာ နှစ်လနီးပါးရှိနေပြီး စားဝတ်နေရေး ကျပ်တည်းနေတာကြောင့် ရှိတာ ရောင်းချ စားသောက်နေရတယ်လို့ အွန်လိုင်းမှာ အကူအညီတောင်းခံထားတဲ့ food panda ဝန်ထမ်းတစ်ဦးက RFA ကိုပြောပါတယ်။

အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြနေတဲ့ နေရာအနှံက ပြည်သူတွေကို အကြမ်းဖက်ပစ်သတ် နှိမ်နင်းနေပြီး စက်ရုံအလုပ်ရုံတွေလည်း မီးရှို့ခံနေရတဲ့အတွက် စက်ရုံအလုပ်ရုံ အားလုံးနီးပါးဟာလည်း ပိတ်ထားရပါတယ်။

ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်က စက်ရုံတွေ အားလုံးနီးပါး ပိတ်ထားရတဲ့အတွက် အလုပ်လက်မဲ့တွေ ဖြစ်နေကြရပြီး ထမင်းတစ်နပ်စားဖို့တောင် ခက်ခဲနေရတယ်လို့ လှိုင်သာယာဒေသခံတစ်ဦးက အခြေအနေကို ပြောပြပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်တွေက နေရာအနှံ့မှာ တပ်စွဲထားပြီး မထင်ရင်မထင်သလို ပစ်ခတ်တာတွေ စစ်ဆေးမှုတွေ လုပ်နေတာကြောင့် သွားလာရေးတွေလည်း ခက်ခဲနေတာကြောင့် လက်လုပ်လက်စား ဆိုက်ကားနင်းသူတွေ၊ ခေါင်းရွက်ဈေးသည်တွေနဲ့ ကြုံရာကျပန်း လုပ်ကိုင်နေကြရသူတွေဟာ အပြင်ထွက် လုပ်ကိုင်ဖို့ ခက်ခဲနေပြီး ဝင်ငွေ လုံးဝရပ်တန့်သွားပါတယ်။

ကျူးကျော်ရပ်ကွက်မှာနေထိုင်တဲ့ ဆိုက်ကားနင်းသူတစ်ဦးဟာ စားဝတ်နေရေးခက်ခဲနေတဲ့အပြင် နေစရာ အိမ်ပါ မရှိဖြစ်နေတယ်လို့ အိမ်ဆောက်ပေးနိုင်ဖို့ကူညီနေတဲ့ လူငယ်တစ်ဦးက ဆိုပါတယ်။

စစ်အစိုးရကို ဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်ပြီး ဆန့်ကျင်ဆန္ဒပြနေတဲ့ အစိုးရဝန်ထမ်းတွေဟာ လစာ မရတော့တဲ့အပြင် ဝန်ထမ်းလိုင်းခန်းတွေကပါ ဖယ်ရှားခံနေရတာဖြစ်ပါတယ်။

လစာမရတဲ့အပြင် နေအိမ်ကပါ ဖယ်ရှားခံရတဲ့အတွက် စားစရာရော နေစရာပါ အခက်အခဲဖြစ်နေရတယ်လို့ CDM လှုပ်ရှာမှုမှာပါဝင်တဲ့ ပြန်ကြားရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

စားဝတ်နေရေးခက်ခဲနေသူတွေကို အလှုရှင်တွေက တစ်ပိုင်တစ်နိုင် လှုဒါန်းမှုတွေရှိနေပေမယ့် အိမ်ထောင်စု အားလုံးစာ မတတ်နိုင်တာဘဲ တစ်ခါလှုဒါန်းရင် အိမ်ထောင်စု ၁၀ စုစာ အစု ၂၀ စာ စသဖြင့်သာ လှုဒါန်းနိုင်တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ လှိုင်သာယာ ၊ တောင်ဒဂုံ စတဲ့မြို့နယ်တွေဟာ အခြေခံလူတန်းစား အများအပြား နေထိုင်တဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။

လှိုင်သာယာမြို့နယ်မှာ လူဦးရေ ၁၀ သိန်း ကျော်ရှိပြီး စက်ရုံတွေပိတ်သွားတာကြောင့် အလုပ်လက်မဲ့ ဖြစ်သွားပြီး လူဦးရေ ငါးသိန်းလောက်ဟာ ဆွေမျိုးတွေရှိရာ နယ်ဒေသတွေကို ပြန်နေကြပါတယ်။

စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့မှာ လူဦးရေ ခြောက်သန်းကျော်ရှိပြီး အလုပ်လက်မဲ့ဖြစ်နေကြတာကြောင့် အဆိုပါလူဦးရေရဲ့ ထက်ဝက်နီးပါးလောက်ဟာ စားဝတ်နေရေး ခက်ခဲနေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org