တရုတ်မှာ လူကုန်ကူးခံရတဲ့အမျိုးသမီး လက်ဆင့်ကမ်းရောင်းစား ခံရမှာစိုးရိမ်
တရုတ်နိုင်ငံကို လူကုန်ကူးခံထားရတဲ့ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ မြန်မာပြည်က မိသားစုနဲ့ အဆက်အသွယ်ရပြီဖြစ်ပေမယ့် လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးက ကယ်တင်ဖို့ ကြန့်ကြာနေတဲ့အတွက် တရုတ်ပြည်ထဲမှာ ထပ်ပြီး လက်ဆင့်ကမ်း ရောင်းစားခံရမှာကို မိသားစု ဝင်တွေက စိုးရိမ်နေပါတယ်။
-
အောင်သိင်္ခ
2019-11-12 -
-
-
Your browser doesn’t support HTML5 audio
မသူဇာအေးကို ၂၀၁၈ ခုနှစ် ဧပြီလမှာ အိမ်နီးချင်း ပွဲစားလင်မယားနှစ်ယောက်က တရုတ်ပြည်နယ်စပ် ရွှေလီမှာ အလုပ်ရမယ်ဆိုပြီး ခေါ်ဆောင်သွားရာကနေ တရုတ်နိုင်ငံမှာ ရောင်းစားလိုက်တာပါ။
"သမီးလေးကလည်း လူလားမြောက်ပြီဆိုတော့ မိဘမှာဒုက္ခရောက်တယ်ဆိုတော့ သူကလုပ်ချင်တဲ့အပိုင်းလည်း ပါမှာပေါ့၊ ကျမတို့ကလည်း သူ့ကိုပြောမယ်ဆိုလို့ရှိရင် ယုံလည်းယုံကြည်ခဲ့တယ် အားလည်း အားကိုးခဲ့တယ်ပေါ့နော်၊ ယုံကြည်အားကိုးခဲ့လို့ ကျမတို့ထည့်ပေးလိုက်ခဲ့ပါတယ်၊ ကျမသမီးလေးသတင်းကိုပေါ့နော် အမျိုးမျိုးတွေ စုံစမ်းခဲ့ ပါတယ်၊ သမီးလေးကို ကျမသမီးလေးကို ရောင်းစားခဲ့မယ်ဆိုတာလည်း ကျမမသိပါဘူး ကျမသမီးလေးကို ကူညီ လို့ရရင် အမြန်ဆုံးနဲ့ ကူညီပေးပါလို့ ကျမ တောင်းခံပါတယ်၊ ကျမသမီးလေးအနေနဲ့လည်း တစ်နှစ်ကျော်ပတ်လုံးမှာ ကျမမှာခံစားခဲ့ရတာ ကျမမှာအရိုးနဲ့ အရည်ပဲရှိပါတော့တယ်"
မသူဇာအေးဟာ ပြီးခဲ့တဲ့နှစ် ၁၀ လပိုင်းလောက်က တရုတ်အမျိုးသားတယောက်အတွက် ကလေးတစ်ဦး မွေးဖွားပေးလိုက်ရတယ်လို့လည်း ပြောပါတယ်။
မသူဇာအေးတို့ မိသားစုဟာ တောင်ငူခရိုင် ထန်းတပင်မြို့နယ်အနီးရွာမှာ နေထိုင်တာဖြစ်ပြီး ကျပန်းအလုပ်လုပ် ကိုင်ရင်း မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေကြတာပါ။ အသက် ၁၇ နှစ်ကျော်သာရှိသေးတဲ့ မသူဇာအေးဟာ မိသားစုစားဝတ်နေရေးအတွက် တဖက်တလမ်းက ဝင်ငွေရအောင်ဆိုပြီး မိသားစုနဲ့ဝေးရာ နေရာမှာအလုပ်လုပ်ကိုင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။
သမီးဖြစ်သူ အလုပ်လုပ်ဖို့ အိမ်ကနေ ထွက်သွားရတဲ့အကြောင်းရင်းကို အမေဖြစ်သူ ဒေါ်တူးမာ ပြောပြတာက
"ကျမသမီးလေးကို စိုးနိုင်က သွားပို့ခဲ့တဲ့အချိန်မှာ ကျမကိုပြန်လာပြီးတော့ ပိုက်ဆံ လေးသိန်းခွဲလာပေးတယ်၊ ကျမ လက်မခံခဲ့ပါဘူး ကျမလက်မခံတာ ဘာဖြစ်လို့လဲဆိုတော့ ကျမသမီးလေးနဲ့ ကျမစကားပြောရရင် ကျမလက်ခံမယ် ပြောခဲ့တယ်၊ အကြိမ်ကြိမ်အခါခါပေါ့ လာပေးတာ နင့်သမီး ရွှေလီထဲမှာပေါ့ အလုပ်အကိုင်ကောင်းတယ်၊ ကျမလည်း ဟုတ်ပါလိမ့်မယ်ဆိုပြီး ကျမလက်ခံခဲ့တယ်၊ လေးသိန်းတော့ ကျမကိုပေးတယ်၊ ငါးသောင်းက သူပွဲစားခယူသွားတယ်"
လာရောက်ခေါ်ဆောင်သွားသူဟာ အိမ်းနီးနားချင်း ခင်မင်ရသူဖြစ်ပြီး မူဆယ် - ရွှေလီဘက်က ထမင်းဆိုင်တွေမှာ တစ်လ ကျပ် သုံးသိန်းနဲ့ အလုပ်အကိုင်ရမယ်ဆိုပြီး ခေါ်တဲ့အတွက် လိုက်သွားတာ ဖြစ်ပါတယ်။
မသူဇာအေးနဲ့အတူ မူဆယ် - ရွှေလီဘက်ကိုသွားချိန်မှာ အမျိုးသမီး ငါးဦးဖြစ်ပြီး သုံးဦးကတော့ တရုတ်လူမျိုးတွေ မကြိုက်တဲ့ပုံစံဖြစ်နေတဲ့အတွက် ရွာကိုပြန်ရောက်လာခဲ့တာလို့ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေအရေး ကူညီဆောင်ရွက်ပေးနေသူ မမော်လီဆန်း က ပြောပါတယ်။
"ပျောက်သွားတာမဟုတ်ဘူး ခေါ်သွားတာပေါ့၊ ဦးစိုးနိုင်က ခေါ်သွားတာ၊ ဦးပေါက်စီ(ခေါ်) ဦးစိုးနိုင်က ခေါ်သွားတာ ကလေးက လှမ်းပြေတာက အဲရွှေလီထဲမှာ သူ့ကိုရောင်းစားခဲ့တယ်ပေါ့၊ ၂၀၁၈ လေးလပိုင်း ၂၅ ရက်နေ့ ခေါ်သွားတာ၊ ငါးဦး ကျွဲလန်းကချည်းပဲ၊ ဂျမ်းဂျမ်းနဲ့ သူဇာအေးနဲ့ပဲ ကျန်နေခဲ့တာ၊ ကျန်တဲ့ သုံးယောက်က ပြန်လာတယ် ပုံတွေ မကြိုက်လို့"
မသူဇာအေးနဲ့ မိန်းခလေးနောက်တစ်ဦးကတော့ တရုတ်နိုင်ငံကို ရောင်းစားခံလိုက်ရပြီး မသူဇာအေးကတော့ လွတ်မြောက်ဖို့ကြိုးစားရင်း ဒီနှစ်အတွင်း မိသားစုနဲ့ အဆက်အသွယ်ပြန်ရခဲ့တာပါ။
မသူဇာအေးတို့ကို ခေါ်ဆောင်ပြီး မူဆယ် - ရွှေလီဘက် ခေါ်ဆောင်သွားတဲ့ ဦးစိုးနိုင်တို့လင်မယား နှစ်ယောက်ကိုတော့ လက်ရှိအချိန်မှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ဦးစိုးနိုင်ဟာ ပြီးခဲ့တဲ့နှစ်က မသူဇာအေးရဲ့ မိဘတွေရဲ့ တိုင်ကြားချက်အရ ပြည်ပအလုပ်အကိုင်ရှာဖွေရေး ဥပဒေပုဒ်မ ၂၆ နဲ့ တရားစွဲခံခဲ့ရပေမယ့် ထန်းတပင်မြို့နယ် တရားရုံးက ပြစ်မှုထင်ရှားမှုမရှိလို့ဆိုပြီး ထောင်ချုပ်နဲ့သာ လွတ်မြောက်သွားခဲ့ကြောင်း မမော်လီစန်းက ပြောပါတယ်။
လူကုန်ကူးမှု ကာကွယ်တားဆီးရေး ဥပဒေအရ အမျိုးသမီးနဲ့ ကလေးငယ်တွေကို လူကုန်ကူးကြောင်း ပြစ်မှု ထင်ရှားမယ်ဆိုရင် အနည်ဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံး ထောင်ဒဏ်တစ်သက်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။
တရုတ်နိုင်ငံမှာ ကလေးတစ်ဦးမွေးပြီးတဲ့ အမျိုးသမီးတွေကို လက်ဆင့်ကမ်းရောင်းချမှုတွေရှိတဲ့အကြောင်း တရုတ်နိုင်ငံကို လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ မူဆယ်မြို့ ကရုဏာ လူမှုကူညီရေးအသင်းက ဦးသောင်းထွန်း ပြောပြပါတယ်။
"တရုတ်နိုင်ငံရဲ့ အခြေအနေကလည်း ဒီတစ်ယောက်မွေးပြီးလို့ရှိရင် အဲကလေးကို သူကနို့ဘူးပဲတိုက်ပြီးတော့ အဲကလေးမလေးကို အတွေ့အကြုံအရဆို ပြန်လည်ရောင်းစားတဲ့ အခြေအနေတွေက အမြဲတမ်းဖြစ်နေတာလေ၊ တစ်နေရာပြီး တစ်နေရာ ရောင်းစားတဲ့ အခြေအနေဖြစ်နေတာဖြစ်နေတော့ ကောင်မလေးကလည်း အဲဒါကိုကြောက် ပြီးတော့ သူ့မိသားစုတွေကလည်း အဲဒါကိုကြောက်ပြီးတော့ ပြန်ခေါ်ပေးပါဆိုတာကို ဘာမှလှုပ်ရှားခြင်း မရှိဘူး ပေါ့နော်"
မသူဇာအေး အပါအဝင် မြန်မာနိုင်ငံသားတွေ လူကုန်ကူးခံရတာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဌာနဆိုင်ရာတွေအနေနဲ့ ကူညီဆောင်ရွက်ပေးမှု အားနည်းကြောင်း ဦးသောင်းထွန်းက ပြောပါတယ်။
မသူဇာအေး ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့က တာဝန်ရှိသူထံ RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။
တရားလိုပြုလုပ်တိုင်ကြားထားတဲ့ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးက ရဲတပ်ဖွဲ့ဝင် တစ်ဦးကတော့ မသူဇာအေး လွတ်မြောက်ရေးအတွက် ကယ်ဆယ်ဖို့ ဆက်လက်လုပ်ဆောင်နေကြောင်း ပြောပါတယ်။
"မသူဇာအေးကိစ္စက ကျတော်တို့ အကုန်အမှုဖွင့်ထားပြီး ကယ်ဖို့တော့ ကျတော်တို့ ဆောင်ရွက်ထားပြီးပြီခင်ဗျ မဖွင့်ခင်တည်းကလည်း ကယ်ဖို့လုပ်ထားတာပဲ၊ ဖွင့်ပြီးတော့လည်း ကယ်ဖို့လုပ်ထားတာ ကျတော်တို့ကတော့ လုပ်ထုံးလုပ်နည်းနဲ့ပဲ သွားရတာ ၂၄/၃၂ လူကုန်ကူးမှု ပုဒ်မ ၂၄/၃၂ နဲ့"
ကိုလင်းလင်း ဆိုသူကတော့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ အလုပ်လုပ်ကိုင်ခဲ့တာ ၃ နှစ်လောက် ရှိနေပြီး တရုတ်လူမှုကွန်ယက်ကတဆင့် မသူဇာအေးနဲ့ အဆက်အသွယ်ရပြီး အကူအညီတောင်းခံတဲ့အတွက် မြန်မာပြည် ပြန်ရောက်လာချိန် သူ့မိဘတွေနဲ့ အဆက်အသွယ်ရအောင် ကူညီပေးသူ တစ်ယောက်ပါ။
"သူနဲ့ကျတော်နဲ့က စပြီးတော့ ခင်တယ်၊ ခင်ပြီးတော့ ညီမလေးကို ကူညီပေးပါပေါ့၊ အဲဒါနဲ့ကျတော်လည်း ကျတော် လည်း ရုတ်တရက်ကို သတင်းကျွတ်ပွဲ ပြန်လာတာပေါ့၊ အခွင့်အရေးရတာနဲ့ မြန်မာပြည်လာတာနဲ့ သူ့အဖေအမေ လိပ်စာတွေဘာတွေ ပေးလိုက်တော့ တောင်ငူမြို့ပေါ့နော် ကျွဲလန်းရွာပေါ့၊ အဖေအမေတွေနဲ့ ဆက်သွယ်ခိုင်းတော့ ဆက်သွယ်ပေးလိုက်တာပါ၊ မသူဇာအေးလို အဖြစ်အပျက်မျိုးကတော့ တရုတ်ပြည်မှာတော်တော်များများ ရှိပါတယ်။ ကျတော်လည်း တရုတ်ပြည်မှာ အလုပ်တဖက် နဲ့ဆိုတော့ သူတို့ကိုကူညီလို့မရဘူးလေ၊ မြန်မာပြည်ပြန်ရောက်တော့ သူဇာအေးရဲ့ကံလည်း ကောင်းသွားတာနဲ့ ကူညီဖြစ်တာပါ"
သူ့ရဲ့ကူညီမှုကြောင့် မိသားစုနဲ့အဆက်အသွယ်ရချိန်မှာ မသူဇာအေး လွတ်မြောက်ရေး လိုက်ပါကူညီဆောင်ရွက် ပေးသူတွေနဲ့ချိတ်ဆက်မိတာပါ။
ကိုလင်းလင်းဟာ မသူဇာအေးနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ရွာတစ်ရွာမှာ ချိတ်ဆက်မိတာပါ။
ကိုလင်းလင်း ကို တရုတ်ပြည်မှာ လူကုန်ကူးခံထားရလို့် အကူအညီတောင်းခံသူ အမျိုးသမီး ခြောက်ဦးလောက်ရှိနေပြီး ရန်ကုန်၊ မန္တလေး၊ ပုသိမ်နဲ့ ပြည်ဘက်တွေက ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံက အမျိုးသမီးငယ်တွေအနေနဲ့ တရုတ်နိုင်ငံမှာ အလုပ်သွားမလုပ်ဖို့ကိုလည်း သူကတိုက်တွန်းပါတယ်။ နေပြည်တော် တရုတ်ကောင်စစ်ဝန်ရုံးကို ကူညီဆောင်ရွက်ပေးဖို့ အကူအညီတောင်းခဲ့ပေမယ့် အချိန်ကြာနေပြီဖြစ်လို့ မိသားစုဝင်တွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
နေပြည်တော်က တရုတ်ကောင်စစ်ဝန်ရုံးကို RFA က ဆက်သွယ်ပေမယ့် ရုံးပိတ်ရက်ဖြစ်တာကြောင့် ဖြေကြားနိုင်တဲ့သူ မရှိခဲ့ပါဘူး။
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးခင်မောင်ဝင်း ကတော့ မသူဇာအေးလွတ်မြောက်ဖို့အတွက် ဆက်လက် ကူညီဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။
"အခြေအနေကတော့ အခုအချိန်ထိတော့ ဘာမှထူးခြားမှုတော့ မရှိသေးဘူး၊ ကျတော်တို့ ကောင်စစ်ဝန်ရုံးကိုလည်း သွားပြီးတော့ တင်ပြထားတာရှိတယ်၊ လူကုန်တားအဖွဲ့ကိုလည်း တင်ထားတာရှိတယ်၊ သူတို့လည်း ဆောင်ရွက်နေ တယ်လို့ပဲ အကြောင်းပြန်သေးတယ်၊ ကျန်တဲ့အစိတ်အပိုင်းတော့ မသိရသေးဘူး၊ ကျတော်တို့ဒေသခံလည်း ဖြစ်တဲ့အခါကျတော့ အဆက်အသွယ်ရှိတယ်၊ ကလေးမလေးနဲ့လည်း ကျတော်ကစကားပြောရတဲ့အခါကျတော့ စိတ်မကောင်းဖြစ်မိတယ်၊ ကျတော်တို့ အင်တိုက်အားတိုက် ကူညီမှာပါ"
တရုတ်နိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အလုပ်သွားရောက်လုပ်ကိုင်တာတွေ အမြောက်အမြားရှိနေပြီး စာရင်း တိတိကျကျတော့ မရှိသေးပါဘူး။ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရဲ့ နိုဝင်ဘာလထုတ်ပြန်ချက်အရ လူကုန်ကူးမှု ၁၈ မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီး ၁၉ ဦး၊ ကလေးမိန်းခလေး နှစ်ဦး လူကုန်ကူးခံခဲ့ရပြီး တရားခံ ၅၄ ဦးရှိခဲ့တယ်လို့ သိရပါ တယ်။
ပြစ်မှုကျူးလွန်တဲ့အမျိုးအစားက အဓမ္မလက်ထပ်မှုများပြီး လူကုန်ကူးခံရတဲ့ နိုင်ငံစာရင်းဟာလည်း တရုတ်နိုင်ငံက အများဆုံးဖြစ်ကြောင်းတွေ့ရပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်သလို စီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံရေးအရ မြန်မာနိုင်ငံနဲ့ ပတ်သက်မှု အများဆုံးနိုင်ငံဖြစ်ပေမယ့် လူကုန်ကူးမှု အများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်နေတယ်ဆိုတာလည်း အထင်အရှားပါဘဲ။
မသူဇာအေး အမြန်ဆုံးအိမ်ပြန်နိုင်ဖို့ မိသားစုက မျှော်လင့်နေကြပါတယ်။