အင်အားကြီး နှစ်နိုင်ငံကြားက မြန်မာ့ပထဝီနိုင်ငံရေး

အိန္ဒိယကတော့ မြန်မာနိုင်ငံစစ်ကောင်စီနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်နေပြီး မြန်မာစစ်တပ်ကို တရုတ်နိုင်ငံလိုပဲ လက်နက်ရောင်းချနေတဲ့ နိုင်ငံလို့ အများက သုံးသပ်ပါတယ်။

၂ဝ၁၈ ခုနှစ် ဇွန်လ ၁ဝ ရက်နေ့က တရုတ်နိုင်ငံတွင် ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်လာသော တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ။ AFP

လူဦးရေသန်းတစ်ထောင်ကျော်နဲ့ ကမ္ဘာ့လူဦးရေအများဆုံး တရုတ်နဲ့အိန္ဒိယနိုင်ငံတွေနဲ့ မြန်မာနိုင်ငံက အိမ်နီးချင်းဖြစ်နေပြီး နိုင်ငံအကျယ်အဝန်းနဲ့မမျှဘဲ လူဦးရေထူထပ်တဲ့ ဘင်္ဂလားဒေ့ရှ်ကလည်း မြန်မာ့အိမ်နီးချင်း ဖြစ်ပါတယ်။

ဒီလိုလူဦးရေထူထပ်တဲ့နိုင်ငံတွေနဲ့ နယ်နိမိတ်ချင်းဆက်စပ်နေတဲ့အတွက် ပထဝီနိုင်ငံရေးအရ အထူးသတိထားရမယ်လို့ ဗြိတိန်ဆဲင်းဟတ်စ် ဘုရင့်စစ်တက္ကသိုလ်ကျောင်းဆင်း စာရေးဆရာသောင်းထိုက် ၁၉၉၁ က ရေးသားထုတ်ဝေတဲ့ ပထဝီနိုင်ငံရေးစာအုပ်မှာပါရှိပါတယ်။

၂၀ ရာစုအလှည့်အပြောင်းမှာ ပထဝီနိုင်ငံရေးဆိုတဲ့ ဝေါဟာရကို ၁၈၆၄ ခုနှစ်ဖွား ဆွီဒင်နိုင်ငံရေး သိပ္ပံပညာရှင် Rudolf Kjellen ရှယ်လင်က စတင်တီထွင်ခဲ့ပါတယ်။ ဒီစကားရပ်ကို ပထမနဲ့ဒုတိယကမ္ဘာစစ်အတွင်း ဥရောပမှာ တွင်တွင်ကျယ်ကျယ်သုံးခဲ့ပြီး နောက်ပိုင်းမှာ ဒီစကားရပ်ကို တစ်ကမ္ဘာလုံး သုံးကြတယ်လို့ ဗြိတိန်စွယ်စုံကျမ်းက ဖော်ပြပါတယ်။ ဒီနေ့ခေတ်မှာတော့ ပထဝီနိုင်ငံရေးဟာ နိုင်ငံတကာနိုင်ငံရေးမှာ တစ်နည်းတစ်ဖုံ ပါဝင် အသုံးတော်ခံနေပါတယ်။

ဥပမာ- နိုင်ငံကြီးတွေရဲ့ပထဝီနိုင်ငံရေးအားပြိုင်မှု၊ တရုတ်-အမေရိကန် ပထဝီနိုင်ငံရေးအားပြိုင်မှု စတာမျိုး ဖြစ်ပါတယ်။ ဒီလိုအားပြိုင်မှုတွေကြား တရုတ်-အမေရိကန် ဆက်ဆံရေးတင်းမာမှု ပြေလျော့စေဖို့ တစ်ခေတ်တစ်ခါက ဆောင်ရွက်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်းဂျားက ဒီနေ့ ပထဝီနိုင်ငံရေးအခင်းအကျင်းမှာ ပြန်ပေါ်လာပါတယ်။

အသက် ၁ဝဝ ရှိပြီဖြစ်တဲ့ ဟင်နရီကစ်ဆင်းဂျားနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ပေကျင်းမှာ ဒီနှစ်ဇူလိုင်တုန်းက တွေ့ဆုံခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းရဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံမှာ နေထိုင်နေတဲ့ နိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက ပြောပြပါတယ်။

“သူက လူအတော်စုံစုံနဲ့ တွေ့တာ။ ကာကွယ်ရေးဝန်ကြီးနဲ့လည်း တွေ့တယ်။ ဝမ်ယိနဲ့လည်း တွေ့တယ်။ သမ္မတရှီကျင့်ဖျင်က အရင်ချူအင်လိုင်းလက်ထက်တုန်းက တွေ့ခဲ့တဲ့နေရာမှာ၊ အရင်က ဧည့်ခံတဲ့ မီနူးအတိုင်း တွေ့တယ်။ ဟိုတုန်းကလိုပဲ အမေရိကန်-တရုတ်ဆက်ဆံရေးက အလှည့်အပြောင်းရောက်နေပြီပေါ့။ ဘယ်လမ်းရွေးရမလဲဆိုတာ အရေးကြီးတယ်လို့ ပြောတယ်"

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်းဂျားနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ပေကျင်းမြို့တွင် ၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၂ဝ ရက်နေ့က တွေ့ဆုံစဉ်။ (Photo: AFP) (

သမ္မတ နစ်ဆင်လက်ထက် ၁၉၇၀ နှစ်ပိုင်းတွေမှာ နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူခဲ့တဲ့ ဟင်နရီကစ်ဆင်းဂျား ၁၉၇၁ ခုနှစ်က တရုတ်နိုင်ငံရောက်ခဲ့ချိန်က အဲဒီတုန်းက သမ္မတချူအင်လိုင်းနဲ့ တွေ့ဆုံခဲ့တဲ့အတိုင်း အခု သမ္မတက တွေ့ဆုံခဲ့တာပါ။ ကွန်မြူနစ် တရုတ်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စု ဆက်ဆံရေးမှာ ဟင်နရီ ကစ်ဆင်းဂျားရဲ့အခန်းကဏ္ဍက အထူးအရေးပါခဲ့ပြီး အခု ၂ဝ၂၃ မှာ တရုတ်နဲ့အမေရိကန် အလှည့်အပြောင်း ထပ်ရောက်နေတာကို သမ္မတရှီက ပြောတာပါ။

တရုတ်-အမေရိကန် ဆက်ဆံရေးနဲ့ မြန်မာနိုင်ငံပေါ် အကျိုးသက်ရောက်မှုပေါ် ဒေါက်တာလှကျော်ဇောဘယ်လို ယူဆပါသလဲ။

“တရုတ်က တတ်နိုင်သမျှ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးဖို့ပဲ။ စစ်တိုက်တာတော့ အားမပေးဘူး။ တရုတ်မှာ မျက်စိတစ်ဖက်ဖွင့် တစ်ဖက်ပိတ်နည်းတွေရှိတယ်”

ပထဝီနိုင်ငံရေးမှာ နောက်အိမ်နီးချင်းနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယကတော့ မြန်မာနိုင်ငံစစ်ကောင်စီနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်နေပြီး မြန်မာစစ်တပ်ကို တရုတ်နိုင်ငံလိုပဲ လက်နက်ရောင်းချနေတဲ့ နိုင်ငံလို့ အများက သုံးသပ်ပါတယ်။

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေရှန်ကာတို့ ဇူလိုင်လ ၁၆ ရက်နေ့က ဘန်ကောက်မြို့တွင် သီးခြားတွေ့ဆုံစဉ်။ (Photo: Mofa Myanmar/Facebook)

အိန္ဒိယဟာ သူ့အကျိုးစီးပွားအတွက် ရည်မျှော်ပြီး စစ်ကောင်စီနဲ့သင့်မြတ်နေပေမဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကသူ့နိုင်ငံကိုလည်း ဂယက်ရိုက်တယ်လို့ နယူးဒေလီမြို့တော်မှာ သီတင်းသုံးနေထိုင်တဲ့ ရွှေဝါရောင်ကျောင်းတိုက်ဆရာတော် ဦးအဂ္ဂက မိန့်ပါတယ်။

ကမ္ဘာ့လူဦးရေအများဆုံး နှစ်နိုင်ငံကြားက မြန်မာနိုင်ငံဟာ ပြည်တွင်း ပြဿနာတွေ မဖြေရှင်းနိုင်ပေမဲ့ နိုင်ငံတကာ ပထဝီနိုင်ငံရေး အားပြိုင်မှုကိုလည်း ရင်ဆိုင်ရပါမယ်။ တချို့ပြဿနာတွေကို ဉာဏ်အမြော်အမြင်နဲ့ ကြိုတင်တွေးဆပြီး ရှောင်နိုင်အောင်၊ သက်သာအောင်၊ မီးမလောင်ခင်ကတား ဆိုသလို ရှောင်လွှဲနိုင်ကောင်း ရှောင်လွှဲနိုင်ပေမဲ့ ပြဿနာ တခုပြီးတခု တက်နေတဲ့ ဒီနေ့ကမ္ဘာမှာ ဘယ်ပုံဘယ်နည်း ဘယ်သူနဲ့ ပူးပေါင်းဖြေရှင်းကြမလဲဆိုတာ စဉ်းစားရမယ်လို့လည်း တချို့လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org