မြန်မာ့အရေးအတွက် အာဆီယံရဲ့ ကြိုးပမ်းမှုတွေ အလုပ်မဖြစ်ကြောင်း HRW ပြောကြား

လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးစောင့်ကြည့်မှု အစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားကို ဇန်နဝါရီ ၁၇ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များအသင်း FCCT မှာ ပြုလုပ်ခဲ့ပါတယ်။

HRW ၏ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးစောင့်ကြည့်မှု အစီရင်ခံစာထုတ်ပြန်သည့်အခမ်းအနားကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များအသင်း FCCT တွင် ပြုလုပ်ခဲ့စဉ်။ HRW

ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာ့နိုင်ငံပေါင်း တစ်ရာကျော်က လူ့အခွင့်အရေးအခြေအနေတွေအကြောင်း လေ့လာသုံးသပ်ထားတဲ့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်မှု အစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားကို ဇန်နဝါရီလ ၁၇ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များအသင်း FCCT မှာ ပြုလုပ်ခဲ့ရာမှာ၊ စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို HRW တာဝန်ရှိသူတွေက တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ အာဆီယံနဲ့ ဘုံသဘောတူညီချက်တွေ ရထားပေမဲ့ ဆေးရုံတွေ၊ ကျောင်းတွေ၊ ဒုက္ခသည် စခန်းတွေကို ပစ်မှတ်ထားပြီး မြေလှန်ရှင်းလင်းတဲ့ နည်းဗျူဟာကို ဆက်လက်ကျင့်သုံးနေတဲ့အတွက် အာဆီယံရဲ့ လက်ရှိ ချဉ်းကပ်ပုံဟာ အလုပ်မဖြစ်ကြောင်း၊ ဒီထက်ပိုမို ပြင်းထန်တဲ့ ဆောင်ရွက်ချက်တွေ လိုအပ်ကြောင်း HRW ရဲ့ ညွှန်ကြားရေးမှူး Elaine Pearson က ပြောသွားပါတယ်။

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ တိုက်နယ်ဆေးရုံကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။ (Photo: Facebook/ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ အာဆီယံရဲ့ ဆောင်ရွက်ချက်တွေ အားလျော့နေတဲ့အချိန်မှာ ထိုင်းနိုင်ငံဟာ စစ်ကောင်စီ အဖွဲ့ဝင်အချို့ကို ဖိတ်ခေါ်ပြီး မြန်မာ့အရေး သီးခြားညီလာခံတွေ လုပ်နေကြောင်း၊ ထိုင်းနိုင်ငံရဲ့ လုပ်ရပ်ဟာ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ခံခိုင်းဖို့ အာဆီယံရဲ့ ဆောင်ရွက်ချက်အားလုံးကို အရာမထင်ဖြစ်စေတဲ့အတွက် စိတ်ပူပန်မိကြောင်း သူက ပြောပါတယ်။

အထူးသဖြင့် အခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူမဲ့ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာကို အာဆီယံအရေး အကြံပေးအဖြစ် ခန့်အပ်လိုက်တာနဲ့ ပတ်သက်ပြီးတော့လည်း စိုးရိမ်ပူပန်ကြောင်း HRW တာဝန်ရှိသူတွေက ပြောသွားပါတယ်။

အာဆီယံ ဥက္ကဋ္ဌ မလေးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီတွေ နယ်စပ်ဖြတ်ကျော်ပြီး ပေးအပ်နိုင်အောင် လုပ်ပေးဖို့ နဲ့ မြန်မာနိုင်ငံကို လက်နက်ရောင်းချမှု ပိတ်ပင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ထောက်ခံဖို့ လိုလားကြောင်း Elaine Pearson က ပြောသွားပါတယ်။

အခုအချိန်မှာ စစ်ကောင်စီဟာ မြန်မာနိုင်ငံရဲ့ တစ်ဝက်လောက်ကိုပဲ ထိန်းချုပ်နိုင်တော့တဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေအတွင်းမှာ စီမံအုပ်ချုပ်မှုနဲ့ လူ့အခွင့်အရေး စံနှုန်းတွေကို လေးစားလိုက်နာမှုက အလွန်အရေးကြီးလာတဲ့အကြောင်းလည်း HRW တာဝန်ရှိသူတွေက ပြောပါတယ်။

တိုင်းရင်းသားအဖွဲ့တွေဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေ၊ နိုင်ငံတကာ ဥပဒေတွေကို လိုက်နာပြီး၊ လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေ တိုင်ကြားနိုင်ဖို့ ဆောင်ရွက်ပေးရမှာ ဖြစ်တဲ့အကြောင်း၊ အခုအချိန်မှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပြင်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း HRW က မှတ်တမ်းတင်ထားကြောင်း အာရက္ခတပ်တော် AA ကို ဥပမာအနေနဲ့ ထောက်ပြပြီး Elaine Pearson က ပြောဆိုသွားပါတယ်။

လက်ရှိအချိန်မှာ တိုင်းရင်းသားအဖွဲ့တွေဟာ တရားဝင်ဖြစ်မှုနဲ့ နိုင်ငံတကာ အကူအညီတွေ ရဖို့ မျှော်လင့်နေတဲ့ အချိန်ဖြစ်တဲ့အတွက် နိုင်ငံတကာကလည်း လူ့အခွင့်အရေး စံနှုန်းတွေနဲ့ အညီ လိုက်နာခြင်း ရှိ မရှိ ဖိအားပေးဆောင်ရွက်သွားဖို့ လိုတဲ့အကြောင်း သူက ပြောသွားပါတယ်။

စစ်ကောင်စီကလုပ်မဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ဒီရွေးကောက်ပွဲတွေဟာ လုံးဝ တရားဝင် ဖြစ်မှုမရှိကြောင်း HRW တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

အာဆီယံ ဥက္ကဋ္ဌ မလေးရှား ဝန်ကြီးချုပ်ဟာ အာဆီယံအဖွဲ့တွင်းက ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေရဲ့ သဘောထားကို လိုက်လျောပြီး၊ စစ်ကောင်စီကလုပ်မဲ့ ရွေးကောက်ပွဲကို ထောက်ခံမဲ့လမ်းကြောင်းပေါ် ရောက်လာမှာကို စိုးရိမ်ကြောင်း၊ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ နိုင်ငံတကာကို အာရုံလွှဲဖို့ ကြိုးစားတဲ့ လုပ်ရပ်သာဖြစ်ပြီးတော့ မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို ရှည်ကြာစေမှာ ဖြစ်တဲ့အကြောင်း HRW ရဲ့ ထိုင်းနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး သုတေသီ Sunai Phasuk က ပြောကြားသွားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org