စစ်တပ်အတွက် မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်ဝယ်ပေးတဲ့ မီယာဝင်းကုမ္ပဏီ

စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2022.03.23
စစ်တပ်အတွက် မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်ဝယ်ပေးတဲ့ မီယာဝင်းကုမ္ပဏီ Schiebel ရှီဘဲယ် အမှတ်တံဆိပ်ပါ ကင်းထောက် ဒရုန်းလေယာဉ်
Photo:Schiebel

သက်ဆိုင်ရာနိုင်ငံက ခွင့်မပြုဘဲ လက်နက်ခဲယမ်း မီးကျောက်တွေ၊ စက်လက်နက်ပစ္စည်း အစိတ်အပိုင်းတွေကို နိုင်ငံနယ်နိမိတ်ကို ဖြတ်ကျော်ပြီး နောက်တစ်နေရာ နောက်တစ်နိုင်ငံကို တင်သွင်း၊ တင်ပို့၊ ရောင်းချ၊ လွှဲပြောင်းတာကို လက်နက်မှောင်ခို အရောင်းအဝယ်လုပ်တယ်လို့ သတ်မှတ်ပါတယ်။

မှတ်တမ်းတွေအရ တရားဝင်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေက မြန်မာစစ်တပ်ကို စစ်လက်နက်နဲ့ အပိုပစ္စည်းတွေဝယ်ယူပေးပြီး လက်နက်ရောင်းချပေးတဲ့ နိုင်ငံတွေလည်းရှိနေတဲ့အတွက် လက်နက်မှောင်ခိုနဲ့ ကင်းတဲ့ သဘော သက်ရောက်ပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကို မြေပြင်က နှိမ်နင်းတဲ့ နေရာမှာရော၊ လေကြောင်းကပါ အထောက်အကူပြု တိုက်ခိုက်တဲ့အခါမှာပါ လက်နက်တွေ၊ စစ်လက်နက် ပစ္စည်းတွေ သုံးတဲ့အခါ ပြည်တွင်းထုတ် ပစ္စည်းတွေသုံးသလို ပြည်ပက တင်သွင်းတဲ့ စစ်လက်နက် ပစ္စည်းတွေလည်း သုံးပါတယ်။

လေတပ်မှာဆို တိုက်ခိုက်ရေးအတွက် မဟုတ်ဘဲ ထောက်လှမ်းရေး ဒရုန်းတွေရှိတယ်လို့ လူ့အခွင့်အရေးလေ့လာသူ ကိုနစ်ကီဒိုင်းမွန်းက သိထားပါတယ်။

လေတပ်မှာသုံးတဲ့ မောင်းသူမဲ့ ဒရုန်းတွေဟာ လူ့ခန္ဓာကိုယ်အပူချိန်ကို အာရုံခံနိုင်တဲ့ နည်းပညာနဲ့ ညဘက်တွေဆို PDF တွေရှိတဲ့နေရာကို ထောက်လှမ်းနိုင်တယ်လို့ ပြောပါတယ်။ လူအင်အား၊ လက်နက်နဲ့ စခန်းအနေအထားကိုသိပြီး နောက်ပိုင်းမှာ လေကြောင်းက သွားတိုက်ခိုက်တယ်လို့ ပြောပါတယ်။

ဥရောပအလယ်ပိုင်းက သြစတြီးယားလို နိုင်ငံက ဝေဟင်ကနေ မြေပြင်ကို ထောက်လှမ်းနိုင်တဲ့ မောင်းသူမဲ့ ဒရုန်းလေယာဉ် မြန်မာလေတပ်မှာ ရှိနေပါတယ်။ သြစတြီးယားလုပ် Camcopter S-100 ထောက်လှမ်းရေးဒရုန်း အပိုပစ္စည်းတွေကို ရုရှားကတစ်ဆင့် မြန်မာလေတပ်အတွက် မီယာဝင်း အင်တာနေရှင်နယ်ကုမ္ပဏီက ဝယ်ယူပေးပါတယ်။ ဒီကုမ္ပဏီကို ၁၉၉၆ ကတည်းက တည်ထောင်ထားတယ်လို့ ကမ္ဘာတစ်ဝန်းက ကုမ္ပဏီတွေကို သုတေသန လုပ်နေတဲ့ open corporates က ဖော်ပြပါတယ်။

တစ်ဆက်တည်း ညွှန်ကြားရေးမှူး ဦးနေထွဋ်ဝင်းဟာ ကုမ္ပဏီမှာ မလှုပ်ရှားတော့ဘူးလို့ ပြောပါတယ်။

မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်ကိုင်နေသူတွေကို သုတေသနလုပ်ဖော်ထုတ်နေတဲ့ Justice for Myanmar ကတော့ မီယာဝင်းအင်တာနေရှင်နယ်ကုမ္ပဏီဟာ Asia Golden Phoenix Consultancy Services Company Limited၊ Trio Core Distribution Company Limited တွေနဲ့ အနီးကပ် ဆက်စပ် ပတ်သက်တယ်လို့ မတ် ၂၁ ရက်နေ့က ဖော်ပြပါတယ်။

Asia Golden Phoenix Consultancy Services Company Limited ကို ၂၀၁၄ခုနှစ် နိုဝင်ဘာလက တည်ထောင်တယ်လို့ open corporates က ဖော်ပြထားပြီး မီယာဝင်း အင်တာနေရှင်နယ်ကုမ္ပဏီလိုပဲ ညွှန်ကြားရေးမှူး ဦးနေထွဋ်ဝင်းက ကုမ္ပဏီမှာ ဝင်မလှုပ်ရှားတော့ဘူးလို့ ဖော်ပြပါတယ်။

Trio Core Distribution Company Limited သုံးဦးဗဟိုဖြန့်ဖြူးရေးကုမ္ပဏီလီမိတက်မှာလည်း ညွှန်ကြားရေးမှူး ဦးနေထွဋ်ဝင်းက ဝင်မလှုပ်ရှားတော့ဘူးလို့လည်း ပြောပါတယ်။
ဦးနေထွဋ်ဝင်းဟာ အဲဒီကုမ္ပဏီ ၃ ခုမှာ ညွှန်ကြားရေးမှူးအဖြစ် တစ်နေရာမှာ တစ်ချိန်စီ ဆောင်ရွက်ခဲ့ပြီး မိတ်ဖက် စင်ကာပူကုန်သွယ်ရေးလုပ်ငန်း Trio Core Pte- Ltd မှာအစုရှယ်ယာ ထည့်ဝင်ထားရုံမက ညွှန်ကြားရေးမှူးလည်း လုပ်နေတယ်လို့ Justice for Myanmar ကပြောပါတယ်။

စင်ကာပူကုမ္ပဏီတွေ အကြောင်းဖော်ပြတဲ့ Record Owl ကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ခွဲကျော် ကတည်းက တည်ထောင်ထားတဲ့ ဒီကုမ္ပဏီက သက်ဝင်လှုပ်ရှားနေတယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သမီးဒေါ်ခင်သီရိသက်မွန်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေလို့ ပြောတဲ့ ဦးနေထွဋ်ဝင်းဟာ လောလောဆယ်မှာ Bamar Commodity Trading နဲ့ Meridian Trading & Services မှာ ညွှန်ကြားရေးမှူးတာဝန်ယူနေတယ်လို့ Justice for Myanmar က မတ် ၂၁ ရက်နေ့မှာ ပြောပါတယ်။

ကမ္ဘာတစ်ဝန်းက ကုမ္ပဏီတွေကို သုတေသနလုပ်တဲ့ open corporates စာရင်းကို မတ် ၂၂ ရက်နေ့မှာ ကြည့်တဲ့အခါ ၂၀၁၂ ခုနှစ်မှာ တည်ထောင်တဲ့ Bamar Commodity Trading ဗမာကုန်စည်ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်မှာ ဦးနေထွဋ်ဝင်းက ညွှန်ကြားရေးမှူး တာဝန်မယူတော့ဘူးလို့ ဖော်ပြပါတယ်။

ဒါတင်မက Meridian Trading & Services ကြယ်စင်မိုးမြင့် ရောင်းဝယ်ရေးနဲ့ ဝန်ဆောင်မှု လီမိတက်မှာလည်း ဦးနေထွဋ်ဝင်းဟာ ညွှန်ကြားရေးမှူးတာဝန်မယူတော့ဘူးလို့ ဖော်ပြပြန်ပါတယ်။

ဒါပေမဲ့ ဦးနေထွဋ်ဝင်း ညွှန်ကြားရေးမှူးလုပ်တဲ့ ကုမ္ပဏီအမျိုးမျိုးဟာ မြန်မာစစ်တပ်အတွက် လက်နက်တွေ ဝယ်ယူပေးတဲ့အကြောင်း Justice for Myanmar က အချက်အလက်တွေနဲ့ ဖော်ပြတာပါ။

မီယာဝင်းအင်တာနေရှင်နယ်ဟာ ဥရောပ လေကြောင်းဘေးကင်းလုံခြုံရေးအာဏာပိုင်အဖွဲ့ (EASA) ကနေ ၂၀၂၀ ဖေဖော်ဝါရီမှာ ချထားပေးတဲ့ ခွင့်ပြုချက်လိုင်စင်နဲ့ သြစတြီးယား Axis Simulation ကုမ္ပဏီက ATR-72 လေယာဉ် ပုံစံတူအမောင်းသင်ပေးတဲ့အခန်း ဝယ်ယူတယ်လို့ Justice for Myanmar ကပြောပါတယ်။

နောက်ဆုံး လက်ဝယ်အသုံးပြုသူ၊ ကြီးကြပ်လုပ်ကိုင်သူနဲ့ သင်တန်းပေးသူဟာ Asia Golden Phoenix Consultancy Services က ဖြစ်တယ်လို့ဆိုပါတယ်။

မီယာဝင်း အင်တာနေရှင်နယ်ဟာ ၂၀၁၅-၁၆ ခုနှစ်မှာ မြန်မာရေတပ်အတွက် လူဆယ်ယောက်သုံး လေဖိအား သုံး ထိန်းချုပ်ရေငုပ်ခန်း တင်သွင်းဖို့ တင်ဒါရပြီး ဂျာမနီနိုင်ငံက Haux Life Support Gmbh ကနေဝယ်ယူ ပါတယ်။

Asia Golden Phoenix ဝက်ဆိုဒ်မှာအဲဒီ Haux ကုမ္ပဏီကို မိတ်ဖက်အဖြစ် ဖော်ပြထားတဲ့အကြောင်း၊ ဆွစ်ဇာလန် Victorinox ကုမ္ပဏီလည်း မီယာဝင်းအင်တာနေရှင်နယ် ကွန်ရက်မှာပါရှိပြီး မီယာဝင်းနဲ့ ဆက်နွှယ်တဲ့ Trio Core Distribution ကုမ္ပဏီ ဟာ Victorinox ကုမ္ပဏီရဲ့ မိတ်ဖက် ဖြစ်တဲ့အကြောင်း စတာတွေလည်း Justice for Myanmar က ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။