သြစတေးလျနဲ့ မြန်မာစစ်တပ် ဆက်ဆံရေး
ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြရုံသက်သက်နဲ့ လက်နက်မဲ့သူတွေ၊ အပြစ်မဲ့ပြည်သူတွေကို လက်ဖြောင့်သေနတ်သမားက ခေါင်းတည့်တည့်ပစ်၊ ကျည်အစစ်တွေ၊ လေယဉ်တွေပါ သုံးပြီး အကြမ်းဖက်ဖြိုခွင်းနေတဲ့ မြန်မာစစ်တပ်နဲ့ ကမ္ဘာ့ ၁၃ နိုင်ငံဟာ စစ်ရေးသင်တန်း ဒါမှမဟုတ် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေတယ်လို့ Burma Campaign –UK ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့က ဒီလ ၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။
-
စမ်းစမ်းတင်(ဝါရှင်တန်ဒီစီ)
2021-03-04 -
-
-
ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြရုံသက်သက်နဲ့ လက်နက်မဲ့သူတွေ၊ အပြစ်မဲ့ပြည်သူတွေကို လက်ဖြောင့်သေနတ်သမားက ခေါင်းတည့်တည့်ပစ်၊ ကျည်အစစ်တွေ၊ လေယဉ်တွေပါသုံးပြီး အကြမ်းဖက်ဖြိုခွင်းနေတဲ့ မြန်မာစစ်တပ်နဲ့ ကမ္ဘာ့ ၁၃ နိုင်ငံဟာ စစ်ရေးသင်တန်း ဒါမှမဟုတ် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေတယ်လို့ Burma Campaign –UK ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့က ဒီလ ၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။
မြန်မာစစ်တပ်နဲ့ ဂျပန်၊ အိန္ဒိယ၊ ထိုင်း၊ ရုရှား၊ တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ယူကရိန်း၊ မြောက်ကိုရီးယား၊ နီပေါ၊ ပါကစ္စတန်၊ Balarus နဲ့ သြစတေးလျနိုင်ငံတို့ စစ်ရေးသင်တန်းဒါမှမဟုတ် စစ်ရေးပူးပေါင်းဆောင်ရွက်မှုရှိနေတယ်လို့ ပြောပါတယ်။
စစ်အာဏာ မသိမ်းခင် သီတင်းသုံးပတ်အလိုမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံကိုရောက်လာပြီး ဗိုလ်ချုပ်မှုုးကြီးမင်းအောင်လှိုင်နဲ့ ဇန်နဝါရီ ၁၂ ရက်က တွေ့ဆုံခဲ့ချိန်မှာ နိုင်ငံအသွင်ပြောင်းလဲရေးနဲ့ တိုးတက်ရေးအတွက် ထိုက်တန်တဲ့ အခန်းကဏ္ဍကပါဝင်တဲ့ တပ်ကို ထောက်ခံတယ်လို့ ပြောခဲ့တဲ့အကြောင်း New York Times သတင်းစာက ဖော်ပြဖူးပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြန်သွားလို့ တလမပြည့်ခင် စစ်အာဏာသိမ်းပါတယ်။ အဲဒိအချိန်ကစပြီး မြန်မာတပ်နဲ့ လုပ်နေတဲ့ စစ်သင်တန်းကိစ္စ ပြန်သုံးသပ်နေတယ်လို့ သြစတေးလျနိင်ငံက ပြောပေမယ့် ရပ်ဆိုင်းလိုက်တဲ့အကြောင်း မကြေညာသေးဘူးလို့ Burma Campaign –UK ကပြောပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေဟာ မြန်မာစစ်တပ်နဲ့ သြစတေးလျ အဆက်အသွယ်ရှိနေတာကို ကာလအတော်ကြာကပဲ ရပ်ဆိုင်းလိုက်ဖို့ စည်းရုံးနေကြပြီး ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်မှာ တိုက်တွန်းတာတွေ ပိုလို့ ပြင်းထန်လာချိန်မှာ ပြန်သုံးသပ်နေတယ်လို့ပြောတာပါ။
သြစတေးလျအစိုးရဟာ မြန်မာစစ်တပ်နဲ့ စစ်ရေးအရ ထင်ထင်ပေါ်ပေါ် ပူးပေါင်းဆောင်ရွက်နေတာမဟုတ်ပေမဲ့ စစ်အရာရှိတွေကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနဲ့ လူ့အခွင့်အရေးဥပဒေနဲ့ ဆိုင်တဲ့ သင်တန်းတွေပေးတယ်လို့ Freedom Information Laws က ပြောပါတယ်။ Freedom Information Laws အချက်အလက်လွတ်လပ်ခွင့် ဥပဒေအရ အစိုးရတွေဆီက အချက်အလက်တွေကို အများပြည်သူသိခွင့်ရှိပါတယ်။ တရားဝင်စာရွက်စာတမ်းတခုမှာ ရန်ကုန်မှာ တာဝန်ကျတဲ့ ကာကွယ်ရေးဌာနဝန်ထမ်းဟာ ရခိုင်ပြည်နယ်မှာ တွေ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမျိုးကို သြစတေးလျ အစီအစဉ်မှာ ပါဝင်တဲ့ သူတွေ မကျူးလွန်အောင် စောင့်ကြည့်တယ် ဆိုပါတယ်။
သီးခြားရေးကြတဲ့ အီးမေးလ်မှာ စစ်ရာဇဝတ်ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ တပ်မှာ ပါဝင်တဲ့ မြန်မာစစ်တပ်အဖွဲ့ဝင် နှစ်ယောက်ကို သြစတေးလျ တာဝန်ရှိသူတွေက စိစစ်တယ်လို့လည်း ပါရှိပါတယ်။ Freedom Information Laws က ရတဲ့ အချက်အလက်မှာ ၂၀၁၉ ကဆို ရန်ကုန်ကို ဆိုက်ကပ်တဲ့ လေတပ်ပို့ဆောင်ရေးလေယာဉ်ဆီ မြန်မာလေတပ် လာရောက်ဖို့ သြစတေးလျ တာဝန်ရှိသူတွေနဲ့ စစ်အရာရှိတွေက ဖိတ်ခေါ်ဖူးတယ်လို့ ပါရှိပါတယ်။
ဒါကို မြန်မာဘက်က စိတ်ဝင်စားမှာ သေချာပါတယ်လို့ ရန်ကုန်သြစတေးလျသံရုံးမှာ တာဝန်ကျတဲ့ စစ်အရာရှိတယောက်က ရေးသားတယ်လို့ဆိုပါတယ်။ သြစတေးလျ လေတပ်အဆင့်နိမ့်ဝန်ထမ်းက တွေ့ဆုံနုတ်ဆက်၊ ဒါမှမဟုတ် C-130J လေတပ် သယ်ယူပို့ဆောင်ရေးလေယာဉ်ကိုပြရင်ပြမှာ လို့ ဆိုပါတယ်။ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို အကြီးအကျယ်ဖိနှိပ်တဲ့ ၂၀၁၇ မှာလည်း သြစတေးလျနဲ့ မြန်မာတပ် ပူးပေါင်းဆောင်ရွက်မှု နှေးကွေးသွားတဲ့ အထောက်အထားမရှိဘူးလို့လည်း ထောက်ပြပါတယ်။
ခုစစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း ရေတပ်ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူချိန်တုန်းကဆို သြစတေးလျမှာ ၂၀၁၇ အောက်တိုဘာက ကျင်းပတဲ့ ရေတပ်ညီလာခံ တက်ရောက်တာကို ဥပမာပေးပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ သြစတေးလျ သံအမတ် Andrea Faulkner နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၁၉ မှာ တွေ့ခဲ့တာတွေ၊ ၂၀၁၉-၂၀၂၀ ဗဟိုအစိုးရဘတ်ဂျက်မှာ မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဒေါ်လာ ၃၃၀ ၀၀၀ လျာထားတာတွေ၊ ၂၀၂၀-၂၀၂၁ မှာ ဒိထက်တိုးပြီး ဒေါ်လာ ၃၆၀၀၀၀ လျာထားတာတွေကိုလည်း ဖော်ပြပါတယ်။ ဒီလိုလျာထားပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် နိုင်ငံတကာခရီးသွားလုပ်ငန်းထိခိုက်ရတဲ့အတွက် အမှန်တကယ် သုံးတဲ့ ပမာဏက အတော့်ကို နည်းမယ်လို့လည်း ဖော်ပြထားပါတယ်။