စစ်အာဏာသိမ်းမှုကြောင့် နှစ်ဖက်သတ်ဖြတ်ခံရသူ ရှစ်ထောင်ကျော်ရှိလာ
စစ်အာဏာသိမ်းပြီးနောက်မှာ အသတ်ခံရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ အရပ်သား ပြည်သူ ၃၄၄၄ ဦးအထိရှိလာနေပါတယ်။
-
RFA Burmese
2023-04-28 -
-
-
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်မှာ အသတ်ခံရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ နဲ့ အရပ်သား ပြည်သူ ၃၄၄၄ ဦးအထိရှိလာနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဧပြီလ ၂၇ ရက် မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဧပြီလ ၉ ရက်နေ့က စစ်ကောင်စီဘက်က ထုတ်ပြန်ချက်မှာလည်း ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် မတ်လ ၁၆ ရက်နေ့အထိ PDF တွေဘက်က တိုက်ခိုက်လို့ သေဆုံးရသူ အရပ်သား ၄၆၄၅ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။
“ဒီဘက်ကနေလည်း သူလျှို၊ ဒလန်ဆိုပြီးတော့မှ ဖြေရှင်းကြတာတွေလည်းရှိတယ်"
ဒါကြောင့် နှစ်ဖက်ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် သေဆုံးရသူဟာ ၈၀၈၉ ဦး အထိ ရှိလာနေတာ တွေ့ရပါတယ်။
အပြစ်မဲ့ အရပ်သား ထိခိုက်သေဆုံးမှုတွေဟာ နှစ်ဖက်စလုံးမှာရှိနေတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ပြောပါတယ်။
“အောက်ခြေမှာ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်နဲ့ ဒလန်လို့ တံဆိပ်ကပ်လိုက်ပြီးတော့ သတ်တာမျိုး ဘာညာ ကျွန်တော်တို့ လူမှုကွန်ရက် မီဒီယာတွေမှာ တွေ့နေရတာရှိတယ်။ တချို့ကိစ္စတွေကျတော့လည်း အထင်နဲ့ လုပ်တာမျိုးရှိတယ်။ တချို့ကျတော့လည်း မှားပြီးတော့ အသတ်ခံရတာမျိုးတွေလည်း ရှိတယ်။ ဗုံးကြဲတဲ့ ကိစ္စမျိုးဆိုရင်လည်း ခုနကပြောတဲ့ လက်နက်ကိုင် တိုက်နေတဲ့ PDF တွေ ရှိတယ်ဆိုပြီးတော့ အရပ်သားတွေ ပါနေတာသိရက်နဲ့ ရောကြိတ်လိုက်တာမျိုးတွေလည်းရှိတယ်။ နှစ်ဖက်စလုံးမှာတော့ အပြစ်မဲ့တဲ့ အရပ်သား ထိခိုက်နစ်နာ သေဆုံးမှုတွေ တွေ့နေရတယ်ဗျ”
NUG နဲ့ စစ်ကောင်စီတို့ဟာ တစ်ဖက်နဲ့ တစ်ဖက် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားပြီး အပြုတ်တိုက်ရေး လမ်းစဉ်အတိုင်း ဆက်သွားဖို့ ကြိုးစားနေတာကြောင့် သေကြေပျက်စီးမှုတွေလည်း တိုးလာနေတာလို့ ဦးရဲထွန်းက ပြောပါတယ်။
မြန်မာနိုင်ငံအရေးကို အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာကြဖို့ နိုင်ငံတကာက တိုက်တွန်းနေပေမယ့် နှစ်ဖက်စလုံးက စိတ်ဝင်စားဟန် မပြကြပါဘူး။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ စမ်းချောင်းမြို့နယ် ဒုတိယ ဥက္ကဋ္ဌ ဦးဘိုဘိုဦးကတော့ ပြည်သူတွေဟာ သူ့နည်းသူ့ဟန်နဲ့ ခုခံကာကွယ်ဖို့အတွက် ကြိုးပမ်းနေရတာသာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“ကျွန်တော့် အမြင်ကတော့ ပြည်သူတချို့ကပေါ့နော်။ ခုခံစစ်ကို ဆင်နွှဲနေရတာဗျ။ ဘာဖြစ်လို့ ခုခံစစ်ကို ဆင်နွှဲနေရလဲဆိုတော့ တစ်ဖက်သတ်ဗျာ။ ငြိမ်းချမ်းစွာ ဆန္ဒပြ တဲ့သူတွေကို စစ်မြေပြင်သုံး မောင်းပြန်သေနတ်တွေနဲ့တင် မကဘူးဗျာ။ ပစ်ခတ်ချေမှုန်း ပြီးတော့ အနိုင်ကျင့်ခံတာဗျ။ စစ်ကောင်စီကပေါ့နော်။ အဲဒါကို ပြည်သူလူထုက သူ့နည်း သူ့ဟန်နဲ့သူ ခုခံပြီးတော့ အသက်အိုးအိမ် စည်းစိမ်ကို သူ့ဟာသူ ခုခံကာကွယ်ဖို့အတွက် ကိုပဲ ကြိုးပမ်းနေရတယ်လို့ပဲ ကျွန်တော်တော့ မြင်ပါတယ်”
လောလောဆယ် စစ်ဘောင်ကျယ်နေတဲ့အချိန်မှာ ငြိမ်းချမ်းရေးနဲ့ ဝေးကွာနေပေမယ့် ဘယ်စစ်ပွဲမဆို အဆုံးသတ်ဆိုတာတော့ရှိတယ်လို့ ဦးဘိုဘိုဦးက ပြောပါတယ်။
စစ်အာဏာသိမ်းထားသရွေ့ အပြန်အလှန် သတ်ဖြတ်မှုတွေကတော့ ဖြစ်နေဦးမှာပဲလို့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် တပ်ရင်း - ၂ တပ်ရင်းမှူး ကိုညာကြီးက ပြောပါတယ်။
“ဒီဘက်ကနေလည်း သူလျှို၊ ဒလန်ဆိုပြီးတော့မှ ဖြေရှင်းကြတာတွေလည်းရှိတယ်။ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေဘက်ကပေါ့နော်။ သူတို့ဘက်ကကျတော့လည်း သူတို့ကို မထောက်ခံတဲ့သူ မှန်သမျှ ကျန်တဲ့သူကို ရန်သူလို သဘောထားနေတာပေါ့နော်။ အဲဒါကြောင့် ကျွန်တော်တို့က အပြန်အလှန် သတ်ဖြတ်မှုတွေဖြစ်တာ။ အပြန်အလှန် သတ်ဖြတ်မှုကလည်း ဖြစ်နေဦးမှာပဲဗျ”
သူတို့ တပ်ရင်းတပ်ဖွဲ့အနေနဲ့တော့ ဒလန်ရှင်းလင်းတာမျိုး မလုပ်ဘဲ ဒလန်လို့ သံသယရှိခဲ့ ရင်လည်း သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တွေဆီကို အကြောင်းကြားပြီးတော့ သူတို့ကိုပဲ စိစစ်အရေးယူခိုင်းတယ်လို့ ကိုညာကြီးက ပြောပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ငြိမ်းချမ်းစွာ ဆန္ဒပြနေ တဲ့ ပြည်သူတွေကို စစ်တပ်က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းလို့ အခုလို အခြေအနေထိ ရောက်ရှိလာတာဖြစ်တယ်လို့လည်း သူကပြောပါတယ်။
အခုလို နှစ်ဖက်စလုံးမှာ သတ်ဖြတ်ခံရတဲ့ အကြောင်းရဲ့ အဓိက အကြောင်းရင်းကတော့ NLD ပါတီရဲ့ မဲမသမာမှုကို မဖြေရှင်းခဲ့လို့ ဖြစ်တယ်ဆိုတာကို သဘောပေါက်ကြဖို့လိုတယ် လို့ စစ်တပ်အရာရှိတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂ မဟာဗျူဟာလေ့လာရေးအင်စတီကျုရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်။
“မဲမသမာမှု ဖြစ်လာတဲ့အချိန်မှာ ဖြေရှင်းဖို့ တပ်ဘက်က အချိန်အတိုင်းအတာတစ်ခုထိ စောင့်ခဲ့တယ်။ အဲဒီချိန်မှာ ဖြေရှင်းလိုက်လို့ရှိရင် ဒီနေ့ ဒီပြဿနာက ဖြစ်လာစရာ အကြောင်းမရှိဘူး။ နိုင်ငံရေး လေ့လာသုံးသပ်သူ တော်တော်များများလည်း အဲဒီ အချက်ကို ထောက်ပြခဲ့ကြတယ်။ ဖြေရှင်းလိုက်လို့ရှိရင် အခြေအနေတစ်ခု နေရာတစ်ခု အချိန်ကာလတစ်ခုမှာ တော်တော်ကြီးကို Tension လျော့သွားမယ့် အနေအထားရှိတယ်။ ဒါပေမဲ့ အဲဒီပုံစံမဖြစ်ဘဲနဲ့ တစ်ဖက်ကလည်း လုံးဝအစွန်းကို ရွေးသွားခဲ့တယ်”
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ အချိန်နှစ်နှစ်ကျော်အတွင်း သတ်ဖြတ်ခံရသူ အရပ်သား ၄၆၄၅ ဦးအပြင် ပညာရေးဝန်ထမ်း ၆၇ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၄ ဦး၊ အခြားဝန်ထမ်း ၂၃၅ ဦး၊ သံဃာ အပါး ၇၀၊ သီလရှင်နှစ်ပါးလည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဖော်ပြထား ပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အရပ်သားတွေကို ဖမ်းဆီး သတ်ဖြတ်တာမျိုး သူတို့ဘက်က မလုပ်ဘူးလို့ သတင်းမီဒီယာတွေကို ငြင်းဆိုထားပါတယ်။
စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် အခုလို ဖြစ်ရပ်တွေ ပေါ်ပေါက်လာရတာလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“ဒီလို ဖြစ်လာတာတွေဟာ စကစရဲ့အကြမ်းဖက်မှုကြောင့် စတင်လာခြင်းဖြစ်တယ်။ ဒါပေမဲ့ ပြည်သူလူထုက အကြမ်းဖက် တိုက်ခိုက်ရေးကို တွန်းလှန်တိုက်ခိုက်တဲ့နေရာမှာ သတင်းပေးတွေ သူလျှို၊ ဒလန်တွေကို ချေမှုန်းဖို့လိုအပ်တယ်ဆိုတဲ့ အမြင်တစ်ရပ် ပေါ်ပေါက်လာတဲ့အခါမှာ ကျနော်တို့ သာမန်အရပ်သားထဲက စစ်ကောင်စီကိုလိုလားတဲ့ အင်အားစုတွေ သတ်ဖြတ်ခံနေရတာဖြစ်ပါတယ်”
လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေမတည်မငြိမ်ဖြစ်နေဟာ ကျရှုံးနိုင်ငံအဖြစ်ကို ရောက်ရှိနေ တာဖြစ်ပြီး ဒီထက်ပိုဆိုးသွားမယ့် အလားအလာရှိနေတယ်လို့ လေ့လာစောင့်ကြည့်သူတွေ က ပြောပါတယ်။