ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမှာ တိုက်ပွဲပြင်းထန်နေ
မိုးဗြဲမြို့နယ် ညောင်ဝိုင်းရပ်ကွက် အနီးမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ကြီးထိမှန်လို့ စစ်ဘေးရှောင်နေတဲ့ သံဃာတစ်ပါး အပါအဝင် အရပ်သားအချို့ထိခိုက်မှု ရှိခဲ့ပါတယ်။
-
RFA Burmese
2023-04-26 -
-
-
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ် ညောင်ဝိုင်းရပ်ကွက်မှာ ဧပြီ ၂၆ ရက် ဒီမနက် ၇ နာရီကနေ ၁၀ နာရီအထိ စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးဗြဲမြို့အတွင်းအထိ ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ဖယ်ခုံအခြေစိုက် ခမရ - ၃၃၆ နဲ့ အမြှောက်တပ်၊ မိုးဗြဲရေကာတာအနီးက ခလရ (၄၂၂) နဲ့ လွိုင်ကော်အမြှောက်တပ်တို့ကနေလည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီးကျည်တချို့ အရပ်သားနေအိမ်တွေကို ထိမှန်တာကြောင့် မိုးဗြဲမြို့ ညောင်ဝိုင်း ရပ်ကွက်က သံဃာတစ်ပါး အပါအဝင် စစ်ဘေးဒုက္ခသည်အချို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မိုးဗြဲဒေသခံ တစ်ဦးက ပြောပါတယ်။
“၇ နာရီခွဲကနေ အခုထိပေါ့နော် အခုမှ နည်းနည်းလေး ရပ်သွားတာ၊ ဂျက်ဖိုက်တာနဲ့ သုံးခေါက်ဗုံးလာကြဲ သွားတယ်လေ။ တိုက်ပွဲတော်တော်လေး ကြာသွားတယ်။ အဘက်ဘက် အရပ်ရပ်ကနေ လက်နက်ကြီးတွေနဲ့ ထုံးစံအတိုင်းပေါ့ဗျာ။ အိုးပျက် အိမ်ပျက် အပစ်မဲ့လူထုတွေထိ၊ နောက် ညောင်ဝိုင်း ဘုန်းကြီးကျောင်းမှာလည်း စစ်ရှောင်တွေထိ၊ နောက် ဘုန်းကြီးတစ်ပါးလည်း ထိသွားသေးတယ်လေ။ ဒီညောင်ဝိုင်း ရပ်ကွက်သူ ရပ်ကွက်သားတွေလည်း အားလုံး ကျောင်းမှာပဲ နေရတာ။ ရပ်ကွက်ထဲမှာက စစ်တပ်တွေ ရှိတာကိုး။ အခုက ဘုန်းကြီးလည်း ထိသွားတာပေါ့နော်။ ခေါင်းမှာ ထိသွားတယ်။ ဒဏ်ရာတော့ နည်းနည်း ပြင်းတယ်။ အသက်အန္တရာယ်တော့ မဖြစ်နိုင်ဘူးပေါ့”
လက်နက်ကြီးကျည်တွေ ကျရောက်ချိန်က ညောင်းဝိုင်းဘုန်းတော်ကြီးကျောင်းမှာ ဒုက္ခသည် ၆၀ ဝန်းကျင်လောက် ခိုလှုံနေတာကြောင့် အခုလို ထိခိုက်ဒဏ်ရာရခဲ့ကြတာလို့ သူက ပြောပါတယ်။ ဦးခေါင်း ဒဏ်ရာရသွားတဲ့ သံဃာတော်ဟာ မိုးဗြဲမြို့အရှေ့ဘက် ကမ်းကျိုင်းရွာကနေ စစ်ဘေးရှောင်လာတာလို့လည်း သူက ဆိုပါတယ်။
မိုးဗြဲ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ အရာရှိတစ်ဦးကတော့ ဒီနေ့မနက်မှာ ညောင်ဝိုင်းရပ်ကွက်အနီး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို သူတို့ဘက်က စတင်တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၁၅ ဦး သေဆုံးခဲ့ပြီး လက်နက် ၁၂ လက်နဲ့ စစ်ကောင်စီတပ်သား နှစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြောပါတယ်။
ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး RFA က သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။
မိုးဗြဲမြို့မှာ မြို့ပေါ်ရပ်ကွက် ၁၀ ရပ်ကွက်ရှိပြီး တိုက်ပွဲကြောင့် ရပ်ကွက် ငါးခုက ဒေသခံ အားလုံး စစ်ဘေးရှောင်နေကြရသလို ကျန်တဲ့ရပ်ကွက်က ဒေသခံအများစုလည်း နီးစပ်ရာ ဆွေမျိုးအိမ်တွေကို တိမ်းရှောင်နေကြရတယ်လို့ မိုးဗြဲဒေသခံတွေက ပြောပါတယ်။ ငွေကြေးခက်ခဲသူတွေနဲ့ သွားစရာမရှိတဲ့ ဒေသခံတွေလောက်သာ မြို့ပေါ် ဘုန်ကြီးကျောင်းနဲ့ နေအိမ်တွေမှာ ကျန်ခဲ့ကြတယ်လို့ မိုးဗြဲဒေသခံက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံမြို့နယ်အတွင်းမှာ အခုနှစ်ဆန်းပိုင်းကစလို့ စစ်ကောင်စီတပ်ဘက်က အင်အား ဖြည့်တင်းခဲ့ပြီး ကရင်နီတပ်မတော် KA၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေတာပါ။
အခုလ ၂၄ ရက်နေ့မှာဆိုရင် ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ် အစပ်မှာရှိတဲ့ မြောက်စလုံး ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်အခြေစိုက် စကခ (၂) တပ်ရင်းကို KNDF တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ အရာရှိတစ်ဦးအပါအဝင် စစ်ကောင် စီတပ်သား ၂၀ ဝန်းကျင် သေဆုံးခဲ့ပါတယ်။ လက်နက် အမြောက်အများလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီ စစ်ဘက်ရေးရာ သတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူ ခူးညေးရယ်က ပြောပါတယ်။
"၇ နာရီခွဲကနေ အခုထိပေါ့နော် အခုမှ နည်းနည်းလေး ရပ်သွားတာ၊ ဂျက်ဖိုက်တာနဲ့ သုံးခေါက်ဗုံးလာကြဲ သွားတယ်လေ။"
ဒီတိုက်ခိုက်မှုအပြီး ဧပြီလ ၂၅ ရက် နေ့လယ်ပိုင်းမှာတော့ စစ်ကောင်စီက ပင်လောင်းနဲ့ ဖယ်ခုံကြားက ဆောင်းဖွေးရွာ ဆေးပေးခန်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ကျန်းမာရေးဝန်ထမ်း နှစ်ဦးအပါအဝင် စုစုပေါင်း ငါးဦး ဒဏ်ရာရခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု PKPF တာဝန်ရှိသူက ပြောပါတယ်။ ဒဏ်ရာရသူထဲမှာ အမျိုးသမီးနှစ်ဦး၊ အမျိုးသား သုံးဦး ပါဝင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က အခုရက်ပိုင်း မြေပြင်တိုက်ပွဲတွေမှာ အထိနာလာတာကြောင့် အရပ်သားတွေရှိတဲ့ ဆေးရုံဆေးခန်းတွေနဲ့ မြို့ပေါ်ရပ်ကွက်တွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာလို့ PKPF တာဝန်ရှိသူက ပြောပါတယ်။
“တိုက်ပွဲက ၂၁ ရက်နေ့ကနေ စတယ်ပေါ့နော်။ စစ်ကောင်စီက ဖယ်ခုံ၊ ပင်လောင်းကနေ စစ်ကြောင်း ထပ်ထိုးလာတော့ နှစ်ဖက်အပြန်အလှန် ထိတွေ့မှုတွေဖြစ်ပြီး မနေ့က ၂၅ ရက်နေ့ အထိပေါ့၊ တစ်ဆက်တည်းမှာပဲ မိုးဗြဲ၊ ဖယ်ခုံဘက်မှာလည်း ပြည်သူ့ ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်နဲ့က အပြန်အလှန် တိုက်ပွဲပြင်းထန်နေတာ။ စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူး အပါအဝင် လက်နက်တွေရတာကို ဖော်ပြလိုက်တော့ စစ်ကောင်စီဘက်က စစ်ပွဲဖြစ်နေတဲ့ နေရာမဟုတ်ဘဲနဲ့ ဆေးရုံဆေးခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တယ် ဆိုတဲ့ဟာမျိုး တွေ့ရတာပေါ့။ ဆိုလိုချင်တာက စစ်ကောင်စီက လက်နက်ရော လူရော ထိခိုက်အကျအဆုံးများလို့ လေကြောင်းတွေကို ဖိပြီးသုံးလာတယ်လို့ အဲလိုပဲ ပြောရမှာပေါ့”
ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးနဲ့ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်တို့ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာတော့ ဆောင်းဖွေး ကျေးရွာဆေးခန်းမှာ တပ်စွဲထားတဲ့ KNPP/KNDF တပ်ဖွဲ့တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
KNDF သတင်းပြန်ကြားရေး တာဝန်ရှိသူကတော့ အဲဒီဆေးခန်းမှာ ကာကွယ်ရေးတပ်တွေ ရှိနေတယ်ဆိုတာဟာ စွပ်စွဲချက် သက်သက်သာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
“ဒီနေရာတွေက ကျွန်တော်တို့ တပ်ရင်းတပ်ဖွဲ့တွေ တပ်စွဲဖို့မပြောနဲ့ ကျွန်တော်တို့ တပ်ရင်းတပ်ဖွဲ့ တွေရှိတဲ့နေရာနဲ့ အလှမ်းဝေးပါတယ်။ ဒါသက်သက်မဲ့ စွပ်စွဲပြောဆိုတာမျိုး ဖြစ်တယ်။ တကယ့် မြေပြင်မှာက လူတိုင်း မြင်နိုင်ပါတယ်။ ဒီနေရာက စစ်ဘေးရှောင်တွေ တကယ့်ရွာသားတွေပဲ နေတဲ့နေရာ ဖြစ်တယ်။ စစ်ကောင်စီဘက်က သူတွေတော့ ဒီလိုပဲ စွပ်စွဲပြောဆိုနေကြပဲပေါ့နော်။ ဒီတိုက်ခိုက်မှုက ထင်သာမြင်သာတဲ့ ပြည်သူလူထုကို သက်သက်မဲ့ ရန်သူသဖွယ် ပစ်မှတ်ထားပြီးမှ တိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုမျိုးပဲ ဖြစ်တယ်”
စစ်ကောင်စီက လေကြောင်းနဲ့ လေးကြိမ် ဗုံးကြဲခဲ့ပြီး ဗုံးသုံလုံးက ဆေးခန်းအနီးကျခဲ့သလို တစ်လုံးကတော့ မပေါက်ကွဲခဲ့ဘူးလို့ မိုးဗြဲ PDF တပ်ဖွဲ့ အရာရှိက ပြောပါတယ်။
ဆောင်းဖွေးဆေးခန်းဟာ ကုတင် ၁၂ လုံးသာရှိတဲ့ ကိုယ်ထူကိုယ်ထ ဆေးခန်းလေးဖြစ်ပြီး လေကြောင်းတိုက်ခိုက်ခံရချိန်မှာ မီးဖွားနေတဲ့ စစ်ဘေးဒုက္ခသည် အမျိုးသမီးတွေ ရှိနေတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။ စစ်ကောင်စီက ဒီလိုတိုက်ခိုက်မှုတွေကို နေရာတိုင်းမှာ ကျူးလွန်နေပြီး ဒါဟာ ပြည်တွင်း စစ်ဥပဒေနဲ့ နိုင်ငံတကာ စစ်ဥပဒေတွေကို ချိုးဖောက်တာဖြစ်တယ်လို့ ကိုဗညားက ဆိုပါတယ်။
အရပ်သားတွေရှိနေတဲ့ ကျေးလက်ဆေးပေးခန်းကို လေကြောင်းကနေ တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုသာမက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုလည်း မြောက်တယ်လို့ ကိုဗညားက ပြောပါတယ်။
“ပစ်ခတ်တဲ့ပုံစံတွေကို ကြည့်ရင် ဒါက လူသားမျိုးနွယ်စုအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်တယ်လို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့က အစကတည်းက အစီအစဉ် ရှိထားပြီးသားဖြစ်တယ်။ ဒေသတစ်ခုတင် မကဘူးပေါ့ အများကြီးမှာ အဲလိုဖြစ်တယ်။ နောက်ပြီး တစ်ခေါက်တည်းဖြစ်တာမဟုတ်ဘူး အကြိမ်ပေါင်းများစွာ နေရာပေါင်းများစွာကို ဒီလိုမျိုးပုံစံအတိုင်း အစီအစဉ်ချပြီး တိုက်ခိုက်နေတာပေါ့နော်။ ဒါလူထုတွေ သေအောင် လူထုတွေ အဲဒီနေရာတွေမှာ နေလို့မရအောင် တွန်းပို့တာတွေ လူထုတွေရဲ့အခြေခံ ကျန်းမာရေး ဝန်ဆောင်မှုတွေ စားနပ်ရိက္ခာပျက်စီးအောင် ပြုလုပ်ခြင်းအားဖြင့် လူထုတွေ ဆက်နေလို့မရဘဲ တခြားရွှေ့မယ်။ ဒီလိုရွှေ့တဲ့အတွက် ကျန်းမာရေး၊ ပညာရေး စားနပ်ရိက္ခာ ပြတ်တောက်မှုတွေက အသက်အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်တဲ့ အဲဒါက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်တယ်ပေါ့နော်”
တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ အခုလ ၁ ရက် နောက်ဆုံး ထုတ်ပြန်ချက်အရ ရှမ်းပြည်တောင်ပိုင်းနဲ့ ကယားပြည်နယ်အတွင်းမှာ ၂၀၂၁ ဖေဖော်ဝါရီလ ကနေ ၂၀၂၃ မတ်လအထိ အာဏာသိမ်း ၂၅ အတွင်း စစ်ကောင်စီနဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲပေါင်း ၆၅၀ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၃၁၀ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျူ ISP Myanmar က အခုလ ၁၀ ရက် နေ့ထုတ် ပြန်ချက်မှာတော့ စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ နောက်ပိုင်း ကစပြီး ရှမ်း-ကယား နယ်စပ်မှာ တိုက်ပွဲပေါင်း ၈၂ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး စစ်အုပ်ချုပ်ရေး မကြေညာခင်ကထက် တိုက်ပွဲ သုံးဆကျော် တိုးလာတယ်လို့ ဆိုပါတယ်။
တိုက်ပွဲကြောင့် ရှမ်းကယားနယ်စပ်မှာ စစ်ဘေးဒုက္ခသည် ၂၆,၀၀၀ ကျော်အထိ တိုးလာတယ်လို့လည်း ISP Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။