အာဏာသိမ်းပြီးနောက် ကချင်မှာသယံဇာတတူးဖော်မှု ၁၀ ဆကျော် တိုးလာ
အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ သယံဇာတ တူးဖော်မှုတွေ ပိုများလာတယ်လို့ K –SAG အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
-
RFA Burmese
2023-04-26 -
-
-
စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ မြေရှားသတ္တု၊ ပယင်း၊ ရွှေ၊ သစ် စတဲ့ သယံဇာတ တူးဖော်ထုတ်လုပ်မှုတွေ သိသိသာသာမြင့်တက်လာသလို တရားမဝင် ရွှေတူးဖော်မှုက ၁၀ ဆကျော်များလာတယ်လို့ ကချင်ပြည်နယ် အခြေစိုက် သယံဇာတ တူးဖော်မှုတွေကို စောင့်ကြည့်နေတဲ့ Kachin State Accountability Resource Governance (K-SAG) အဖွဲ့က ဧပြီလ ၂၃ ရက်စွဲနဲ့ အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
ဒီအဖွဲ့ဟာ စစ်အာဏာမသိမ်းခင်ကတည်းက ကချင်ပြည်နယ်ရဲ့ သယံဇာတတူးဖော်မှုတွေကို စောင့်ကြည့် လေ့လာနေတဲ့အဖွဲ့ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အဖမ်းအဆီးတွေလည်းမရှိတော့သလို သက်ဆိုင်ရာက ကွင်းဆင်းစစ်ဆေးတာတွေလည်း မရှိတော့လို့ တရားမဝင် သယံဇာတတူးဖော်မှုတွေ ပိုပြီးများလာတာလို့ အစီရင်ခံစာအတွက် ဦးဆောင်ပြီး သုတေတနပြုခဲ့တဲ့ ဒေါ်အဲလစ် (Alice) က RFA ပြောပါတယ်။
"လက်ရှိပေါ့ လုံးဝအဖမ်းအဆီးမရှိဘူး။ ပြီးလို့ရှိရင် ကွင်းဆင်းတာမရှိဘူးပေါ့နော်။ အဲလိုအနေအထားတွေ ဖြစ်နေတဲ့အခါကျတော့။ ဥပမာ အစက ပူတာအိုမှာ အာဏာမသိမ်းခင်ကဆိုရင် မရှိဘူးမဟုတ်ဘူး၊ ရှိတယ်၊ နည်နည်းလေးပဲရှိတယ်။ အဲကနေ အခု ၁၀ ဆ ဆိုတော့ တော်တော်ဆိုးတယ်။။ ပိုဆိုးတာက ၂၀၂၁ က စီးပွားရေးသမားတွေက သွေးတိုးစမ်းတဲ့အနေနဲ့ပဲ ရှိသေးပေမယ့် ဒီအခြေအနေအရဆို လုပ်ရင်တော့ မြန်မြန်လုပ်ဖို့ လိုတယ်ပေါ့နော်။ အဲလိုမျိုးပဲ။ သူတို့ရဲ့ လောဘနဲ့ လုပ်တဲ့အခြေအနေကြောင့် ၂၀၂၂ ဆို ပိုဆိုးတာတွေ့တာမို့ အဓိက ဒေသခံတွေရဲ့ အသံကိုလည်း နားထောင်ပြီးမှ သူတို့ကိုလည်း သနားတာပေါ့နော်။ ဒါကြောင့် ဒီထုတ်ပြန်မှုကို လုပ်ကိုလုပ်မှ ရတော့မယ်။ မလုပ်ရင် ပိုဆိုးမယ်။ အဲလိုမျိုးမြင်ပြီး ကျမတို့လုပ်ခဲ့တာ"
"အခွန်အကောက်များ"
မြစ်ကြီးနားမြို့နယ်က ဧရာဝတီမြစ်ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က ရွှေတူးဖော်မှု စက်ဆိုင်း ၇၀ ကျော်သာ ရှိခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ မှာ ရွှေတူးဖော်တဲ့ စက်ဆိုင်းပေါင်း ၁၀၀၀ ကျော်နဲ့ ၂၀၂၂ မှာ ၈၀၀ ကျော်လောက်ထိ များလာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်က ကချင်ပြည်နယ် မြို့နယ် ၁၂ ခုမှာ ရွှေအသေးစားလုပ်ကွက် ၂၇၀၊ လက်လုပ်လက်စားလုပ်ကွက် ၆၄ ခုကို ခွင့်ပြုခဲ့ပြီး မြစ်ချောင်းဘေးတွေမှာ တူးဖော်မှုကို တားမြစ်ခဲ့ပါတယ်။
ဒီအစီရင်ခံစာကို ၂၀၂၂ ဇွန်လကနေ နိုဝင်ဘာလအထိ ခြောက်လအတွင်း ကချင်ပြည်နယ် မြို့နယ် ကိုးမြို့နယ်က လုပ်ငန်းရှင်၊ ကျင်းသား၊ ဒေသခံ စုစုပေါင်း လူ ၃၃၀ ကို ကွင်းဆင်းမေးမြန်းချက်ရော၊ ဖုန်းနဲ့ဆက်သွယ်ပြီး ကောက်ယူခဲ့တဲ့စစ်တမ်းတွေမှာပါ အခြေခံပြီး ထုတ်ပြန်တာလို့ ဖော်ပြထားပါတယ်။
ရွှေတူးဖော်မှုအတွက် ပူတာအို၊ မချမ်းဘော့၊ ဆွမ်ပရာဘွမ်၊ တနိုင်း၊ ရှင်ဗွေယန်မြို့နယ်ခွဲ၊ မိုးညှင်း၊ ချီဖွေ၊ ဝိုင်းမော်နဲ့ မြစ်ကြီးနား စတဲ့ မြို့နယ် ကိုးခုမှာ စစ်တမ်းကောက်ယူခဲ့တာလို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ရွှေတူးဖော်မှုတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ စစ်ကောင်စီ၊ နယ်မြေခံ ပြည်သူ့စစ်တွေကို အခွန်ပေးဆောင်ပြီး တူးဖော်နေကြတာလို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြေ တစ်ဧက ရွှေလုပ်ကွက်တစ်ခုကို တစ်ရာသီစာအဖြစ် KIA ကို ကျပ် သိန်း ၅၀၊ စစ်ကောင်စီတပ်ကို ကျပ်သိန်း ၄၀၊ ပြည်သူ့စစ်တွေကို ကျပ်သိန်း ၅၀ ပေးရပြီး အခြား စက်ယန္တယားတွေအတွက် ပေးရတာလည်းရှိတယ်လို့ အစီရင်ခံမှာ ပါရှိပါတယ်။
ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်မှုတွေကိုလည်း ပေ ၁၀၀ ပတ်လည် မြေနေရာတစ်ခုအတွက် KIA ကို ကျပ်သိန်း ၁၅၀၀ နဲ့ ၂၀၀၀ ကြား ပေးရသလို စစ်ကောင်စီတပ်ကိုလည်း ကျပ်သိန်း ၂၀၀၀ ကနေ ၃၀၀၀ ကြား ပေးပြီး တူးဖော်နေကြတာလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ သူတို့ အစိုးရလက်ထက်မှာ တရားဝင် သယံဇာတတူးဖော်ခွင့်တွေ မပေးထားဘူးလို့ RFA ကိုပြောပါတယ်။
"အစိုးရအနေနဲ့ကတော့ ရှင်းတယ်၊ တရားဝင်ခွင့်ပြုထားတာမရှိဘူး။ သယံဇာတတို့၊ ကျောက်စိမ်းတို့၊ မြေရှားတို့ အားလုံးပေါ့။ နိုင်ငံတော်ရဲ့ မူအတိုင်းပဲ သွားတာပေါ့။ အခုဟာက ကျွန်တော်တို့ အရင်ရှေ့မှာလည်း သတင်းတွေ တက်ထားတာ ရှိတယ်ဗျ။ ဒီ တရားမဝင်တူးတဲ့ကိစ္စတွေများလာတယ်။ များလာတော့ အဲကိစ္စတွေကတော့ နောက်နေပြီးတော့ တောက်လျှောက်အစိုးရကနေ တရားဥပဒေအရ အရေးယူတာတို့၊ ဖမ်းဆီးတာတို့၊ ဒါတွေက တောက်လျှောက်လုပ်နေပါတယ်"
"စည်မျဉ်း၊ စည်းကမ်းဆိုတာကတော့ ဒီသယံဇာတတွေ တူးဖော်တဲ့နေရာမှာ ပြည်သူလူထုနယ်မြေ ခြံနေရာတို့၊ သမိုင်းဝင်နေရာတို့ ထင်ထင်ရှားရှား ဖြစ်နေတဲ့ နေရာတွေကို သယံဇာတ မတူးဖော်ဖို့ပေါ့"
KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ သယံဇာတ တူးဖော်မှုတွေကို စည်းမျဉ်း စည်းကမ်းတွေနဲ့ အညီလုပ်ဆောင်နေတာလို့ RFA ကို ပြောပါတယ်။
"KIO အနေနဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်တာကတော့ရှိပါတယ်။ စည်မျဉ်း၊ စည်းကမ်း ဆိုတာကတော့ ဒီသယံဇာတတွေ တူးဖော်တဲ့နေရာမှာ ပြည်သူလူထုနယ်မြေ ခြံနေရာတို့၊ နောက် ကျနော်တို့ရဲ့ သမိုင်းဝင်နေရာတို့ ထင်ထင်ရှားရှား ဖြစ်နေတဲ့ နေရာတွေကို သယံဇာတ မတူးဖော်ဖို့ပေါ့။ ကျနော်တို့ လမ်းညွှန်ချက်တွေ KIC (ကချင်လွတ်မြောက်ရေးကောင်စီ) ကနေ ချမှတ်ထားတာ ရှိပါတယ်။ အဲဒါကို ကိုယ့်ရဲ့ ဒီဒေသခံ အစိုးရပေါ့။ အုပ်ချုပ်ရေးဌာနတို့၊ စီးပွားရေးဌာနတို့က အဲဒါကို အခြေခံပြီးမှ တူးသင့်၊ မတူးမသင့်ကို သူတို့ကနေ သတ်မှတ်ပြီး ဒီလုပ်ငန်းတွေကို လုပ်တာ ဖြစ်ပါတယ်"
အခွန်ကိစ္စတွေနဲ့ စီမံမှုအသေးစိတ်အချက်အလက်တွေကိုတော့ အုပ်ချုပ်ရေးဌာနနဲ့ စီးပွားရေးဌာနတွေက ပိုသိနိုင်ပြီး သူ့အနေနဲ့တော့ အဲဒီကိစ္စတွေကို သေချာမသိဘူးလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
"ရွှေတွင်းတွေမှာ တရုတ်ပညာရှင်နဲ့လုပ်ငန်းရှင်တွေ ပါဝင်"
စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ ရွှေတူးဖော်မှုတွေမှာ တရုတ်လုပ်ငန်းရှင်တွေ ပါဝင်မှု ပိုများလာပြီး ပြည်နယ်တစ်ဝန်း ရွှေတူးဖော်မှုရဲ့ ၁၉ ရာခိုင်နှုန်းကို တရုတ် လုပ်ငန်းရှင်တွေက ပါဝင်လုပ်ကိုင်နေကြတာလို့လည်း အစီရင်ခံစာမှာ ပါရှိပါတယ်။
တရုတ်လုပ်ငန်းရှင်တွေနဲ့ တရုတ်အလုပ်သမားတွေကို ရွှေကူ၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ချီဖွေနဲ့ တနိုင်း မြို့နယ်တွေမှာ အများဆုံးတွေ့ရတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကချင်ပြည်နယ် ချီဖွေမြို့အနီးက မေခမြစ်မှာလည်း အကြီးအကျယ် ရွှေတူးဖော်တာတွေ ရှိနေပြီး အာဏာသိမ်းပြီးနောက် ပိုများလာတာတွေ့ရတယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ချီဖွေဒေသခံတစ်ဦးက RFA ကို ပြောပါ တယ်။
"ချီဖွေမှာကျတော့ ဒီအာဏာသိမ်းပြီးတဲ့နောက်မှာ ဒီရွှေတူးဖော်မှုပေါ့နော်။ သယံဇာတ တူးဖော်မှုနဲ့ ပတ်သက်ပြီးတော့ ပိုပြီးတော့ ဆိုးဆိုးရွားရွားရှိလာတာပေါ့။ ဒီမေခမြစ်မှာဆိုရင်လည်း အရင်တုန်းက မတူးတဲ့နေရာ မြို့နဲ့ အရမ်းကပ်တဲ့နေရာမှာ စက်ကြီးတွေနဲ့ သူတို့ တစ်ခါတည်း တူးကြတာပေါ့နော်။ အဲလို အာဏာသိမ်းပြီးတော့ သယံဇာတ တူးဖော်မှုက ပိုပြီးတော့ များပြားလာတယ်"
အဲဒီရွှေတူးဖော်မှုမှာ လုပ်ငန်းရှင်တွေနဲ့ ပညာရှင်တွေက တရုတ်တွေဖြစ်တယ်လို့ သူကပြောပါတယ်။ ချီဖွေမြို့နယ်မှာ မြေရှားသတ္တု တူးဖော်တွေလည်း ပိုများလာနေတယ်လို့ ဆိုပါတယ်။ ကချင်ပြည်နယ်မှာ မြေရှားသတ္တု တူးဖော်မှုကလည်း အရင်ကထက် ပိုမိုများပြားလာပြီး တရုတ်အစိုးရ အကောက်အခွန်ဌာနရဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလထုတ်ပြန်ချက်အရ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့တဲ့ မြေရှားသတ္တုတန်ဖိုးဟာ အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်က အမေရိကန်ဒေါ်လာ ၃၈၇ သန်းသာ ရှိခဲ့ပေမယ့် ၂၀၂၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်၊ ၂၀၂၂ ခုနှစ်မှာ သန်း ၆၀၀ ကျော် အထိရှိခဲ့ပါတယ်။
"ကျောက်စိမ်း စည်းကမ်းမဲ့ထုတ်လုပ်မှုများ"
ကျောက်စိမ်းကဏ္ဍမှာလည်း အာဏာသိမ်းပြီးနောက် စည်းကမ်းမဲ့တူးဖော်တာတွေ ပိုများလာသလို အရင်က မတူးဖူးသေးတဲ့ ဒေသခံတွေရဲ့မြေတွေအထိ ဖိအားပေး ဖယ်ရှားခိုင်းပြီး တူးဖော်လာတာတွေကိုလည်း တွေ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
"အခုအချိန်ကတော့ ဉပဒေဆိုတာလည်းမရှိဘူး။ စည်းဘောင်ဆိုတာလည်းမရှိတော့ စည်းမျဉ်းစည်းကမ်းဆိုတာလည်းမရှိတော့ဘူး။ အဲခါကျတော့ ပိုပိုပြီးပျက်စီးသွားတယ်ပေါ့"
ဖားကန့်ဒေသမှာတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စည်းဝါးလွတ် တူးဖော်တာတွေ တွေ့လာနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အာဏာမသိမ်းခင်ကတည်းကတော့ ဒီ ဖားကန့်ဒေသ သယံဇာတ တူးဖော်တဲ့နေရာတွေ ကတော့ လုံးဝ ဆုံးရှုံးတဲ့ ပျက်စီးတဲ့အနေအထားတော့ရှိပြီ။ အခုဒီအာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာကတော့ နည်းနည်းပါးပါး လက်ကျန်လေးတွေ ကျန်တာကို ပိုပြီး ပြည့်စုံ သွားအောင် ပိုပြီး ဖျက်ဆီးလိုက်တာပေါ့။ တစ်နိုင်တစ်ပိုင်တွေရော၊ စက်ယန္တရားတွေရော အရင်ကတော့ နည်းနည်း စက်ယန္တရားများတယ်ဆိုပေမယ့် ဒီ သူ့စည်း၊ သူ့ဘောင် အတိုင်း နိုင်ငံတော်က ချမှတ်ထားတဲ့ စည်းဘောင်အတိုင်း လုပ်ကြတာက လုပ်ကြတာပေါ့။ အခုအချိန်ကတော့ ဉပဒေဆိုတာလည်းမရှိဘူး။ စည်းဘောင် ဆိုတာလည်းမရှိတော့ စည်းမျဉ်းစည်းကမ်းဆိုတာလည်းမရှိတော့ဘူး။ အဲခါကျတော့ ပိုပိုပြီးပျက်စီးသွားတယ်ပေါ့"
အာဏာသိမ်းပြီးနောက် ဖားကန့်ကျောက်စိမ်းမှော်က မှော်မုံ၊ စဘော့၊ ဖားပြင်၊ နမ့်မှော်၊ သာယာ ကုန်း၊ မလောင်၊ ဆန်ခါ၊ ကုဋေ အစရှိတဲ့ကျေးရွာတွေဟာ ကျောက်စိမ်းတူးဖော်ဖို့ ဖိအားပေးခံလာရတဲ့အတွက် ပြောင်းရွှေ့လိုက်ရတယ်လို့လည်း သူကပြောပါတယ်။
အစိုးရက တရားဝင်ခွင့်ပြုပေးခဲ့တဲ့ ဖားကန့် ကျောက်စိမ်းတူးဖော်မှု အားလုံးက ၂၀၂၁ ဇွန်လမှာ သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်တာကြောင့် လက်ရှိ တူးဖော်မှုအားလုံးက တရားမဝင် တူးဖော်နေကြတာဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တနိုင်းမြို့နယ်က ပယင်းတူးဖော်မှုကလည်း အရင်ကထက်တောင် ပိုပြီး စည်းကားလာတယ်လို့ ပြောပါတယ်။
"သယံဇာတထုတ်မှု အမြန်ထိန်းသိမ်းဖို့လို"
Kachin State Accountability Resource Governance (K-SAG) အဖွဲ့ရဲ့ သုတေသန ဦးဆောင်သူ ဒေါ်အဲလစ် ကတော့ သယံဇာတတွေနဲ့ပတ်သက်လို့ သက်ဆိုင်သူတွေက မြန်မြန်ထိန်းသိမ်းဖို့ လိုအပ်နေပြီလို့ RFA ကိုပြောပါတယ်။
"မြန်မြန်ထိန်းသိမ်းမှရမယ်။ မြန်မြန် စီမံမှရမယ်။ ဥပမာ စကစက ကျွန်တော်တို့ လုပ်ပါတယ်လို့ပြောရင် အခုလို ပိုက်ဆံပဲမဟုတ်ဘူးပေါ့နော်။ အဲလိုပဲ KIA ကလည်း ပတ်ဝန်းကျင် အလေးထားမှုနဲ့ပတ်သက်ပြီး အလေးထားပါတယ်ပြောရင် ပါးစပ်နဲ့ပဲ ထားတာမဟုတ်ဘူးပေါ့နော်။ လက်တွေ့ မှာလည်း လုပ်ဖို့လိုတယ်။ ဘာကြောင့်လဲ ဆိုတော့ အစိုးရ တစ်ရပ်အနေနဲ့ နေတဲ့ပုဂ္ဂိုလ်တိုင်းနဲ့ ဆိုင်တဲ့ဉစ္စာလို့မြင်တယ်။ ပြည်သူကတော့ သူတို့ ကာကွယ်ချင်နေတာ။ ဒါပေမဲ့ လက်တွေ့မြေပြင်မှာ ကိုယ်ထူ ကိုယ်ထ မလုပ်နိုင်တဲ့အခါ အရင်ကိုယ်ထူကိုယ်ထ လုပ်ပြီး လည်ပတ်နေတဲ့ စက်ကွင်းတောင် အခုဖျက်ဆီးခံနေရတဲ့ အနေအထားဖြစ်တော့ ပြီးရင် သူတို့ ကိုယ်တိုင်လည်း လယ်မြေပျက်စီး သူတို့ရဲ့နုန်းတင်မြေနု စိုက်ပျိုးတဲ့နေရာတွေ ပျက်စီးတာကို ကာကွယ်ဖို့ လက်ရှိလိုလားနေကြတယ်"
အမြန်မထိန်းသိမ်းရင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုက ပိုပြီးဆိုးရွားသွားနိုင်တယ်လို့ သူက သတိပေးပါတယ်။
ကချင်ပြည်နယ်မှာ တရားမဝင်သယံဇာတ တူးဖော်မှုတွေများနေပေမယ့် ကချင်ပြည်နယ် သတ္တုတွင်း ဦးစီးဌာနက အခွန်ကောက်ခံရရှိတဲ့ စာရင်းတွေအရ ၂၀၂၀ ခုနှစ်မှာ ကျပ်သန်း ၅၀၀ ကျော် ကောက်ခံရ ရှိခဲ့ပေမယ့် ၂၀၂၁-၂၀၂၂ ခုနှစ်မှာ - ၂၃၈ သန်း နဲ့ ၂၀၂၂- ၂၀၂၃ ခုနှစ်မှာ ကျပ် ၃၂၅ သန်းသာ ကောက်ခံရရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။