လျှပ်စစ်ကား၊ ရထားတွေပြေးဆွဲဖို့ ဗိုလ်ချုပ်မှူးကြီးပြောဆိုမှု စိတ်ကူးယဉ်သက်သက်လား

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံတဝန်းလုံးမှာ လျှပ်စစ်ရထားတွေနဲ့ လျှပ်စစ်ကားတွေနဲ့ ပြေးဆွဲရမှာဖြစ်တယ်လို့ အောက်တိုဘာလ ၂၅ ရက်နေ့က နေပြည်တော် အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

နေပြည်တော်မှာ အောက်တိုဘာ ၁၉ ရက်နေ့က ကျင်းပတဲ့ အစည်းအဝေး တက်ရောက်လာတဲ့ အာဏာသိမ်းစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ Photo: Myanmar Military

အာဏာသိမ်းစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်မှာ အောက်တိုဘာ ၂၅ ရက်နေ့က ကျင်းပတဲ့ အစိုးရ အဖွဲ့အစည်းအဝေးမှာ အခုလိုပြောခဲ့ပါတယ်။

“တနိုင်ငံလုံး လျှပ်စစ်ရထားလမ်းနဲ့ဆွဲရပါလိမ့်မယ်။ တနိုင်ငံလုံး လျှပ်စစ်ရထားနဲ့ပြေးပါမယ်။ မြို့ပေါ်မှာသုံးတဲ့ကားတွေဟာ လျှပ်စစ်ကားတွေ ဖြစ်ရပါလိမ့်မယ်။ ကျနော်တို့ တွက်ချက်နေတယ်။ အချိန်တခုပြီးရင် အဲဒါကိုကြေညာပါမယ်။”

“ဒီတိုင်းပြည်မှာ ခုမီးပျက်နေတဲ့ကိစ္စတွေတောင် မဖြေရှင်းနိုင်သေးပဲနဲ့ ဘယ်လိုမျိုး လျှပ်စစ်ထုတ်ဖို့အရာတွေ ဆောင်ရွက်နိုင်မှာလဲ“

အရင်ကလည်း အလားတူ မြန်မာနိုင်ငံမှာ မြေအောက်ရထားလမ်းတွေ ကားလမ်းတွေဖောက်မယ်လို့ စစ်ခေါင်းဆောင်က ပြောခဲ့ဖူးပါတယ်။ မင်္ဂလာဒုံ စစ်ဆေးတက္ကသိုလ်မှာ စိတ်ပညာ၊ လက်ထောက်ကထိကအဖြစ် ထမ်းဆောင်နေရာကနေ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ဒီမိုကရေစီရရှိရေး လှုပ်ရှားနေသူတွေနဲ့ ပူးပေါင်းခဲ့တဲ့ ဗိုလ်ကြီး ကျော်သီဟ ကတော့ အခုလိုပြောဆိုချက်တွေကို ထောက်ရှုပြီး ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ပုံမှန်မဟုတ်တဲ့ စိတ်ဖြစ်စဉ် အခြေအနေတခုကို ရောက်ရှိနေတယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

“လက်ရှိအခြေအနေနဲ့ ကင်းကွာပြီးပြောနေတဲ့စကားတွေ၊ သူပြောနေတဲ့စကားတွေဟာ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ဘယ်လိုမှမျှော်လင့်လို့မရနိုင်တဲ့ စကားတွေကို သူစိတ်ကူးယဉ်ပြီး ပြောနေတယ်။ ကျနော်တို့ စိတ်ပညာမှာသုံးတဲ့ Fantasy Thinking ဆိုတာ ရှိတယ်။ ကိုယ့်စိတ်ထဲမှာ ဖြစ်ချင်တဲ့အရာတွေကို တွေးပြီး ပျော်မွေ့နေတတ်တဲ့ သဘောပေါ့လေ။ စိတ်ပညာမှာ Defense Mechanism ဆိုတာ ရှိပါတယ်။ လူက ကိုယ့်ကိုယ်ကို ပြန်ပြီး လိမ်ညာနေတဲ့ သဘောပေါ့နော်။ အခြေအနေကတော့ ဆိုးနေပြီ။ ဒါပေမယ့် မဆိုးသေးပါဘူးဆိုပြီး ကိုယ့်ကိုကိုယ် လိမ်ညာတဲ့ စိတ်ဖြစ်စဉ်ထဲကို ရောက်နေသလားလို့ ကျနော် ထင်ပါတယ်။”

နော်ဝေနိုင်ငံရောက် မြန်မာ့အရေးလေ့လာသူ ဒေါက်တာ မောင်မောင်မြင့်ကတော့ အခုလိုပြောဆိုချက်ဟာ စိတ်ကူးယဉ်တခုဖြစ်နိုင်သလို ကိုယ်ကျိုးစီးပွားနဲ့ဒွန်တွဲနေတဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ ရည်ရွယ်နေတာလည်း ဖြစ်နိုင်တယ်လို့ ဝေဖန်ပါတယ်။

“မင်းအောင်လှိုင် ခုလိုပြောတဲ့ကိစ္စက ဒီအတိုင်းကြည့်မယ်ဆိုရင်တော့ သူ့မှာ ပေးစရာပိုက်ဆံလဲမရှိ ကုန်ကျစရိတ်ကိုလဲ တတ်နိုင်တာမဟုတ်ဘဲနဲ့ ပြောနေတယ်ဆိုတော့ ဒါက စိတ်ကူးယဉ်အိပ်မက်တွေ သဘောမျိုးသက်ရောက်တာပေါ့။ ဒါပေမဲ့ သူ့စိတ်ထဲတခု ရှိနိုင်တာက တကယ်လို့များ အခြေအနေကောင်းလာရင် တရုတ်ပြည်ကနေ လျှပ်စစ်ဓာတ်နဲ့ မောင်းတဲ့ကားတွေ အဲဒီလိုမျိုး စက်ရုံတွေ ဗမာပြည်ကို သွင်းပြီးတော့များ သူ့ရဲ့အကျိုးစီးပွားလဲ ပါမှာပေါ့နော်... ဖက်စပ်ကုမ္ပဏီလုပ်ဖို့များ စိတ်ကူးရှိလားမသိဘူး။ ဒါကလည်း ဖြစ်နိုင်ခြေတခုလို့ ကျနော်မြင်တယ်။ ဘာပဲပြောပြော ခုလို အခြေအနေ တိုင်းပြည်ကို အကြမ်းဖက်ပြီး အုပ်ချုပ်နေတာတောင်မှ အုပ်ချုပ်လို့မရဘူး စီးပွားကလဲ တအားပျက်နေပြီ၊ နိုင်ငံ့အခြေအနေကလဲ တအားဆိုးနေတဲ့ ကာလမျိုးမှာ သူ့ကို ကိုယ့်တိုင်းပြည်ကလဲ အသိအမှတ်မပြု၊ တခြားတိုင်းပြည်ကလဲ အသိအမှတ်မပြုဆိုတဲ့ အနေအထားမျိုးမှာ ဒီစကားတွေ ပြောနေတာဆိုတော့ လူတွေရဲ့အမြင်မှာတော့ စိတ်ကူးနဲ့ရူးနေတဲ့ဆိုတဲ့ သဘောမျိုးပဲ ရှိမယ်လို့ ကျနော်မြင်တာပဲ”

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသိန်းအောင်မြင့်ကလည်း ဒါတွေဟာ ကျဆုံးမှုကို ဖုံးကွယ်တဲ့ လုပ်ရပ်တွေပါပဲလို့ ပြောပါတယ်။

“ဒီတိုင်းပြည်မှာ ခုမီးပျက်နေတဲ့ကိစ္စတွေတောင် မဖြေရှင်းနိုင်သေးပဲနဲ့ ဘယ်လိုမျိုး လျှပ်စစ်ထုတ်ဖို့အရာတွေ ဆောင်ရွက်နိုင်မှာလဲ။ နိုင်ငံတကာမှာလည်း ကျဆုံးတယ်။ ပြည်တွင်းမှာလည်း ကျဆုံးတယ်။ သူ့ရဲ့တပ်တွင်းထဲမှာလည်း ပြန်ပြီးသူ့ကို ထောက်ခံနေတဲ့သူတွေပေါ်မှာ သူယုံကြည်မှု ပြန်ပြီး တည်ဆောက်နေဖို့အတွက် လှည့်ဖြားနေတဲ့စကားလုံး သူပြောနေတယ်လို့ ကျနော်တော့ မြင်တယ်။ အမှန်တော့ သူတကယ်ကို ကျဆုံးနေတာ အားလုံးအမြင်ပဲ။ တိုင်းပြည်စီးပွားရေးလည်း ချွတ်ခြုံကျနေတယ်။ ကိုဗစ်ကာလတွေလည်း အားလုံးအမြင်ပဲ မထိန်းချုပ်နိုင်ဘူး။ လူပေါင်းများစွာ အသက်ပေးခဲ့ရတယ်။ ဒါတွေပေါ်မှာ သူက နိုင်ငံတကာအမြင်မှာ ကြည့်ကောင်အောင်လုပ်ပြနေတာ။ တပ်ထောက်ခံပွဲတွေ အတင်းဇွတ်လုပ်တာတွေက သူ့ရဲ့ကျဆုံးနေတာတွေကို ဖုံးကွယ်နေတယ်လို့ အဲလိုပဲ ကျနော်မြင်တယ်”

အခုလို စကားတွေကို အာဏာသိမ်းစစ်ခေါင်းဆောင်က မကြာခဏပြောနေချိန်မှာ မြန်မာပြည်ရဲ့ စီးပွားရေးဟာ ကမ္ဘာပေါ်မှာ အနိမ့်ဆုံးကို ကျဆင်းနေပြီး စစ်ကောင်စီကို စီးပွားရေးအရ ပိုမိုဖိနှိပ်ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ အမေရိကန်ဦးဆောင်တဲ့ ကမ္ဘာ့နိုင်ငံတွေက စီစဉ်ဆောင်ရွက်နေတဲ့ သတင်းတွေကို စဉ်ဆက်မပြတ် ကြားနေရကြောင်းပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org