ခေတ်သစ်ပြည်သူ့စစ် သို့မဟုတ် ပျူစောထီးအဖွဲ့တွေရဲ့ သရုပ်မှန်
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းလို ဒေသတွေမှာ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို ဖိနှိပ်သတ်ဖြတ်တဲ့ ပျူစောထီးအဖွဲ့တွေ အသီးသီးပေါ်လာပါတယ်။
- 2022-02-17
-
-
-
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းလို ဒေသတွေမှာ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို ဖိနှိပ်သတ်ဖြတ်တဲ့ ပျူစောထီးအဖွဲ့တွေ အသီးသီးပေါ်လာပါတယ်။
ဒီအဖွဲ့တွေကို စစ်ကောင်စီတပ်တွေက လက်တွေ့ စစ်သင်တန်းပေးထားတဲ့အပြင် စစ် လက်နက်ပါ တပ်ဆင်ပေးထားတဲ့အတွက် ပျူစောထီးအဖွဲ့တွေဟာ အာဏာရှင်ဆန့် ကျင်ရေးလှုပ်ရှားသူတွေကို ဖမ်းဆီးသတ်ဖြတ်ခွင့်၊ ပစ္စည်းလုယူခွင့်နဲ့ ကျေးရွာတွေကို ဖျက်ဆီးခွင့်ရနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုယ့်ကိုယ်ကိုယ် ပျူစောထီးလို့ အမည်ပေးထားတဲ့ စစ်တပ်ထောက်ခံသူတွေဟာ စစ်ကောင်စီအတွက် သတင်းပေးတာအပြင် ကျေးရွာတွေထဲဝင်ရောက်ပြီး အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ဒေသခံတွေရဲ့ပစ္စည်းတွေကို သိမ်းယူတာနဲ့ တချို့ကျေးရွာတွေကို ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးတာတွေအထိ လုပ်ဆောင်လာတယ်လို့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက ကိုယ်တွေ့ကြုံသူတွေက ပြောကြပါတယ်။
ပျူစောထီးအဖွဲ့မှာ ပါဝင်သူတွေဟာ စစ်တပ်ကိုထောက်ခံတဲ့ အမျိုးသားရေးလှုပ်ရှားသူတွေ၊ စစ်မှုထမ်းဟောင်းတွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေက အများစုဖြစ်တယ်လို့ မကွေးတိုင်း ဂန့်ဂေါဒေသခံ ကိုစိုးလေး က RFA ကို ပြောပါတယ်။
“သူတို့က အခု သင်တန်းတွေပေးနေတယ်။ ရွာတွေမှာကို အခိုင်အမာ ဘန်ကာတွေ ဆောက်ပြီးနေကြတယ်။ စက်လက်နက်တွေတောင်မှ ချပေးထားတဲ့သဘောရှိတယ်ဗျ။ မြောက်ခရမ်းတို့ ကုက္ကားတို့ ဟံသာ၀တီတို့ အရှေ့အလယ်ကြီးတို့ ကျောက်ပြုတ်တို့ဗျ၊ အဓိကထိုင်ထားတာကတော့ ဟံသာ၀တီနဲ့ မြောက်ခရမ်းရွာမှာ ထိုင်ပေးထားတယ်။ ပျူစောထီး အားကောင်းတဲ့ရွာတွေက ကျနော်တို့ ဂန့်ဂေါမြို့နယ်မှာ အကြီးဆုံးရွာတွေ ဖြစ်နေတယ်။ အဓိကကတော့ ကြံ့ခိုင်ရေးပါတီက လူတွေ များတယ်ဗျ။ ရွာတွေကို စစ်ကြောင်းတွေနဲ့ ပါလာပြီးတော့မှ ပစ္စည်းတွေယူတာတို့ ကျွဲနွားတွေသတ်ပြီး ယူသွား တာတို့ တချို့ဆို FAW ကားတွေနဲ့ လာပြီးတော့ကို နွားတွေကို တင်သွားတာတွေရှိတယ်။ အင်အားနည်းတဲ့ရွာတွေကို တအားဖိတာ၊ ကျနော်တို့ရွာလို စည်းလုံးညီညွတ်တဲ့ရွာတွေ ဆို သူတို့ တအားကြီးတော့ မကပ်ဘူးပေါ့၊ ဒါပေမဲ့ သူတို့အင်အားသာတဲ့အချိန်မှာ ဝင်မှာ စိုးရိမ်ရတယ်”
ပျူစောထီးတွေ လက်ရှိကိုင်နေတဲ့ သေနတ်တွေထဲမှာ ကျည်ငါးတောင့်ထိုး သေနတ်မျိုး အပြင် အေကေသေနတ်နဲ့ အူဇီသေနတ်တွေပါ တွေ့ရတယ်လို့လည်း ကိုစိုးလေးက ဆိုပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ်ဟောင်း ဦးလှဆွေ ခေါ် ဘူးလက်လှဆွေရဲ့ အဆက်အသွယ် ကြောင့် မြောက်ခရမ်းလို ရွာမျိုးမှာ ပျူစောထီးတွေ အားကောင်းလာပြီး သူတို့နဲ့ နိုင်ငံရေး သဘောထားကွဲသူတွေ မလုံခြုံတော့ဘူးလို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုလုပ်တဲ့သူတွေ ဖမ်းဖို့တွေ သတင်းပေးတာတွေ ဒလန်လုပ်တာတွေ ဘာတွေရှိတယ်။ အဲဒီကတဆင့် စစ်တပ်နဲ့ပေါင်းပြီး အခြေခံစစ် သင်တန်းတွေ တက်ပြီးတော့ သူတို့ကိုယ်တိုင်က လက်နက်တွေကိုင်ပြီး ပြည်သူတွေကို ဖိနှိပ်တဲ့နေရာတွေမှာ စစ်တပ်နဲ့ပေါင်းပြီး လုပ်တာတွေဘာတွေရှိလာတာပေါ့။ အဲလို မျိုးတွေကြောင့် ပျူစောထီးလို့ ခေါ်တာပေါ့။ ဒီဂန့်ဂေါနယ်မှာကတော့ ဘူးလက်လှဆွေ တို့ သူတို့ရဲ့ အချိတ်အဆက်တွေ အဆက်အသွယ်တွေက တော်တော်ကောင်းတယ်လို့ ပြောရမှာပေါ့။ မြောက်ခရမ်းလိုရွာဆိုရင် ဘူးလက်လှဆွေရဲ့ အဆက်အသွယ်တွေ များတဲ့အခါကျတော့ ပျူစောထီး အားကောင်းတာပေါ့။ သူတို့ရွာတွေ ဖြတ်ပြီးတော့ သွားတဲ့ လမ်းခရီးတွေဆိုရင် ပြည်သူတွေအတွက် ဘယ်လိုမှမလုံခြုံဘူး။ ကျနော်တို့ အတွက်လည်း မလုံခြုံဘူးဆိုတော့ လျှော့တွက်လို့တော့မရဘူးပေါ့”
စစ်ကောင်စီဟာ သူတို့ကိုထောက်ခံတဲ့ ပျူစောထီးတွေကို အသုံးချပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောထားတဲ့ ပြည်သူ့စစ်စနစ်ကို အကောင်အထည်ဖော်နေတာလို့လည်း သူက ဆိုပါတယ်။
ဖေဖော်ဝါရီလ ၂ ရက်နေ့ကပြုလုပ်တဲ့ စစ်ကောင်စီရဲ့ဆွေးနွေးပွဲမှာ နိုင်ငံသားတိုင်း စစ်မှုထမ်းရမယ့်ဥပဒေကို တစ်နှစ်အတွင်း ပြဋ္ဌာန်းနိုင်အောင် လုပ်ဆောင်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့တာပါ။
စစ်မှုမထမ်းမနေရဥပဒေကို အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၁ဝ ခုနှစ် ကတည်းက ရေးဆွဲထားတာဖြစ်ပေမယ့် လက်တွေ့ကျင့်သုံးခြင်း မရှိတာကြောင့် ၂၀၁၁ ခုနှစ် ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက မေးခွန်းထုတ်ခဲ့ဖူးပါတယ်။
ဒီမေးခွန်းကိုပဲ အဲဒီကာလက ရှေ့နေချုပ်ဖြစ်တဲ့ ဦးအေးမောင် က လိုအပ်တဲ့အချိန်မှာ ဒီဥပဒေကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်ဖို့ ပြဋ္ဌာန်းထားတာလို့ ပြန်ဖြေခဲ့ဖူးပါတယ်။
လက်ရှိအချိန်မှာ ပြည်တွင်းသောင်းကျန်းသူတွေရှိလာလို့ ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့စည်းရ တာလို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
“၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးကတည်းကအတိုင်း ပြည်တွင်းသောင်းကျန်းမှု ရှိလာတယ်။ ပြည်တွင်းသောင်းကျန်းမှုရှိလာတော့ ကျနော်တို့က ပြည်သူ့စစ် (ဌာနေ) ဖွဲ့စည်းတာ ပြည်သူ့စစ် ဖွဲ့စည်းတာတွေ ဆောင်ရွက်ရပါတယ်။ သောင်းကျန်းသူရှိတဲ့ နေရာတွေမှာ သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့တွေမှာတော့ အခက်အခဲတချို့ရှိတယ်။ တချို့နေရာတွေမှာတော့ မရှိပါဘူး။ ပြည်သူ့စစ်ထဲကနေမှ အသွင်ပြောင်းသွားတဲ့အဖွဲ့ တွေရှိခဲ့တယ် သမိုင်းမှာ မှန်ပါတယ်၊ ဒါပေမဲ့ အများစုကတော့ အသွင်ပြောင်းတာ မရှိပါဘူး။ တပ်မတော်နဲ့ပဲ လက်တွဲဆောင်ရွက်တာတွေ၊ ပြီးရင်တော့ လက်နက်ဖြုတ် သိမ်းတာတွေ လုပ်တာတော့ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့အနေနဲ့ စည်းကမ်းစနစ်တကျ ဆောင်ရွက်လျက်ရှိတယ်လို့ပဲ ပြောချင်ပါတယ်”
ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ လက်ရှိအချိန်အထိ ပျူစောထီးအဖွဲ့မရှိဘဲ ပြည်သူ့စစ် အဖွဲ့သာရှိပြီး၊ ဒါကလည်း စစ်မှုထမ်းဥပဒေနဲ့ မသက်ဆိုင်ဘူးလို့ ငြင်းပါတယ်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက အခုလို ငြင်းဆိုနေပေမယ့် အာဏာသိမ်းပြီး တစ်လကျော်အကြာ ၂၀၂၁ ခုနှစ် မတ်လ ၅ ရက်နေ့မှာပဲ ပျူစောထီးအဖွဲ့ကို မန္တလေးမြို့မှာ လျှို့ဝှက်ဖွဲ့စည်းခဲ့ တယ်လို့ ပျူစောထီးအဖွဲ့ (ဗဟို) က မေလ ၁၅ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲဒီအဖွဲ့မှာ စစ်တပ်ကို တစ်ချိန်လုံးအားပေးထောက်ခံလာတဲ့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့လို့ အမည်ပေးထားတဲ့ မဘသ အဖွဲ့ဝင်တွေနဲ့ စစ်မှုထမ်းဟောင်းတွေ ပါဝင်ပါတယ်။
ဒါပေမဲ့ ဘယ်မြို့နယ်တွေမှာ ထပ်မံဖွဲ့စည်းပြီး တစ်နိုင်ငံလုံးမှာ ပျူစောထီးအဖွဲ့ပေါင်း ဘယ်နှစ်ဖွဲ့လာက်ရှိနေပြီလဲဆိုတာကို RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အာဏာသိမ်းပြီးတဲ့နောက် စစ်အာဏာရှင်ကို ခုခံသူမှန်သမျှကို အနီးကပ်ချေမှုန်းဖို့နဲ့ ပြည်သူချင်း ရန်တိုက်ပေးဖို့အတွက် စစ်တပ်က ပျူစောထီးအဖွဲ့တွေကို လက်နက် တပ်ပေးထားတာလို့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ပုလဲနယ်မှာ ပျူစောထီးစခန်း သဘောမျိုး သင်တန်းပေးနေတာ အင်မထီးရွာရှိတယ်၊ ဇီးဖြူကုန်းရွာရှိတယ်၊ ဒီရွာတွေကလည်း ၂၀၁၂ ရွေးကောက်ပွဲ ကာလကတည်းက ပြည်ခိုင်ဖြိုး အားကောင်းတဲ့ ရွာတွေပါပဲ။ စစ်ကောင်စီက ရှုံးသွားရင်တောင် တဘက်က ပြည်သူချင်း ရန်တိုက်ပေးဖို့ရာအတွက် ပျူစောထီးဆိုတာကို လက်နက်တပ်ဆင်ပေး ထားတဲ့ အနေအထားတစ်ခုရှိတယ်။ အဲဒီသင်တန်း တက်ထားတဲ့လူအချို့နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့က ဆိုးဆိုးရွားရွားကတော့ လက်တွေ့ မင်းတိုင်ပင်ရွာအနီး ချုပ်စပ်မှာ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကပဲ ပြည်သူသုံးဦးကို လုံး၀ ရက်ရက်စက်စက် သတ်သွားတယ်။ နောက်ပြီးတော့ အဲဒီ မင်းတိုင်ပင်ကျေးရွာမှာရှိတဲ့ ရွှေဆိုင်တွေ အဝတ်အထည်ဆိုင်တွေ ဖုန်းဆိုင်တွေ စျေးတွေ အကြောင်းမဲ့ပေါ့ လာရောက်ပြီးတော့ကို ဖျက်ဆီးသတ်ဖြတ်သွားတဲ့ အနေအထားတွေရှိတယ်”
အလားတူ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အားကောင်းတဲ့ ရွာတွေမှာလည်း ပျူစောထီးအဖွဲ့တွေ ဖွဲ့စည်းထားပြီး၊ အာဏာရှင်ကိုဆန့်ကျင်တဲ့ အနီးအနားရွာတွေရဲ့ ပိုင်ဆိုင်မှုတွေကိုပါ လုယက်နေတယ်လို့ လုံခြုံရေးအရ ရွာအမည် မဖော်ပြလိုတဲ့ ခင်ဦးဒေသခံက RFA ကို ပြောပါတယ်။
“ကျနော်တို့ ခင်ဦးမြို့နယ်မှာဆိုရင်တော့ ပျူစောထီးကျေးရွာ လေးရွာရှိတယ်။ အရင် တုန်းကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အားကောင်းခဲ့တဲ့ရွာတွေပါ။ မကျည်းတုံ၊ မဒေါင်လှ၊ ပျဉ်ထောင် ဆိုတဲ့ရွာတွေကတော့ အခြေခံစစ်သင်တန်းတွေ ဘာတွေ ပေးတယ်။ ရွာသစ်ကုန်း တစ်ရွာလည်း တပ်စွဲခံရတယ်။ ပျူတွေဟာ အများဆုံးကတော့ ကြံ့ခိုင်ရေး ပါတီဝင်တွေပါ။ သူတို့ရိက္ခာပြတ်တယ်၊ ငွေလိုတယ် သူတို့အချိန်မရွေးဝင်ပြီးတော့ စီးနင်းပြီးတော့ အနီးအနားရွာမှာရှိတဲ့ ပြည်သူတွေရဲ့ စပါးတွေကအစ ကားတွေနဲ့ သယ်ပြီး တိုက်ထုတ်ပြီးရောင်းတာ။ အနီးအနားရွာတွေရဲ့ ပိုင်ဆိုင်မှုကိုတော့ သူတို့ အမြဲတမ်း နိုင်ထက်စီးနင်းယူဆောင်တာ ခိုးတာမျိုးတွေက အမြဲတမ်းလုပ်နေကျပါ”
ပျူစောထီးအဖွဲ့ဝင်တွေဟာ စစ်တပ်နဲ့ ဝေးနေချိန်မှာ သာမန်ဒေသခံတွေလိုပဲ နေထိုင်ပြီး ရွာတွေကို စစ်ကြောင်းလာတဲ့အချိန်မှာတော့ စစ်တပ်ကို သတင်းပေးတာ၊ ကိုယ်တိုင် လိုက်ပါပြီး ဒေသခံတွေအပေါ် နှိပ်စက်အနိုင်ကျင့်တာတွေ လုပ်ဆောင်နေတာလို့ ခင်ဦးဒေသခံက ဆိုပါတယ်။
"စစ်ကောင်စီက ရှုံးသွားရင်တောင် တဘက်က ပြည်သူချင်း ရန်တိုက်ပေးဖို့ရာအတွက် ပျူစောထီးဆိုတာကို လက်နက် တပ်ဆင်ပေးထားတဲ့ အနေအထားတစ်ခုရှိတယ်"
ပျူစောထီးအဖွဲ့ဝင်အများစုဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေဖြစ်တယ်၊ ပြည်သူကို အနိုင်ကျင့်နှိပ်စက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် ကို RFA က မေးမြန်းရာမှာ ပျူစောထီးနဲ့ ကြံ့ခိုင်ရေးပါတီ ဆက်စပ်နေမှု ရှိ မရှိဆိုတာကို သူအတိအကျ မသိဘူးလို့ ငြင်းဆိုပါတယ်။
ဒါပေမဲ့ တစ်ဦးကိုတစ်ဦး ကာကွယ်ဖို့လိုလာရင် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို ဥပဒေနဲ့အညီ ကျင့်သုံးဖို့ ပါတီဝင်တွေကို မှာထားတယ်လို့ ဒေါက်တာ နန္ဒာလှမြင့် က ပြောပါတယ်။
“ပါတီကတော့ရှင်းတယ် အကြမ်းဖက်လုပ်ရပ်ကို လုံး၀အားမပေးဘူး။ လက်နက်စွဲကိုင် ပြီး အပြစ်မဲ့ပြည်သူတွေ စာသင်ကျောင်းတွေ အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်နေ တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လုံး၀အားမပေးဘူး။ (၂) အချက်ကတော့ ဒီလိုအကြမ်း ဖက်လုပ်ရပ်တွေ ဆောင်ရွက်နေတဲ့အပေါ်မှာလည်း ကျနော်တို့သည် နိုင်ငံရေးပါတီ အဖွဲ့အစည်းဖြစ်တဲ့အတွက် လက်နက်ကိုင်ပြီးတော့မှ ပြန်လည်ပြီးတော့မှ တုံ့ပြန်ဖို့က ကျတော့ ပါတီနိုင်ငံရေးဖြစ်တဲ့အတွက် ဥပဒေနဲ့အညီပဲ ကျင့်ကြံနေထိုင်ကြဖို့ လမ်းညွှန် ထားတယ်။ သို့သော် မိမိလုံခြုံရေး သတိနဲ့ နေထိုင်သွားလာနေကြဖို့နဲ့ တစ်ဦးကိုတစ်ဦး ကာကွယ်ဖို့ ဖြစ်ပေါ်လာပြီဆိုရင်လည်း ဝိုင်းဝန်းကူညီကြဖို့၊ နောက်တစ်ခါ ဥက္ကဋ္ဌကြီး ပြောခဲ့တာရှိတယ် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို ဥပဒေနဲ့အညီ ကျင့်သုံးကြဖို့ ဒါပဲ ”
မကွေးနဲ့ စစ်ကိုင်းတိုင်းမှာရှိတဲ့ ဒေသခံတွေကတော့ ပျူစောထီးအဖွဲ့ဝင်တွေဟာ စစ်မှုထမ်းဟောင်း၊ ရဲမှုထမ်းဟောင်း၊ စစ်တပ်ကိုထောက်ခံသူတွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုကြပါတယ်။
စစ်တပ်မှာ ပြည်သူ့စစ် အကောင်အထည်ဖော်ရေး စီမံကိန်းဆိုတာ တလျှောက်လုံးရှိခဲ့ပြီး တိုင်းပြည်မှာ လက်နက်ကိုင်ခုခံမှုတွေ ဖြစ်လာတိုင်း စစ်တပ်က အဲဒီအဖွဲ့တွေကို အသုံးချ လေ့ရှိတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က မှတ်ချက်ပေးပါတယ်။
“စစ်တပ်မှာကိုက ပြည်သူ့စစ်အကောင်အထည်ဖော်ရေး စီမံကိန်းဆိုတာ တလျှောက်လုံး ရှိခဲ့တာပါ၊ ဒါပေမဲ့ တိုင်းဒေသကြီးတွေမှာ လက်နက်ကိုင်တိုက်ပွဲ မရှိတဲ့အခါကျတော့ အရင်တုန်းကရှိပေမဲ့ အဲဒီအဖွဲ့အစည်းတွေက ပေါ်ပေါ်လွင်လွင်လှုပ်ရှားတာ သူတို့အခန်း မရှိဘူးပေါ့ဗျာ။ အဓိကအားဖြင့်တော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရှိတဲ့ နယ်မြေတွေမှာပဲ ပေါ်ပေါ်လွင်လွင် ဖွဲ့စည်းလှုပ်ရှားတာ၊ ဒါပေမဲ့ အခုကာလမှာတော့ အထူးသဖြင့် စစ်ကိုင်းတိုင်းတို့ မကွေးတိုင်းတို့မှာက PDF တွေရဲ့ တိုက်ပွဲတွေ အရှိန် အဟုန်မြင့်လာတဲ့အခါကျတော့ သူတို့ အရင်တုန်းက လျာထားတဲ့ ပြည်သူ့စစ်တွေ အဲဒီအင်အားစုတွေကို ပြန်ပြီးတော့ ဖော်ထုတ်လာတာလို့ ကျနော်တို့ကမြင်ပါတယ် ”
စစ်ကောင်စီကိုသာ အမြစ်ပြတ်တော်လှန်နိုင်ရင် အကျိုးစီးပွားကြောင့် ပါဝင်နေတဲ့ ပြည်သူ့စစ်ဆိုတဲ့အဖွဲ့တွေကိုလည်း နှိမ်နင်းပြီးသားဖြစ်သွားမယ်လို့ ဦးသန်းစိုးနိုင်က ပြောသွားပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးစ ဝန်ကြီးချုပ်ဦးနု လက်ထက်ကတည်းက ပျူစောထီး အဖွဲ့ဆိုတာရှိခဲ့ပြီး အစိုးရကိုဆန့်ကျင်သူတွေကို နှိပ်ကွပ်ခဲ့တယ်၊ အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ အိမ်စောင့်အစိုးရလက်ထက်မှာ ဖျက်သိမ်းခဲ့တယ်လို့လည်း ဦးသန်းစိုးနိုင်က ဆိုပါတယ်။
လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်မှာတော့ ပြည်သူ့စစ်အမည်ခံနဲ့ တစ်ကျော့ပြန် ထွက်ပေါ်လာတာဖြစ်ပါတယ်။
ပျူစောထီးတွေကို လက်နက်တပ်ဆင်ထားတာဟာ အိမ်ကြက်ချင်း အိုးမဲသုတ်တဲ့ ပုံစံ ဖြစ်ပေမဲ့ ယုံကြည်ချက်အပြည့်နဲ့ ဆင်နွှဲနေတဲ့ လူထုတော်လှန်ရေးကိုတော့ ထိခိုက်မှာ မဟုတ်ဘူးလို့ ယင်းမာပင်မြို့မှာ လှုပ်ရှားနေတဲ့ မြောက်ယမား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်က RFA ကို ပြောပါတယ်။
“စစ်ကောင်စီက ဒီပျူစောထီးတွေကို လက်နက်တပ်ဆင်ပေးနေတာဟာ အိမ်ကြက်ချင်း အိုးမဲသုတ်တဲ့ ပုံစံမျိုးဖြစ်တာပေါ့။ ဒီပြည်သူ့ခုခံကာကွယ်ရေးတပ်ဖွဲ့တွေကို အိမ်ကြက် ချင်း အိုးမဲသုတ်တာပဲဖြစ်ဖြစ် ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တာပဲဖြစ်ဖြစ် ဘယ်လို နည်းလမ်းတွေနဲ့လုပ်လုပ်ပေါ့၊ ကျနော်တို့ရဲ့တော်လှန်ရေးက ကျရှုံးသွားမှာ မဟုတ်ပါဘူး။ တော်လှန်ရေး လုပ်ဆောင်နေတဲ့ အရာတွေက လက်လျှော့မှာ မဟုတ်ပါဘူး။ ဒီအကြမ်း ဖက်စစ်ကောင်စီကို ကျနော်တို့ကတော့ တွန်းလှန်နေမှာပဲ။ ဒီပျူစောထီးနဲ့ ပတ်သက် ပြီးတော့ ကျနော်တို့ ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ စိုးရိမ်စရာတော့မရှိပါဘူး ”
လက်ရှိ ပျူစောထီးအဖွဲ့ဝင်တွေဟာ စစ်ကောင်စီကို ဆန့်ကျင်သူတွေနဲ့ သပိတ်ခေါင်းဆောင် တွေရဲ့ စာရင်းတွေကိုပြုစုပြီး စစ်တပ်ကို သတင်းပေးတာအပြင် တဘက်ကလည်း ဒလန်လို့ စွပ်စွဲခံရသူတွေ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ မပါဝင်သူတွေနဲ့ စစ်မှုထမ်းဟောင်း မိသားစုဝင်တွေကို ကာကွယ်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့တွေ ပေါ်လာတာဟာ အာဏာသိမ်းပြီးတဲ့နောက် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို စစ်တပ်ထောက်ခံသူတွေနဲ့ ပြန်တိုက်ခိုင်းတဲ့ စစ်တပ်ရဲ့ နည်းဗျူဟာတစ်ခုဖြစ်ပြီး၊ စစ်တပ်ကျောထောက်နောက်ခံပေးမှုကြောင့် ပျူစောထီးအဖွဲ့ တွေဟာ ပြည်သူလူထုအပေါ် ဖိနှိပ်သတ်ဖြတ်ခွင့်နဲ့ ပြည်သူတွေရဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်မှု တွေကို လုယက်ခွင့်ရနေတယ်လို့ ဒေသခံတွေနဲ့ PDF တပ်ဖွဲ့ဝင်တွေက ဝေဖန်ပြောဆို ကြပါတယ်။